အကျိုးစီးပွားတူခြင်းနှင့် အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်ခြင်း - မဟာမိတ်များအကြားက ပဋိပက္ခ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၁ မြင်ကွင်း
(မိုးမခ) ဇွန် ၁၂၊ ၂၀၂၄
အကျိုးစီးပွားတူခြင်းနှင့် အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်ခြင်း - မဟာမိတ်များအကြားက ပဋိပက္ခ
နိုင်ငံရေးနှင့် စစ်ရေး အဖွဲ့အစည်းများအကြား ပွတ်တိုက်မှု၊ ပဋိပက္ခ ထိုမှတဆင့် ပိုမိုပြင်းထန်လာသည့် အနေအထား လက်နက်ကိုင် တိုက်ပွဲတွေအထိ ဖြစ်ပွားလေ့ရှိကြသည်မှာ ဒီနေ့ကာလ တော်လှန်ရေး အင်အားစုတွေအကြား သို့မဟုတ် အာဏာသိမ်း စစ်ကောင်စီနှင့် ၄င်း၏ မဟာမိတ် လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဖြစ်ပွားနိုင်သည့် ဖြစ်ပွားနေသည့် ပဋိပက္ခများ ဖြစ်သည်မှာ ငြင်းမရသည့် အနေအထားဖြစ်သည်။
ဒီနေရာတွင် ဘုံရန်သူ၊ မိတ်ဆွေ၊ မဟာမိတ် ၊ ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ကွန်ဖက်ဒရိတ်၊ စစ်အာဏာရှင်၊ ဘုံအကျိုးစီးပွား၊ အမျိုးသားရေးဝါဒ၊ တော်လှန်ရေး၊ ဖောက်ပြန်ရေး၊ ပဋိပက္ခ အစရှိသည့် သော့ချက်စကားလုံးတွေ ရှိနေကြပြီး ယင်းစကားလုံးများကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် တဖွဲ့နှင့် တဖွဲ့ ၊ တဦးနှင့်တဦး တူညီနိုင်ကြမည် မဟုတ်သလို တခါတရံ မသိမသာ ခပ်ပါးပါးသာ ကွဲလွဲမှုရှိနိုင်သကဲ့သို့ တခါတရံ သိသိသာသာ ထင်ရှားစွာ ကွဲပြား ခြားနားနိုင်ကြတာလည်း ဖြစ်သည်။ ဘယ်အဖွဲ့ကို ဘယ်ပုဂ္ဂိုလ်ကို ဘယ်လို အဓိပ္ပာယ်သတ်မှတ် ဖွင့်ဆိုသလဲ ဆိုသည့် အချက်တွင် မူတည်ကာ ရန်သူ၊ မိတ်ဆွေ၊ မဟာမိတ် စသဖြင့် ကွဲပြားသွားကြနိုင်သည့် သဘောလည်း ဖြစ်သည်။
ရှေးဦးစွာ နွေဦးတော်လှန်ရေး ဘယ်လို အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ကြသလဲ ဆိုသည့်မေးခွန်းကို စဥ်းစားကြည့်သည့် အခါ စစ်အာဏာသိမ်းမှု၊ ဆယ်စုနှစ်များစွာ ပြည်မအခြေပြု စစ်တပ်က နိုင်ငံရေးနယ်ပယ်တွင် ဦးဆောင်သူ အခန်းကဏ္ဍနှင့် အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍကို ရယူထားခြင်းကို အဆုံးသတ်ဖို့ ဖက်ဒရယ် ဒီမိုကရေစီဖြင့် ပြည်ထောင်စု ပြန်လည်တည်ဆောက်ကြဖို့ ရည်ရွယ်သည့် လက်နက်ကိုင် တော်လှန်မှု ကို ဆိုလိုသည်ဟု ယေဘုယျ ဆန်ဆန် ပြောဆိုကြလိမ့်မည် ထင်ပါသည်။
နွေဦးတော်လှန်ရေး တွင် စစ်ကောင်စီနှင့် ၄င်း၏ မဟာမိတ်လက်နက်ကိုင် အဖွဲ့များမှလွဲလျှင် မြန်မာနိုင်ငံမြေပေါ်ရှိ လက်နက်ကိုင် အဖွဲ့ အားလုံး ပါဝင်နေသလား ဆိုသည့် မေးခွန်းကလည်း မေးခွင့်ရှိသည့် မေးခွန်းတခု ဖြစ်နိုင်ပါသည်။ စစ်ကောင်စီသည် ဘုံရန်သူဟု ယေဘုယျအားဖြင့် သတ်မှတ်ထားကြပြီး အများစုကလည်း ယေဘုယျအားဖြင့် လက်ခံထားကြသည့် သဘောဖြစ်သည်။ ဘုံရန်သူဖြစ်ခြင်းက အင်အားကြီးသူ လက်ရှိအနေအထားအရ နယ်မြေ၊ သယံဇာတ၊ အချုပ်အခြာအာဏာ၊ နိုင်ငံတကာရဲ့ နိုင်ငံကိုယ်စားပြုမှုနေရာတွေကို ထိန်းချုပ်ထားသည့် အဖွဲ့ဖြစ်နေခြင်းကြောင့် ၄င်းကို ဆန့်ကျင်သည့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၏ ဘုံရန်သူဟုဆိုလျင် မှားမည်မထင်ပါ။
သို့ရာတွင် ဘုံရန်သူ၏ ဆန့်ကျင်ဘက်တွင် ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး တစုတစည်းထဲ ရှိကြသလား ဆိုသည့် မေးခွန်းလည်း ရှိနိုင်ပြီး အဆိုပါ မေးခွန်းနှင့် ဆက်စပ်ပြီး စဥ်းစားကြည့်လျင် ဘုံရန်သူ၏ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်းများ အကြားတွင်လည်း အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်မှုများနှင့် ပဋိပက္ခရှိနေနိုင်သည့် အချက်ပင်ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ မဟုတ်သည့် ဒေသအမည်၊ မြို့များ အပေါ်အခြေပြုဖွဲ့စည်းထားကြသည့် ပြည်သူ့ကာကွယ်ရေး PDF အဖွဲ့များ အကြား အကျိုးစီးပွား ဆန့်ကျင်ဘက်ဖြစ်မှုများနှင့် ပဋိပက္ခများ ဖြစ်တည်နေနိုင် ကြီးထွားလာနိုင်သည့် အနေအထား ဖြစ်နိုင်ခြေသည်လည်း အမြဲတမ်း ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအချင်းချင်းဟု ဆိုရာတွင် တိုင်းရင်းသား တမျိုးနှင့်တမျိုး ကွဲပြားသည့် လက်နက်ကိုင် အဖွဲ့များ၊ တိုင်းရင်းသားလူမျိုးချင်းတူသော်လည်း အဖွဲ့ကွဲပြားနေသည့် လက်နက်ကိုင် အဖွဲ့များဟု ထပ်မံခွဲခြမ်းစိတ်ဖြာ နိုင်သည့် သဘောတွေ့ရပြီး ဥပမာအားဖြင့် ကရင်လက်နက်ကိုင် အဖွဲ့များ အနည်းဆုံး ၄ ဖွဲ့မှ ၅ ဖွဲ့အထိ ရှိသလို၊ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့၊ မွန်လက်နက်ကိုင် ၂ ဖွဲ့ထက်ပိုရှိသလို၊ ချင်းလက်နက်ကိုင်အဖွဲ့လည်း မျိုးနွယ်စုအလိုက် မြို့အလိုက် အဖွဲ့ တဒါဇင်နီးပါး ရှိကြသည်ကို တွေ့ရမည် ဖြစ်သည်။
အဆိုပါ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအကြား မည်သည့်အရာပေါ် မူတည်ပြီး မဟာမိတ်၊ မိတ်ဆွေ အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြသလဲ၊ အကူအညီပေးအပ်ခြင်းနှင့် ရရှိမှုအပေါ်တွင်လား၊ နိုင်ငံရေး ရပ်တည်ချက် မူဝါဒ၊ အနာဂတ်ပန်းတိုင် မျှော်မှန်းချက်၊ တော်လှန်ရေး နည်းလမ်း တူညီမှု၊ နယ်မြေ ဒေသအတွင်း လူသစ် စုဆောင်းခြင်း၊ သယံဇာတ ထုတ်ယူခွင့်၊ အခွန်ကောက်ခံခွင့်တို့ ဆိုင်ရာ အကျိုးစီးပွားခြင်း ပဋိပက္ခမဖြစ်ခြင်း စသည့် အချက်များပေါ်တွင် မူတည်ကာ သတ်မှတ်ထား ကြခြင်းမျိုးလား ဆိုသည့် မေးခွန်းလည်း ပေါ်ထွက်လာနိုင်သည့် အနေအထား ဖြစ်သည်။
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် အဆိုပါ စစ်ရေး အုပ်ချုပ်ရေး ဆိုင်ရာ အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်မှုတွေ ဖြစ်ပေါ်နေပြီး တဖွဲ့နှင့် တဖွဲ့ ပွတ်တိုက်မှု သို့မဟုတ် တိုက်ခိုက်မှုတွေ အထိ ဖြစ်နိုင်သည့် (အသေးအမွှား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး) အနေအထားလည်း ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် မဟာမိတ် အချင်းချင်း အကြားက ပဋိပက္ခဆိုသည်ကို ဖြေရှင်းနည်းက ရန်သူနှင့် ဖြစ်ပွားသည့် ပဋိပက္ခကို ဖြေရှင်းပုံမျိုးမဟုတ်ဟု ဆိုလေ့ရှိကြသည်။ အဆိုပါ အချက်က ယေဘုယျ အားဖြင့် မှန်ကန်ပါသည်။ သို့ရာတွင် လက်တွေ့ ဘယ်လို ဖြေရှင်းကြမလဲ၊ မူဝါဒအပေါ် အခြေခံ ဖြေရှင်းကြမှာလား၊ အင်အား အရွယ်အစား အကြီးအသေး ပေါ်အခြေခံ ဖြေရှင်းကြမှာလား ၊ ဆွေးနွေးမှု ဖြင့်မပြေလည် ခဲ့ပါက ကြားဝင်ဖြေရှင်းမည့် ဒိုင်လူကြီးသဖွယ် အဖွဲ့အစည်းရော ရှိနေကြသလား၊ ဖြေရှင်းဆောင်ရွက်သည့် လမ်းညွှန်အချက်များ ရှိကြသလား စသဖြင့် မေးစရာ မေးခွန်းတွေလည်း ရှိနေပါသည်။
လက်နက်ကိုင် အဖွဲ့အစည်းများထဲတွင် အစုအဖွဲ့ငယ် မဟာမိတ်အဖွဲ့တွေ ထပ်မံဖွဲ့စည်းထားပြီး အဆိုပါ အဖွဲ့ရဲ့ ကြားဝင် ဖြေရှင်းမှုက ထိရောက်နိုင်သလားဟုလည်း တွေးစရာ ရှိလာသည်။ ဥပမာအားဖြင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ ဖက်ဒရယ်နိုင်ငံရေးဆွေးနွေးမှုနှင့် တိုင်ပင်မှုဆိုင်ရာ ကော်မတီ၊ FPNCC ၊ 7 EAO Alliance ကဲ့သို့အဖွဲ့၊ ချင်းပြည်နယ်တွင် ချင်းလန်းကောင်စီ၊ ချင်းညီနောင် အဖွဲ့တို့ ဖြစ်ကြသည်။ အဖွဲ့တခုနှင့် တခု ရည်ရွယ်ချက်ချင်း ပေါ်ထွက်လာပုံခြင်း အလုပ်လုပ်ပုံချင်း မတူညီကြသော်လည်း ယေဘုယျအားဖြင့် ဆိုလျှင် တဖွဲ့ထက်ပိုသော မဟာမိတ်အဖွဲ့များ ဟုဆိုနိုင်မည် ဖြစ်သည်။
မဟာမိတ်များ အကြားက ပဋိပက္ခကို ကြားဝင်ဖြေရှင်းနိုင်ရေးတွင် တခါတရံ လူမျိုးစုတခုအတွင်း ဖြစ်ပွားသည့် ပြဿနာများကို အခြားသော လူမျိုးစု အဖွဲ့အစည်းက ဝင်ရောက်ဖြေရှင်းပေးခြင်းက အကျိုးစီးပွား တုပ်နှောင်မှု လွတ်ကင်းခြင်း impartial အနေအထား ရှိသည်ဟု ဆိုကောင်းဆိုနိုင်ပါသည်။ သို့သော်လည်း ကြားဝင် ဖြေရှင်းပေးမည့် အဖွဲ့အစည်းက ဖြေရှင်းရမည့် ပြဿနာ၊ ပဋိပက္ခ၏ အတိမ်အနက်ကို နားလည် သဘောပေါက်ဖို့တော့ လိုအပ်မှာ ဖြစ်သည်။
လက်နက်ကိုင်အဖွဲ့တွေ အကြားက ပဋိပက္ခများကို အခုလို စကားပြောဆို ဆွေးနွေးခြင်း ဖြင့်သော်လည်းကောင်း ဒီမိုကရေစီနှင့် ဖက်ဒရယ် မူဝါဒတို့ကို အခြေခံ၍ မဖြေရှင်းလျှင် သော်လည်းကောင်း မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခ၊ စစ်ပွဲတွေ ဆုံးခန်းတိုင်ဖို့ ငြိမ်းချမ်းမှုရဖို့ အလှမ်းဝေးကွာ နိုင်သည်ကိုလည်း လျစ်လျူရှု၍ မရသည်မှာ သေချာသည့် အချက်ဖြစ်ပါသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar