Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျေးကျေးပါ ညေးတို့ရေ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျေးကျေးပါ ညေးတို့ရေ

(မိုးမခ) ဇွန် ၂၈ ၊ ၂၀၂၄


နောက်ဆုံးတော့ ဘုန်းကြီးသတ်တာလည်း ဒူးတုပ်ရ၊ ရိက္ခာဂိုဒေါင်ဖောက်တာလည်း အရူးလုပ်မရနဲ့ ဘီလူးစုတ်မကြင်စိုး စင်ကျိုးတော့ လင်ခိုးတာပါမိရော။

ကျုံးတော်ပတ်လည်မှာ မန်းပီဒက်က အဇမ်းအပီနှက်နေပါတယ်ဆိုမှ မန်းတိုင်းမှူးနဲ့အပေါင်းအပါတွေက အင်္ဂလန်ပို့ဖို့လုပ်တာ သိလိုက်လို့၊ နို့မို့ဖြင့် မတွေးရဲစရာ သွေးရွှဲမှာ။ စောက်ရူးလည်း ကြောက်ဒူးတွေတုန် တိုင်းမှူးတွေမြင် ရင်ခုန်စိတ်လှုပ်ရှား နသားပယားဖုတ်လေမလားနဲ့ ကုပ်တွေယားရော့မယ်။ 

တော်သေး၊ ရှမ်းနှစ်ဖွဲ့က အချင်းချင်းဖဲ့နေကြလို့ သက်သာရာရနေသေးတာ။ စိုင်းစိုင်းတို့ရေ ကျေးကျေးနော်တဲ့။ ချင်းတဖွဲ့ကတော့ အချင်းချင်း ဖဲ့နေရာက ပြန်ဆုတ်သွားလို့ ဂုတ်ကျားတွေ မဟောင်နိုင်ပြန်ဘူး။ ချင်းမှာက A ကနေ Zထိ အဖွဲ့စုံနဲ့ တကယ့်ဗုံတီး မီးပုံပွဲလုပ် ဖုတ်လိုက် ကင်လိုက် ခေါင်ရည်လေးကျိုက် ဆိုလိုက် ကလိုက် ဆိုတော့ မကြာခင် ချင်းပြည်စို့အောက်မယ့်ကိန်း။ 

အခြေအနေကတော့ AA ကလဲ အမ်းကို အန်းတော့မယ့်ကာလ။ ဒေါနတောင်ခြေမှာလည်း လျှောသမျှကောင်တွေချည်း။ မြစ်ကြီးနားကလည်း နေ့လားညလား။ အခင်းမသာပြီ တနင်္သာရီ။ ကရင်နီမှာ ဖျင်အသနီကွာ။ အညာမြေမလဲ မသာတွေ နေ့စဉ်နဲ့အမျှ ငှက်ပျောတုံး မရှိလို့ မုန့်ဟင်းခါးတောင် မချက်နိုင်တော့တဲ့ဘွ။ ပဲခူးရိုးမကလည်း တမျိုးပြီးတမျိုး မရိုးရ ထိုးသမျှ စစ်ကြောင်း ခေတ်ပြောင်း ဂေါင်းပစ်ခံ‌ရ။ ရန်ကုန်ညတွေကလည်း မိုင်းတွေနဲ့ ဖိုင်း။ ဒလန်တိုင်း ဧရာဝတီတောင် သေနာတွေ သေလာပြီဆိုတဲ့ သမယမှာ ဖျာအောင်ခမ်းထီလေးကိုလဲ ကျေးကျေးပါ၊ စစ်သားလဲပေး ငွေကြေးလဲကူ ပအိုဝ်းတောင်သူ မှီနိုင်ရိုးလားဆိုတဲ့အထိ အားပါးတရကူတဲ့အတွက်ပေါ့။ တကယ်ပါ၊ ထိုင်းရောက်နေသူတွေတောင် ပြန်ခေါ်ပြီး စစ်မှုထမ်းခိုင်းပေးသေးတာ။ ပြည်မမှာ စစ်မှုထမ်းရှာရတာက ဘုရားလောင်း ရှာရတာထက် ခက်လာပြီဆိုတော့ မိန်းကလေးတွေပါဖမ်း စစ်မှုထမ်းခိုင်းရတဲ့အခြေမှာ ပအိုဝ်းတွေက အားအကိုးကြီးကိုးရတာ။ 

ပအိုဝ်းတွေကလည်း အစိုးရမင်းများက ဘုရားဒကာ ဖျာအောင်ခမ်းထီကိုများ လာတွေ့ပလားဆို ငါတို့ ဘုရားဒကာကြီးကို လာကန်တော့တာ၊ ဂါရဝလာပြုတာ၊ အကြံဉာဏ်လာတောင်းတာချည်း‌ ပြောပြော ဂုဏ်ဆာကြတာ၊ အမှန်က လာလာခိုင်းတာလေ။ အဘိုးကြီးရဲ့ မလိမ့်တပတ် ပိုင်ဆိုင်မှုတွေက အသက်နဲ့မမျှ တေဇတောင် ခြေမစုပ်ရမယ့်အဆင့်ဆိုတော့ ဗိုလ်ချုပ်တွေက ပြောင်းလေးဝင့်ဝင့်ပြရင် မချင့်မတွေး ပအိုဝ်းတမျိုးသားလုံး အသင့်ပေးရတာ မသိရှာကြဘူး။ 

ခုဆို ပအိုဝ်းဒေသတခုလုံး ဖွာလန်ကျဲ။ အိမ်တိုင်း အိမ်တိုင်း ဆက်ကြေး‌ပေးရတာနဲ့ ထွက်ပြေးရတာနဲ့ အသက်ပေးရတာနဲ့ ရတက်မအေး ဖြစ်လာရပြီလေ။ ပအိုဝ်းအမွေ ကျောင်းကန်တွေလည်း ဗြောင်းဆန်နေ။ ဆန်ဆို လက်နက်ကြီးနဲ့ထုဖြို မပြိုသေး လေကြောင်းက ဗုံးကြဲပေးဆိုတော့ ခိုင်းသမျှ မဆိုင်းမတွ လုပ်ပေးနေရရှာတာကို မသိကြဘူး။ ဒီအခြေအနေကနေ ရုန်းမထွက်ရဲအောင် ကရင်နီနဲ့ပါ လူမျိုးလိုက် ရန်တိုက်ပေးထားခံရသေးတာ။ ပအိုဝ်းဇော်မဲလုံးလို့ ခေါ်တဲ့ စန်းအောင်လို ကြောင်တောင်တောင်ကောင် မဟုတ်တရုတ် ပြောတာတွေ လုပ်ကြံဇာတ်လမ်းတွေ ယုံပြီး လူရောဘုန်းကြီးရော ဆူးပုံနင်းရုံမက မီးပုံပါ ဆင်းမိရက်သားဖြစ်နေကြပြီ။ 

ရိုတွေကိုလည်း ကျေးပါတယ်နော်။ ဂျီနိုဆိုက်ထားတာတောင် မနာရက်ဘဲ ရက်တိုသေနတ်ကိုင်သင်တန်းနဲ့ အသက်ကို အပြတ်အပိုင်လှူဒါန်းတာ ကျေးကျေးဘာတဲ့။ 

လိမ္မာယဉ်ကျေး မဘသလေးတွေကိုလဲ ကျေးပါတယ်ဒဲ့။ နဂိုလိုမထောင်း၊ ရိုနဲ့ပေါင်းလဲ အကောင်းမြင်။ ဘုန်းကြီးသတ်လဲ အမြတ်ထင်။ ဘုရားဖြိုလဲ အလကားအပိုမို့ဗျင်း ရှင်းသင့်လို့ရှင်းတာဘဲဆိုပြီး အရင်လိုမကျဉ်း ဂလိုဘယ်စာရင်းတောင် ဝင်လာပြီမို့ သားသားတို့ရေ ကျေးကျေးဘာဒဲ့ကွာ။ မှောက်နေတဲ့သပိတ်လေး ပြန်လှန်ပေးရင် ပိုလို့တောင် ကျေးအုံးမှာဘာဒဲ့။ 

ဝရှိရက်နဲ့ ဝိမလုပ်တဲ့ ဝကိုယ်တော်ကြီးကိုလဲ ပူဇော်မြဲဘာဒဲ့။ ဝိ မလုပ်လို့ လက်အုပ်ချီဘာဒယ်။ ခုခြေနေမှာ ဝကိုယ်တော်ကြီးသာ ဝိထလုပ်ရင် တုတ်ပြတ် တပ်ပြုတ်ပြီး ဝိညာဉ်လေးတွေ လေမှာလွင့်နေတယ်လေး ငါလေးဆိုပြီး တေးသီနေရမှာမို့ ကျေးအကြီးကြီးဘာဒဲ့။ 

စစ်အာဏာရှင်စနစ်ကြီး သက်ဆိုးရှည်ရေး အဘက်ဘက်က ကူညီပေးကြတဲ့ ညေးတို့အားလုံး ကျေးကျေးနော်။ အောင်မြင်တဲ့တနေ့ အရင်ထက်ပိုပြီး နှိပ်စက်ပေးပါ့မယ်၊ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်တာလို့ ဗမာစကားပုံ ရှိသမို့လား။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar