Breaking News

မိုးသစ်ဝေ - သူတို့တွေးခေါ်နေပုံက အင်တာနေရှင်နယ်မဆန်ဘူး

Art by Than Htay Maung

သူတို့တွေးခေါ်နေပုံက အင်တာနေရှင်နယ်မဆန်ဘူး
မိုးသစ်ဝေ
(မိုးမခ) ဇွန် ၁၂၊ ၂၀၂၄

ကမ္ဘာပေါ်မှာ နိုင်ငံပေါင်းစုံ အများကြီးရှိ 
ကိုယ့်နိုင်ငံပဲ ကိုယ်သိတယ် 
သူတို့တွေးခေါ်နေပုံက အင်တာနေရှင်နယ်မဆန်ဘူး။

ကိုယ့်အကျိုးစီးပွားထိရင် မီးပွင့်မယ် 
တခြားသူစီးပွားကျ တစက်မှမကြည့် 
သူတို့တွေးခေါ်နေပုံက အင်တာနေရှင်နယ်မဆန်ဘူး။ 

အင်တာနေရှင်နယ်သီချင်းကို ဆိုခဲ့ဖူးတယ် 
အင်တာနေရှင်နယ်သီချင်းကို မဆိုတော့ဘူး 
သူတို့တွေးခေါ်နေပုံက အင်တာနေရှင်နယ်မဆန်ဘူး။ 

သူ့ပြည်သူတွေက နှောင်ကြိုးများအောက်မှ လွတ်ခဲ့ပြီ 
တခြားပြည်သူတွေအတွက်ကျတော့ နှောင်ကြိုးတင်းသူတွေဘက်က အားပေးလို့ 
သူတို့တွေးခေါ်နေပုံက အင်တာနေရှင်နယ်မဆန်ဘူး။ 

သူ့ပြည်သူတွေက အငတ်ဘေးမှ လွတ်ခဲ့ပြီ 
တခြားပြည်သူတွေကိုကျတော့ ငတ်ဖူးသူချင်း စာနာစိတ်ကင်းလို့ 
သူတို့တွေးခေါ်နေပုံက အင်တာနေရှင်နယ်မဆန်ဘူး။ 

သူတို့က သာယာဝပြောမှုဆီ လမ်းဖောက်နေချိန်မှာ 
တခြားသူတွေကိုကျတော့ အကြွေးထောင်ချောက်ထဲချလို့ 
သူတို့တွေးခေါ်နေပုံက အင်တာနေရှင်နယ်မဆန်ဘူး။ 

၁၂၊ ဇွန်၊ ၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar