Breaking News

ရဲဘော်တေး - စိုးရိမ်မ မိအောင်လှိုင်

ရဲဘော်တေး - စိုးရိမ်မ မိအောင်လှိုင်

(မိုးမခ) ဇွန် ၁၃ ၊ ၂၀၂၄

မကားအောင် ဆို ကားလှူတာပဲ။ ဒါပေလို့ ယတြာ ဆိုတဲ့သဘောမျိုးက နှစ်ဖက်သွားဓားလေ။ အခန့်မသင့်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်တာမျိုးကိုး။ ကြမ်းကျွံရင်သာ နုတ်လို့ရတာ၊ ယတြာကျွံလို့ကတော့ ဆေးမရှိ။ သမားလက်လျှော့ နေပေတော့။ 

ခုလဲကြည့်၊ မင်းကျောင်းနဲ့ မစိုးရိမ်ကိုယ်တော်ကို ကားလှူတာ။ စနည်းအရဆို ဒိုးပြီ။ ပွဲသိမ်းခရာ။

မင်းကျောင်းလို့သာ စာရေးတာ ပြောရင်တော့ မင်းဂျောင်းလေ။ ခွေးကောင် မင်း ဂျောင်းတော့ဘဲ။ ဆရာတပါးရဲ့ အယူကတော့ မင်းကျောင်း ဆိုတာ နွားကျောင်းသလိုမျိုးတဲ့။ မင်းကို ကျောင်းတာ၊ မင်း အကျောင်းခံရတာ။ ဖုန်ရှူတော့ မင်းအောင်လှိုင်။ 

အဲသမှာ မစိုးရိမ်ပါလာတော့ ကားက နှစ်စီးဖြစ်သွား။ ကားနှစ်ထပ် ဆိုတော့ ကား ကားပေါ့။ ကား-ကား=မကားကားအောင်၊ ကားသထက်ကားအောင်၊ ကားပြီးရင်းကားအောင်ဖြစ်သွားပြီ။ မစိုးရိမ်ရအောင် မစိုးရိမ်ထည့်လိုက်ပါမှ မင်း- စိုးရိမ်ဘဝ ရောက်ရရှာတော့တာ။ မ-က ကြာသပတေးလေ။ မစိုးရိမ်ဆိုတာ ကျောင်းနာမည်၊ နာမ်ပုဒ် ဆိုတော့ အစလုံးကို နေ့နံယူ တွက်လိုက်ရင် မင်းစိုးရိမ်၊ မင်းအောင်လှိုင်စိုးရိမ်အဓိပ္ပါယ်။ အဲဒီမယ် မ-ဆိုတာ မိန်းမဆိုရင် နာမည်ရှေ့က တပ်ခေါ်ရတာမျိုး။ မင်းအောင်လှိုင်ကလဲ မိအောင်လှိုင်လို့ နာမည်တွင်နေတော့ မစိုးရိမ်‌ လို့ခေါ်တဲ့ စိုးရိမ်မလေးဟာ မိအောင်လှိုင်လေးပါ ဖြစ်ကရော။ 

ဖရဲသီးဗေဒင်ဆရာနဲ့များ တွေ့ပလားဘဲ။ အပီကျွေးတာနော်။ မြန်မြန်လစ်အောင် ဆိုပြီး ကားလှူခိုင်းတာ။ ကားပြီလေ။ ကျချိန်ရောက်ပလားဆို ဘာလုပ်လုပ် ဒုက္ခရောက်ဖို့ချည်းဆိုတာ သိပ်မှန်တာ။ 

ပထမ ရွာလမ်းတွေ ဖျက်ကထဲက အညာမှာ စစ်ရှုံးသင်္ကေတပြပြီးသား။ ဟော ရှမ်းမြောက်မှာတံတားတွေချိုးတော့ သူ့တပ်က ဂန်းမဖောက်တော့ဘဲ ဂန်းမြှောက်လိုက်ရော၊ မိအောင်လှိုင်ခမျာ စမ်းတွေနောက် ပန်းတွေခြောက် နပန်းတွေနောက်ပြီး အော့အန်။ အဇမ်းတွေကြောက်ပြီး တရုတ်လက်ညှိုးထိုးပြတဲ့အကောင် အကုန်ဖြုတ်ရတော့တာကြီး။

ခုလည်း မမှတ်သေးဘူး။ ရခိုင်ဘက်မှာ တံတားတွေဖျက်တော့ စစ်တိုင်းကြီးလိုက် ဝကွက်အပ်ရတော့မယ်။

ခု ရဲတွေကလဲ တင်းပြီ။ ရဲမယား ရဲသား ရဲသမီးကလေးတွေ သင်္ဘောပေါ် အတက်မခံဘဲ ပစ်ချတဲ့ရုပ်သံဖိုင် တက်လာပြီ။ ကြောက်တာနဲ့ အတ္တကြီးတာမှာ မိအောင်လှိုင်တပ်ကို ဘယ်သူမှမမီဘူးဆိုတာ ကမ္ဘာကလည်း သိသွားပြီ။ ရဲဆိုတာ အညစ်မှာ ဧတဒဂ်ရထားတဲ့ ကောင်တွေ။ ဘယ်လိုပြန်ပလေးမလဲ စောင့်ကြည့်ရမှာ။ အင်း စစ်တပ်ကလည်း အယုတ်မှာဘုရား။ တွေ့ကြပြီပေါ့။ 

မိအောင်လှိုင်ရေ နင့်အကုသိုလ်ထုက ကမ္ဘာမြေထက် ထည်နေလို့ မကြာခင်အက်ကွဲပြီး နင့်ကိုဆွဲချတော့မှာ။

ယတြာလောက်နဲ့ တက်မလာတော့နဲ့။ တတိုင်းပြည်လုံးရဲ့ ငိုသံ အံကြိတ်သံ ရေရွတ်သံ တက်ခေါက်သံတွေကြောင့် မြေနံရံတွေလည်း အက်နေပြီလေ။ 

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar