Breaking News

သုံးစွဲမှုငွေကြေးအရ မလွတ်မြောက်သေးတဲ့ လွတ်မြောက်နယ်မြေတွေ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၆ မြင်ကွင်း

(မိုးမခ) ဇွန် ၇၊ ၂၀၂၄

သုံးစွဲမှုငွေကြေးအရ မလွတ်မြောက်သေးတဲ့ လွတ်မြောက်နယ်မြေတွေ

၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ၈ လ ခန့်အကြာ ပြန်ငဲ့ကြည့်ရင် စစ်ရေးအရ မြို့ ၅၀ ကျော်ကို တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG/ PDF တို့က သိမ်းပိုက်ထားနိုင်ခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် အရှေ့ဘက်၊ မြောက်ဘက်၊ ချင်းပြည်နယ်က မြို့အချို့၊ ကရင်နီပြည်၊ ရခိုင်ပြည်နယ်တွေမှာ မြို့နယ် အဆင့်ရှိတဲ့မြို့တွေနဲ့ တိုက်နယ်အဆင့်မြို့တွေကို သိမ်း ယူထားပြီး အုပ်ချုပ်ရေးတွေ ဒေသအလိုက် ဖော်ဆောင်နေကြတာလည်း တွေ့ရပါတယ်။ ကချင်ပြည်နယ်မှာ လွယ်ဂျယ်လို နယ်စပ်ကုန်သွယ်ရေးစခန်းကို သိမ်းယူခဲ့သလို၊ ရှမ်းမြောက်မှာ ချင်းရွှေဟော်၊ ကရင်နီပြည်မှာ မဲ့စဲ နဲ့ ချင်းပြည်နယ် အိန္ဒိယနယ်စပ် ရိဒ်ခေါဒါတို့လို နယ်စပ်ကုန် သွယ်ရေးစခန်းတွေလည်း ပါဝင်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံနဲ့ အဓိက ကုန်သွယ်မှု လမ်းကြောင်းမြို့ဖြစ်တဲ့ မူဆယ်ကိုတော့ သိမ်းယူထားနိုင်ခြင်း မရှိသေးဘဲ၊ မူဆယ်အစား ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကိုတော့ မြောက်ပိုင်းညီနောင် လက်နက်ကိုင် အဖွဲ့တွေက သိမ်းယူထားတာ တွေ့ရပါတယ်။ ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ် ရေးစခန်းမြို့ မြဝတီကိုတော့ ထိန်းချုပ်နိုင်သလို ဖြစ်ခဲ့ပေမယ့် လက်တွေ့မှာ နယ်ခြားစောင့်တပ်အဖွဲ့ နဲ့ အမည်ပြောင်းအဖွဲ့ဖြစ်တဲ့ စောချစ်သူ ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က အဓိက ထိန်းချုပ်ထားတဲ့ သဘောလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

အချို့မြို့တွေကို တိုက်ခိုက်သိမ်းယူရာမှာ မြို့တွေမီးလောင်ပျက်စီးပြီး မီးမလောင်သည့်တိုင် နေ အိမ်တွေမှာရှိတဲ့ ပစ္စည်းတွေ ဖောက်ယူသယ်ဆောင်ခံရတာတွေ ရှိခဲ့သည့်တိုင် မြို့တွေ သိမ်းယူ ရရှိခြင်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG/PDF တွေအဖို့ စစ်ရေး နိုင်ငံရေးအရ အောင်မြင်မှုကြီးတခု ဖြစ်ပါတယ်။ မြို့တွေ သိမ်းယူရရှိစဥ် အချို့မြို့တွေမှာ အစိုးရဘဏ်နဲ့ ပုဂ္ဂလိကပိုင် ဘဏ်တွေဆီက ငွေကြေးတွေကိုလည်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တော်လှန်ရေး ရန်ပုံငွေအဖြစ် သိမ်းယူခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တာပါ။ ကောလင်းမြို့ သိမ်းတိုက်ပွဲအတွင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF အဖွဲ့က ပုဂ္ဂလိကဘဏ် ၅ ဘဏ်ကနေ ကျပ်ငွေ ၄၄ ဘီလီယံ သိမ်းယူရရှိခဲ့တာ ဖြစ်ပါတယ်။ 

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ နယ်မြေ၊ မြို့တွေကို သိမ်းယူပြီးနောက်မှာ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး စတာအပိုင်းတွေကို မြန်မြန်ဆန်ဆန် စီမံခန့်ခွဲကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ငွေကြေး၊ ဘဏ္ဍာငွေဆိုင်ရာတွေကိုလည်း အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်မှု အာဏာရရှိပြီးနောက် တတွဲတည်း ဆက်လက်စီမံခန့်ခွဲကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စဥ်းစားဆွေးနွေးလိုတဲ့ အကြောင်းအရာတခုက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်သွားတဲ့ နယ်မြေတွေမှာ ဘယ်လို ငွေကြေးစနစ်ကို သုံးစွဲနေကြသလဲ၊ နိုင်ငံရေး စစ်ရေး၊ အုပ်ချုပ်ရေးအရ လွတ်မြောက်သွားသော်လည်း ငွေကြေးသုံးစွဲမှုအရ ဘဏ္ဍာရေးအရ လွတ်မြောက်နေပြီလား၊ စစ်ကောင်စီက စီမံထိန်းချုပ်ထားတဲ့ ငွေကြေးဖြစ်တဲ့ ကျပ်ငွေကို မလွှဲမရှောင်သာ သုံးစွဲနေရတဲ့ အနေအထားမှာ စီးပွားရေးအရ လွတ်မြောက်တယ်လို့ ယူဆနိုင်သလား ဆိုတဲ့အချက် ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေထဲက လောက်ကိုင်၊ ချင်းရွှေဟော်တို့လို အချို့သောဒေသတွေမှာတော့ ကျပ်ငွေ အပြင် တရုတ်နိုင်ငံရဲ့ ယွမ်ငွေကိုပါ တွဲပြီးသုံးစွဲနေကြတာရှိပြီး အဲလို နှစ်မျိုးလုံး သုံးစွဲနိုင်တဲ့ လွတ်မြောက်နယ်မြေဒေသတွေက များများစားစား မရှိကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ MNDAA ထိန်းချုပ်ရာ ကွမ်းလုံ၊ သိန္နီ တို့လိုမြို့တွေမှာတောင် တရုတ်နိုင်ငံ ယွမ်ငွေကိုပါ တွဲဖက် သုံးစွဲနိုင်ကြတဲ့ အနေအထားမတွေ့ရဘဲ AA ထိန်းချုပ်ထားပြီဖြစ်တဲ့ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝတို့လိုမြို့တွေမှာလည်း ကျပ်ငွေသာ သုံးစွဲနေကြတာ ဖြစ်ပါတယ်။ 

ဒီလို ကျပ်ငွေသုံးစွဲခြင်းက ဘာအကျိုးသက်ရောက်မှုတွေ ရှိနိုင်ပြီး “လွတ်မြောက်တဲ့ နယ်မြေဒေသ” ဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ခေါ်ဆိုမှုကို လျော့ပါးစေသလား ထိခိုက်စေသလားလို့ ပြန်လည်သုံးသပ်ကြည့်ရမယ့် အနေအထားရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။ နေပြည်တော်မှာ ရုံးစိုက်ထားတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေထားတဲ့ ကျပ်ငွေ၊ ပမာဏ ဘယ်ရွေ့ ဘယ်မျှ ထုတ်လုပ်မယ်ဆိုတာကို လက်ရှိ စစ်ကောင်စီ အစိုးရက ဗဟိုဘဏ်ကို ညွှန်ကြားပြီး ထုတ်လုပ်သုံးစွဲနေတဲ့ ကျပ်ငွေကို လွတ်မြောက် နယ်မြေတွေက အစဥ်အဆက် သုံးစွဲမှု အလေ့အထအတိုင်း ဆက်လက်လက်ခံသုံးစွဲနေကြရခြင်းဟာ ငွေကြေးဆိုင်ရာ အာဏာမှာ စစ်ကောင်စီက အတိုင်းအတာတခုထိ ဆက်လက်လွှမ်းမိုး ချုပ်ကိုင်ထားဆဲ ဆိုတဲ့ သဘောလို့ ဖွင့်ဆိုရင် မှားမယ် မထင်ပါဘူး။ 

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ကျပ်ငွေ တန်ဖိုးရုတ်တရက် ကျဆင်းတဲ့ ဖြစ်စဥ်တွေ၊ အကျိုးဆက်တွေက စစ်ကောင်စီ ထိန်းချုပ်နယ်မြေရော ၄င်းတို့ လက်လွှတ်ခဲ့ရပြီး မထိန်းချုပ်တော့တဲ့ နယ်မြေတွေမှာပါ အတူတူ သက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။ ငွေတန်ဖိုး ကျဆင်းမှုကြောင့် လုပ်ခလစာ တန်ဖိုး လျော့ကျသွားတာ၊ မိမိတို့ရဲ့ ငွေကြေးစုဆောင်းမှုနဲ့ ပိုင်ဆိုင်မှု တန်ဖိုးတွေ လျင်မြန်စွာ ကျဆင်းလျော့နည်းသွားတဲ့ အကျိုးသက်ရောက်မှုကို ကျပ်ငွေ သုံးစွဲနေတဲ့ ဒေသတိုင်း မြို့တိုင်းက လူထုအဖို့ သက်ရောက်ခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ 

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအားဖြင့် ဗဟိုထိန်းချုပ်မှု၊ အာဏာ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့ကြပေမယ့် ငွေကြေးသုံးစွဲမှုကဏ္ဍလိုမျိုးကို နေ့ချင်းညချင်း ဖယ်ရှားအစားထိုးဖို့ မလွယ်ကူတာ စီစဥ်ဆောင်ရွက်နိုင်ခြင်း မရှိသေးတာ တွေ့ရမှာဖြစ်ပါတယ်။ 

ငွေကြေးအားဖြင့် စစ်ကောင်စီက ဗဟိုဘဏ်ကတဆင့် ထိန်းချုပ် ထုတ်ဝေမှု ၊ ငွေကြေးအားဖြင့် ဗဟိုအစိုးရအနေအထားကို ချုပ်ကိုင်ထားဆဲဖြစ်တဲ့ အဖွဲ့အစည်းရဲ့ ဘတ်ဂျက်အသုံးစရိတ်တွေ၊ ငွေကြေးဖောင်းပွမှု အကျိုးဆက်တွေကို လွတ်မြောက်နယ်မြေတွေက ပြည်သူလူထုကလည်း မျှဝေခံစားနေကြရဆဲ ဖြစ်တာကို သတိမူမိကြပြီး ရေရှည်မှာ တစုံတရာ စီမံခန့်ခွဲမှုတွေ၊ လူထုအထိအခိုက်နည်းမယ့် နည်းလမ်း အဖြေတွေ ရှာဖွေကြံဆကြဖို့ လိုအပ်နေတာ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar