အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၄ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၄ )
(မိုးမခ) ဇွန် ၁၁ ၊ ၂၀၂၄
11/6/24
Diary in the darkness
မီးလာချိန် တရက် ၈ နာရီကျော်။ ဖုန်းအားသွင်းဖို့ အချိန်ရ။ ထမင်းချက်ဖို့ နည်းနည်းအဆင်ပြေလာတယ်။ အင်တာနက်က ဖွတ်ချက် ဖွတ်ချက် ပိုဖြစ်လာ။
ရွှေဆိုင်တွေနဲ့ ရွှေကုန်သည်တွေ ဖမ်းဆီးအရေးယူတာဟာ ပုဂ္ဂလိကဘဏ်တွေ ပြိုကွဲမှု စတင်တော့မယ့် နိမိတ်လက္ခဏာဖြစ်တယ်လို့ စီးပွားသမားတွေက ခန့်မှန်းပြောကြားနေကြတယ်။
ရွှေနဲ့ ဒေါ်လာကို အစိုးရက ထိန်းချုပ်လိုက်ပြီနောက် အရောင်းအဝယ်တွေ အလွန်နှေးကွေးသွားတယ်။ ရန်ကုန် အိမ်ငှား ဈေးတက်သွားတယ်။ အာဏာမသိမ်းမီက တစ်လ တသိန်းခွဲ ပေးရတဲ့ တိုက်ခန်းကို အခု နှစ်သိန်းခွဲ၊ သုံးသိန်းပေးနေရပြီ။ နယ်က စစ်ရှောင်တွေ ရန်ကုန်ပြောင်းလာ၊ ငွေဖောင်းပွမှုကလည်းကြီးမား ဆိုတော့ အစစ အရာရာ ဈေးတက်လာတာ သဘာဝပဲလေ။ ကန်စွန်းရွက် တပင်ကို နှစ်ရာနီးပါး၊ ဘဲဥ တလုံး ငါးရာ၊ ကြက်ဥတစ်လုံး လေးရာ။
ကုန်ဈေးနှုန်း တက်ပေမယ့် လူ့အသက်တွေက ဈေးကျ။
မနေ့က ရခိုင်မှာ စစ်ရှုံးလို့ ထွက်ပြေးလာတဲ့ ရဲနဲ့ စစ်တပ် မိသားစုတွေကို စစ်ကောင်စီ ကမ်းတက်ယာဉ်က မကယ်တင်ဘဲ လိုက်လံပစ်ခတ်တဲ့ ဗီဒီယိုဖိုင်တွေ တက်လာတယ်။ ကလေးတွေ၊ မိန်းမတွေ စက်လှေမှောက်ပြီး ပင်လယ်ကမ်းစပ်မှာ အလဲလဲအပြိုပြိုဖြစ်နေပုံက စစ်ကောင်စီရဲ့ ရခိုင်စစ်မျက်နှာမှာ မရှုမလှ ရှုံးနိမ့်နေတယ်ဆိုတာ သက်သေခံနေပါတယ်။ ဒီဗီဒီယိုကလစ်ကို စစ်ကောင်စီတပ်သားတွေကပဲ လူမှုကွန်ရက်ပေါ် တင်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူ့ရဲ့ ညံ့ဖျင်းမှုတွေကို အမှန်အတိုင်း ဖော်ပြနေတဲ့ လူမှုကွန်ရက်တွေကို ဖြတ်တောက်ပိတ်ဆို့ဖို့ကြိုးစားနေရတယ်။
Facebook ကြည့်တဲ့အခါ VPN ကို အသုံးပြုရင် ထောင်ဒဏ် တစ်နှစ်က သုံးနှစ်ထိကျခံရမယ် ဆိုတဲ့ အမိန့်တွေ ထုတ်လာတယ်။ ဥပဒေတွေ ရေးဆွဲလာတယ်။ အမိန့်သစ်တွေ၊ ဥပဒေအသစ်တွေ ထုတ်ပြီဆိုတာနဲ့ စစ်ကောင်စီရဲ့ အကျင့်ပျက်ဝန်ထမ်းတွေက စားပေါက်ထွင်တော့တာပါပဲ။ အောက်ခြေဝန်ထမ်းတွေက လမ်းမတွေပေါ်မှာ ခရီးသည်တွေရဲ့ ဖုန်းတွေကို စစ်ပြီး ငွေညှစ်လာတယ်။ ရတဲ့ငွေနဲ့ စစ်အရာရှိကြီးတွေ ပူဇော်တယ်။ ဒီလိုနဲ့ စစ်ကောင်စီဘက်သားတွေ သက်ဆိုးရှည်နေတာပါ။
နှောင်ကြိုးတန်လန်းနဲ့ အသက်လု ပြေးနေရတဲ့ မြန်မာပြည်သူတွေကတော့ နိုင်တကာ လူသားချင်းစာနာမှုကို မရဲတရဲ မျှော်နေကြတယ်။ နိုင်ငံတကာက အခွင့်ရေးသမားတွေကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပါပဲ။
အန်ကယ် တူမီး
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
x