Breaking News

မောင်တူး - ၉၀ ရွေးကောက်ပွဲကတိနဲ့ ၂၀၂၁ ရွေးကောက်ပွဲကတိဖျက်ခြင်း


၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကတိဖျက်ခဲ့သည့်
ထိုစဉ်က အာဏာသိမ်းစစ်ခေါင်းဆောင် စောမောင် မဲပေးနေခဲ့ပုံ
၉၀ ရွေးကောက်ပွဲကတိနဲ့ 
၂၀၂၁ ရွေးကောက်ပွဲကတိဖျက်ခြင်း
မောင်တူး
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၄

၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲဟာ မေလ ၂၇ ရက်မှာ ၃၄ နှစ် တင်းတင်း ပြည့်ခဲ့ပါပီ။ ၁၉၉၀ ရွေးကောက်ပွဲရလာဘ်ကို စစ်တပ်က လိုက်နာပါမယ်လို့ကတိပေးပြီးမှ အပြတ် အသတ် မဲအနိုင်ရခဲ့တဲ့ NLD ကို အာဏာလွှဲမပေးခဲ့ပါဘူး။ စစ်တပ် (စစ်အာဏာရှင်တွေ) ကတိ ပျက်ခဲ့တာ ၃၄ နှစ်တိုင်ခဲ့ပေါ့။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာလည်း စစ်တပ်က အလားတူကတိဖျက် ကတိပျက်ခဲ့ပြန်တာပါပဲ။ ၂၀၂၀ ပြည့် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲဟာ ၄ နှစ်ကြာခဲ့ပြီ။ ၂၀၂၀ ရွေးကောက်ပွဲရလာဘ်ကိုစစ်တပ်က(ကာကွယ်ရေးဦးစီးချုပ် မအလ)က ကိုယ်တိုင်လိုက်နာပါမယ်လို့ကတိပေးပြီးမှ အပြတ် အသတ်မဲအနိုင်ရခဲ့တဲ့ NLD ကို အာဏာလွှဲမပေးခဲ့ပြန်ပါဘူး။ ၂၀၂၀ မှာလည်း စစ်တပ် (စစ်အာ ဏာရှင်တွေ) ကတိထပ်ကာ ဖျက်ခဲ့တာ ၄ နှစ်တိုင်ခဲ့ပေါ့။

လွန်ခဲ့တဲ့ ၃၄ နှစ် ၁၉၉၀ ရွေးကောက်ပွဲကတိကို ပြောင်ပြောင်တင်းတင်း ဖျက်ပစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၄ နှစ် ၂၀၂၀ ရွေးကောက်ပွဲကတိကိုလည်း မိုက်မိုက်ရိုင်းရိုင်း ပြောင်ပြောင်တင်းတင်း ရက်ရက် စက်စက် ယုတ်ယုတ်မာမာ ဖျက်ပစ်ခဲ့တယ်။

၁၉၉၀ က စစ်တပ်ပါတီ တစည(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) နိုင်ရင် အာဏာလွှဲခဲ့မှာပါ။ စစ်တပ်ပါတီ တစညခွက်ခွက်လန်ရှုံးခဲ့တော့ အာဏာမလွှဲတော့ဘူးပေါ့။ ၂၀၂၀ မှာလည်း စစ် တပ်ပါတီ ပြည်ခိုင်ဖြိုး (ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေပါတီ) က နိုင်ရင် အာဏာလွှဲခဲ့မှာပါ။ ပြည်ခိုင်ဖြိုးက အပြတ်အသတ် မနိုင်ရင်တောင် NLD က အခုလောက် သောင်ပြိုကမ်ပြို မနိုင်ပဲ မဲပြန့် မဲကွဲပြီး ညွန်ပေါင်းအစိုးရဖွဲ့နိုင်လောက်ရင်တောင် လွှတ်တော်ခေါ် အာဏာလွှဲပေးခဲ့မှာပါ။ အခုတော့ စစ်တပ်ပါတီပြည်ခိုင်ဖြိုးကလည်း ခွက်ခွက်လန်အောင် ရှက်စရာကောင်းလောက်အောင် မဲရှုံးခဲ့တော့ အာဏာမလွှဲတော့ဘူးပေါ့။ NLD ကလည်း ထင်ထားတာထက် အစွမ်းကုန် တိုင်းရင်း သားပေါင်းစုံ ပြည်သူ့မဲတွေနဲ့အပြတ် အသတ်ထူးထူးကဲကဲ အနိုင်ရရှိသွားပြန်တော့ ၂၀၂၀ မှာလည်း စစ်တပ်ကအာဏာလွှဲမပေးတော့ ပြန်ဘူးပေါ့။

ဒါကိုပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတရက် ရုပ်မြင်သံကြားကနေ မဲစာရင်းတွေမှားလို့ အာဏာသိမ်းရပါတယ် ဆိုပြီး ပြောတဲ့စကားဟာ ဟာသ ပျက်လုံး တခုပါ။ ၂၀၂၀ မဲမရွေးခင်ကတော့ စစ်တပ် ခေါင်းဆောင် မအလက ကော်မရှင် ဆုံးဖြတ်ချက် လိုက်နာပါ့မယ်လို့ အင်တာဗျူးမှာ ပြောခဲ့တာလေ။ မဲရှုံးမှ တမျိုးပြောင်းပြောပြန်တာပါ။

#ကတိသစ္စာတည်သောခါဝယ်
(ရှင်မဟာ သီလဝံသ - ပါရမီတော်ခန်းပျို့)

ဝသုန္ဒရေ၊ ဤမြေသော်လည်း၊ စောင့်စည်းမုသား၊ ကျင့်သောအားဖြင့်၊
စကားသစ္စာ၊ မှန်သောခါကား၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊
နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏၊
အကြင်သောခါ၊ ဤသစ္စာကို၊ အရာချွတ်လွဲ၊ မသုံးစွဲတည့်၊
စဉ်းလဲစကား၊ မှားလတ်တုံအံ့၊ မြေခုံစည်းတန်း၊ မုသားထွန်းသား
တစ်ကျွန်းတစ်ရံ၊ တစ်နိုင်ငံ၌၊ အသံမုသား၊ ပြက်စကားကို
မကြားစလို၊ အောင်လိမ့်ဆိုသို့။
ပေါ်စို ရသာ၊ မြေသြဇာလျက်၊ တထွာတတောင်၊ လက်ခုပ်ဘောင်လျှင်၊
နက်ချောင်ငုတ်နစ်၊ အောက်လျှိုးဖြစ်၍၊ ခါးချစ်ဆေးဝါး၊ လူတို့စားလည်း၊
နာဖျားမလွတ်၊ ဥပ္ပဒ္ဒဝေါ၊ လေးဘျမ်းပြော၏၊

သဘောတရား၊ စကားသစ္စာ၊ မှန်သောခါနှင့်၊ ယွင်းရာမမှား၊ ဤနှစ်ပါးကို၊ နှုန်းထားထွေဆောင်၊ ရှာတုံရှောင်လည်း၊ အကျော်သစ္စာ၊ စကားသာလျှင်၊ ပြည်ရွာရပ်သား၊ လူ့စီးပွားကို၊ အများအမြောင်၊ ကြီးကျယ်ဆောင်သည်၊
ကုန်အောင်မြေနှင့် ရှိသတည်း။ ။

၂၀၂၀ လိမ်ခဲ့တာက ဒုတိယအကြိမ်ပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ၈၈၈၈ အရေးတော်ပုံကြီးကို ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၈၀၀၀ လောက် သတ်ပြီး အာဏာသိမ်းခဲ့သူ ဗိုလ်ချုပ်မှူးကြီး စောမောင်က ကတိတွေအကြိမ်ကြိမ်ပေးခဲ့ ဖျက်ခဲ့ဘူးတာပါ။ အဲ့သည်တုန်းက ဆိုရင် စောမောင်က ရွေးကောက်ပွဲပြီးတက်လာတဲ့ အစိုးရကိုအာဏာလွှဲပေးမယ်။ အဲ့သည့်နောက် စစ်တန်းလျားပြန်မယ်လို့ ပြောခဲ့တယ်။ စောမောင်အပြင် ဒုတိယ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ ဗိုလ် ချုပ်ခင်ညွန့်တို့ကလည်း အလားတူ ကတိ ပေးခဲ့ကြတယ်။

ဟော... လပိုင်းအကြာ ...ရက်ပိုင်းအကြာမှာပဲ စစ်သားကြီးတွေယောက်ျားကြီးတွေ ပြောထားတဲ့ စကားတွေဟာ ပက်လက်ကနေ မှောက်လျှက် ဖြစ်သွားခဲ့ပြီ။ ၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲမှာ သူတို့မျှော်လင့်သလို ဖြစ်မလာတော့မှ လေသံပြောင်းသွားခဲ့တယ်။ အာဏာမလွှဲတော့ဘူး။ ၉၀ ရွေး ကောက်ပွဲက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ လုပ်တာသာ ဖြစ်တယ်ဆိုပြီး ပြောလာတယ်။ အခြေခံဥပဒေ ဆွဲပြီးမှ အာဏာလွှဲမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရမဲ့ အချိန်ကာလကိုလည်း ကြာနိုင်သမျှကြာကြာ လုပ်သင့်ကြောင်း စောမောင်က ပြောပါတော့တယ်။ 
ရုပ်မြင်သံကြားမှာ စောမောင်ပြောခဲ့ မထီတထီ မျက်နှာထားနဲ့ (အာဏာလွှဲရေး ဆိုတာ လွယ်လွယ်ပြော လွယ်လွယ်လုပ်လို့ ရတာ မဟုတတ်ဘူး။) ဆိုတဲ့စကားကို အခုအထိ ပြန်ကြား ပြန်မြင်ယောင်နေပါသေးရဲ့။

'' ခေတ်မမီတော့တဲ့ရွေးကောက်ပွဲဗန်ပြအချိတ်ဆွဲနည်းဗျူဟာ ''

စားလိုက်မယ်တဲ့
လှေသူကြီးဆန်။
အိပ်လိုက်မယ်တဲ့
ဖင်ကြီးလှန်
လေမလာ ကြာတိုင်းကောင်း
လှေသူကြီးကို လှေသားထောင်း။ ။

ရှေးကာလ ရွက်လှေကြီးတွေနဲ့ ကုန်သွယ်ကြတုန်းက လေတိုက်မှ လေ လာမှခရီးသွားကြရတာပါ။ လေမလာ ကြာတိုင်းကောင်း ဆိုသလို လှေထိုးသားတွေဇိမ်ကြပြီး လှေသူကြီးကတော့ ဆန်ကုန် အချိန်ကုန် ကုန်းရှုံးခဲ့ကြရတဲ့အဖြစ်ပါ။ ၁၉၈၈ တုန်းကလည်း လူထုအုံကြွမှုကြီးကို ၁၉၉၀ ရွေး ကောက်ပွဲလုပ် အာဏာလွှဲပေးပါမယ်ဆိုတဲ့မက်လုံးနဲ့ လူထုအုံကြွမှုကြီးကိုရပ်တန့်စေခဲ့ပြီ။ နောက်တော့ ၁၉၉၀ ရွေးကောက်ပွဲနိုင် NLD ကိုလည်း အာဏာလွှဲမပေးခဲ့။ ပြည်သူတွေခမြာ ရွေးကောက် ပွဲနဲ့အချိန်ဆွဲတာကို နောက်ကျမှသိခဲ့ရပေါ့။ အခုလည်း ၂၀၂၀ ရွေးကောက်ပွဲကတိဖျက်ပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းပြန်တယ်။ သိမ်းရတဲ့အကြောင်းပြချက်ကလည်း မခိုင်လုံ။ သူတို့ အာဏာသိမ်းလို့ ငွေဈေးတွေကျ၊ ဆီဈေး ဆန်ဈေးကုန်ဈေးနှုန်းတွေ တက်ကုန်ပြီ။ သေလိုက်တဲ့ လူတွေကလည်း သောင်းချီနေပြီ။ တနိုင်ငံလုံး စစ်ပွဲတွေကလည်း ဆူးလှေဘုရား ခြေရင်းအထိ ရောက်လာနေပြီ။ စစ်အာဏာသိမ်းဂရက် ဘာအကောင်း ရှိသလဲ။ အကောင်းကို ရှာကြည့်မိိ၏။ အကောင်းကား ရှာမတွေ့တော့။ အခုလည်း ရွေးကောက်ပွဲ ထပ်လုပ်ဦးမတဲ့။ မအလက ပြောနေပြန်ပြီ။ စစ်တပ်ကျေးဇူး မူးလို့ပင် ရှုစရာမရှိဆိုသလို စစ်တပ်လုပ်ရပ်မှန်သမျှ တတိုင်းပြည်လုံးက မယုံကြတော့ပြီ။ စစ်တပ်က ထပ်လုပ်မဲ့ ရွေးကောက်ပွဲကိုလည်း လက်မခံ ပယ်ချရန်အသင့် ဖြစ်နေကြပြီ။

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်မှချမ်းသာရမည်
ကျားနှင့်ဘီလူး၊ ဤနှစ်ဦးကို
ထူး၍ကြပ်ကြပ်၊ တွေ့တိုင်းသတ်မှ
ကုသိုလ်ရသတဲ့။ ။ 

(ဦးပုည)

၁၉၉၀ ရွေးကောက်ပွဲကစလို့ ၂၀၂၀ ရွေးကောက်ပွဲအထိ လိမ်နည်းပေါင်းစုံသုံး ကတိဖျက်ခဲ့တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ အာဏာမြဲရေးကလွဲလို့ တခြားဘာမှ မလုပ်။ ရွေးကောက်ပွဲလုပ်တာဟာလည်း အချိန်ဆွဲ နည်းတခုသာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ နှစ်ရှည်လုပ်ပြီးတော့လည်း ကြာသည်ထက်ကြာ ဇတ်မြောကြီး ဖြစ်အောင် စီမံကြသူတွေပါ။ ရွေးကောက်ပွဲကတိဖျက်ဖို့ ဝန်မလေးကြ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေရဲ့ ကတိတွေ ဖျက်ဖို့လည်း လက်မနှေးကြသူများသာပါ။ တနည်းအားဖြင့် စကားမပြောတတ်သူတွေ စကားမတည် သစ္စာမရှိသူတွေသာပါ။ ဗုဒွဘာသာဝင်တွေလို့ ပြောပြီး ဘုန်းကြီးကျောင်း ကလေးစာသင်ကျောင်း ပြည်သူ့ဆေးရုံတွေမှ ရွေးပြီး ဗုံးကြဲသတ်ဖြတ်သူတွေပေါ့။ ဒါကြောင့်လည်းပဲ ပြည်သူ့အခွင့် အရေးတွေကို သူတို့ဆီမှာတောင်းလို့မရနိုင်။ ဒီမိုကရေစီပေးပါ။ ဖက်ဒရယ်ပေးပါဆိုပြီး စစ်အာဏာရှင်တွေဆီမှာ သွားတောင်းလို့ မရနိုင်။ သားသတ်သမားကို ငါးပါးသီလပေးပါလို့ သွားတောင်းသလိုသာ ဖြစ်လိမ့်မည်။ သူခိုးကို ဘဏ္ဍာစိုးခန့်သည့်နှယ်ပင်။ ဇိမ်ခေါင်းကို ပြည့်တန်ဆာ ပပျောက်ရေး တာဝန်ပေးလိုက်သလိုပဲ ဖြစ်လိမ့်မည်။ ဒါကြောင့် ကျနော်တို့ပြည်သူလူထုအားလုံးဟာ တတိုင်းပြည်လုံးရဲ့ ရန်သူ (ဘုံရန်သူ) အာဏာသိမ်း စစ်ကောင်စီ၊ စစ်တပ်၊ စစ်အာဏာရှင်တွေကို ညီညီညွတ်ညွတ် နည်းလမ်းပေါင်းစုံနဲ့ အပြုတ်တိုက် အမြစ်ဖြတ်ဖို့ နည်းလမ်းတခုသာ လယ်ပြင်ဆင်သွား ထင်ရှားစွာ တွေ့နေပါတော့တယ်။ ။

အာဏာရှင်သည်၊ အရှင်မထွက်
အမြန်ထွက်ရေး၊ အသက်ပေးတိုက်
ညီညွတ်လိုက်မှ၊ အောင်မြင်ကြမည်
မြန်မာ့လွတ်လမ်းဖြောင့်တန်းနေပြီတကား။ ။

မောင်တူး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar