မောင်ဘဦး - မိုးရွာနေပူ ညာသူညာသား
မောင်ဘဦး
(မိုးမခ) ဇွန် ၅၊ ၂၀၂၄
အညာသူအညာသားမှန်သမျှ မနက်စောစောအိပ်ရာထ၊ မျက်နှာသစ်၊ ဘုရားကန်တော့ မေတ္တာပို့ကြသည်။ ပြီးတော့ တနေကုန် လိမ်လိုက်ညာလိုက် စီးပွားရေးအတွက် ဆက်လက်ကြလေတော့သည်။
အညာသား မောင်ဘဦးသည်လည်း ဝန်ထမ်းဘဝက နံနက်စောစောဘုရားကန်တော့ မေတ္တာပို့ အမျှဝေ၊ သတ္တဝါတွေ ချမ်းသာကြပါစေ ရွတ်ဆိုပြီး၊ တနေကုန် လုပ်ချင်ရာ လုပ်ခဲ့သည်လေ။ 'သတ္တဝါတွေ ချမ်းသာကြပါစေ'ရွတ်ဆိုရင်း စားပြီးသား ငှက်ပျောခွံကို အများသူငါသွားလာသည့်လမ်းဖက်ဆီသို့ 'ဘက်ခနဲ' လှမ်းပစ်သေးသည်လေ။ မောင်ဘဦးကတော်သည်လည်း အညံ့မခံ။ ထမင်းဟင်း ချက်ပြုတ်ရင်းက၊ ရေအိုရေမင်းတွေကို လမ်းဖက်သို့ လှမ်းပက်သည်ပဲလေ။
ပင်စင်ယူပြီးယခုတော့ နံနက်အိပ်ရာထသည်နှင့် ဘုရားကန်တော့၊ မေတ္တာပို့ အမျှဝေရင်း၊ လမ်း လျှောက်ပါသည်။
ခေတ်မပျက်ခင်၊ မင်းအောင်လှိုင်စစ်အာဏာမသိမ်းခင်၊ ဟိုယခင်ကတော့ မိန်းလမ်းမကြီးအတိုင်း ကန်သာယာဖက်ဆီသို့ မနက်စောစော လမ်းလျှောက်တတ်သည်။ တမြန်နှစ်ကစ,ပြီး မသွားရဲတော့။ လမ်းကြောင်း ပြောင်းရတော့သည်။ ရပ်ကွက်တွေထဲတွင်သာ လမ်း လျှောက်ရတော့သည်။
သည်ကနေ့လမ်းလျှောက်သည်က အိမ်ကနေ အရှေ့ဖက်ထွက်။ ရပ်ကွက် ၂ ခုကို ကျော်။ ဈေးလေးသို့ ရောက်။ ဈေးကနေ ဘုန်းကြီးကျောင်းကိုပတ်ကာ အိမ်သို့ လှည့်ပြန်ဖို့စိတ်ကူးမိသည်တွင် ဤလူအုပ်ကြီးကို တွေ့ရခြင်းဖြစ်သည်။ ကြိတ်ကြိတ်တိုး တန်းစီနေကြ သည်။ ပြီးတော့၊ 'လူအုပ်ကြီးကို ဓာတ်ပုံမရိုက်ရပါ' တဲ့။
လမ်းလျှောက်ထွက်လာသည့် မောင်ဘဦးတစ်ယောက် လမ်းမကြီးဘေးရပ်ကာ၊ ကြည့်ကောင်း ကောင်းနှင့် ကြည့်နေမိသည်။ လူအုပ်ကြီးက ကြီး မားလှသည်။ ပြီးတော့ စနစ်မကျ။ တစ်ယောက်တစ်ပေါက်။ စစ်ဆေးမေးမြန်းသူ တွေကိုလည်း ကြောက်ရွံ့ဟန်မပြ။ ဦးဇင်းတစ်ပါးက အော် ငေါက်လိုက်မှ ခေတ္တခဏ ငြိမ်ပြကြငြား၊ ချက်ချင်း ပြန်ဆူကြပြန်သည်။
"... ဦးဘဦးကြီး၊ ဘာတွေရပ်ကြည့်နေသတုန်း ဗျ..."
"... လမ်းလျှောက်ရင်း ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာပါဗျာ။ တန်းစီနေလိုက်ကြတာ၊ ၄-၅ ရက်ရှိပြီဗျ။ မနက် ၇ နာရီကနေ ညနေ ၅ နာရီထိတဲ့။ နေပူကြီးထဲရော၊ ရုတ်တရက်ရွာချလိုက်တဲ့ မိုးရေထဲရောပဲ၊ စားပွဲနဲ့ထိုင်တဲ့သူတွေရော တန်းစီကြတဲ့သူတွေပါအတော်ကိုဇွဲကောင်းကြသဗျာ"
"... စစ်ဘေးရှောင်တွေကို ဘာ ဝေကြမယ် မသိပါဘူး ဦးဘဦးရေ။ ကျုပ်တို့ဆီက ကိုယ်စားလှယ်သင်တန်း သွားတက်တဲ့ကောင်မလေးက ပြောလို့သိရသာ။ ရွာဆီတော့ဟင့် (ရွာဖက်ဆီမှာတော့ဖြင့်) အဲ့သည် ကောင်မလေးက ကလေးလူကြီး တစ်ရွာလုံးကို စစ်ဘေးရှောင်စာရင်း အပို့ခိုင်းသာဗျ။ ကျုပ်တို့က အလကားလည်း မလိုချင်ဘူး၊ တကယ်ဒုက္ခရောက်သူတွေပဲ ရသချင်သာ။ သဟာကြောင့် စစ်တပ်ရှိူ့တဲ့မီးထဲပါတဲ့အိမ်တွေပဲ ကျုပ်တို့က စာရင်းပေးလိုက်သယ်။ ကျုပ်တို့ ပေးလိုက်သာဖြင့် သင်္ကြန် မတိုင်ခင်က။ တစ်လကျော်ပါပြီ။ သူတို့ပေးမှ စားရမယ်ဆို ငတ်သေကြရော့မယ်။ ရွာမလည်း (ရွာမှာလည်း) ဒါနဲ့ ၂ခြမ်းကွဲ တော့မယ်။ စာရင်းပေးသင့်တယ် မပေးသင့်ဘူး၊ သူလုပ်သာမှန်တယ် မှားသယ် နဲ့။ ကဲကဲ၊ ဆက်ကြည့်ရစ်ဦး၊ သွားချီဦးမယ် ဗျို့(သွားပါဦးမယ်ဗျို့) "
ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်လို့ပင် အားမရတော့။ အထဲသို့ဝင်၍ ကြည့်လိုက်မိသည်။
"... မနက် ၇ နာရီမထိုးခင်ကတည်းက လာတန်းစီတာပါ တော်။ ခု ၁၂ နာရီ။ ကျုပ်အလှည့်ရောက်ခါတော့ နီးပါပြီ။ ထမင်းစား နားတော့မှာမို့။ နေ့လည် ၁ ချက်မှ ပြန်စ,မှာတဲ့။ ကလေးက မနေလို့။ လေဖြတ်ထားတဲ့ အမေအိုကြီးကိုလည်း အိမ်မှာ တစ်ယောက်ထဲ ပက်လက်ကြီး ထားပစ်ခဲ့ရလို့။ ကျုပ် မပြန်မဖြစ်တော့လို့ပါ။ ဦးစားပေးကြပါ တော်။ ဦးစားပေးအနေနဲ့လည်း လုပ်ပေးကြပါ တော်..."
"... ဒို့လည်း မနက်အစောကြီးကတည်းက လာတန်းကြရတာပဲ"
"...နောက်မှာ ဗိုက်ကြီးသည်တောင် တန်းစီနေတာ..."
"... ဟုတ်ပါ့တော်ရယ်၊ ဆရာဝန်က ကျုပ်ကို ဒီအပတ်ထဲ မွေးမယ့်ရက် ရက်ချိန်း ပေးထားတာပါတော်ရယ်..."
"...အသက် ၈၅၊ လေဖြတ်နေတဲ့အမေနဲ့ ကျနော်လူပျိုကြီးနဲ့ ၂ ယောက်ထဲ ရှိတာပါ။ အခု ဘုန်း ကြီးကျောင်းမှာ နေတာပါ။ အိမ်ရော ဆိုင်ကယ်ပါ မီးရှိူ့ခံရတဲ့အထဲ ပါသွားလို့။ ကိုယ်တိုင်စာရင်းလာပေးမှ ရမယ်ဆိုလို့ ဆိုင်ကယ်ငှားပြီး လာရတာ...။ လမ်းမှာ စစ်တာဆေးတာနဲ့ တွေ့ပြီး ဆိုင်ကယ်များ အသိမ်းခံရရင်တော့.."
"... အိမ်ထောင်စုဇယားရော၊ မှတ်ပုံတင်ရောက မီးထဲ ပါသွားလို့ လူကိုယ်တိုင် လာခဲ့တာပါ၊ လက်ခံပေးပါတော်..."
"... ကျုပ်တို့မြစ်အနောက်ဖက်ကို ဒီမှာ စာရင်းပေးလို့မရဘူးတဲ့။ သပ်သပ်လက်ခံပေးမှာဆိုလား။ ကျုပ်တို့က ဒီနားရပ်ကွက်မယ် စုပြီး အိမ်ငှားနေကြတာ နှစ်ပေါက်လုပြီ။ ရွာလည်း မပြန်ရဲဘူး။ ဘယ်လိုလုပ်ရပံ့ ..."
"... ချက်ချက်ချာချာရှိတဲ့သူက စီဒီအမ်ဝန်ထမ်းဖြစ်နေလို့၊ မလာရဲဘူး။ ကျုပ်ပဲလာရတာပါတော်။ မိသားစုအသက်တွေကို မတွက်တတ်လို့။ မရေးခဲ့တာပါ။ ၃ နှစ်ကြီး ၃ နှစ်ငယ်တွေပါတော်။ အိမ်ထောင်စု ဇယားထဲမှာက ဗမာခုနှစ်ရော၊ အင်္ဂလိပ်ခုနှစ်ရော ရေးထားတာ..."
"... စာရင်းစစ်ဆေးတဲ့သူတွေကွာ၊ သူတို့စိုက်ပေးရတာကျလို့။ စစ်ဆေးမနေပဲ လာသမျှထည့်ပေးလိုက်ရင် ပြီးနေတဲ့ဥစ္စာ... "
"... တန်းစီကြပါ၊ တန်းစီကြပါ။ စုပြုံမတိုးကြပါနဲ့...။ ပြီးတော့ ကျနော်တို့က ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွားကျောင်း၊ အပြောအဆိုခံ အကဲ့ရဲ့ခံပြီးတော့ ဝေယျာဝစ္စ လာလုပ်ပေးနေကြရတာ ပါ။ ဓမ္မစစ် ရသင့်ရထိုက်သူတွေကို ရစေချင်လို့ပါ။ တချို့က လိမ်ပြီးတော့ စစ်ရှောင်သလိုမျိုးနဲ့ လာတင်နေကြလို့ စစ်ဆေးရတာပါ။ ရေထ,သောက်ချင်၊ ဆီးထ,ပေါက်ချင်တာတောင် အောင့်ထားပြီး မထ,တမ်းစစ်ဆေးပြီး စာရင်းသွင်းပေးနေကြရတာပါ။ တစ်ပြားတစ်ချပ်မှရလို့လုပ်နေကြတာ မဟုတ်ပါဘူး၊ စည်းကမ်းရှိကြပါ...။ ခင်ဗျားတို့ စစ်လာရှောင်တဲ့လက်ရှိရပ်ကွက်က ထောက်ခံစာတောင် မတောင်းခိုင်းပါဘူး။ စုပေါင်းရုံးကိုသွားပြီး ထောက်ခံစာဖိုးလက်ဖက်ရည်ဖိုးတွေ အလ ဟဿပေးနေရမှာစိုးလို့။ ဒီတော့ မှန်မှန်ကန်ကန် စာရင်းပေးကြပါ...။"
မောင်ဘဦးအနားမှ ကပ်၍ စပီကာလေးနှင့် လူအုပ်ကြီးကြားအောင် အော်နေသူကြောင့် ရုတ် တရက် လန့်ဖျတ်၍ သွားမိသည်။ ဒီတခါတော့ ၃ တန်းခွဲကာ တိုးနေသည့်လူအုပ်ကြီး၏ တခြားဖက်သို့ မယောင်မလည် သွားကြည့်မိသည်။
"... လိုင်းပေါ်တွေ့လိုက်တယ်။ စာရင်းသွင်းတဲ့သူတွေက အကြံအဖန်လုပ်တယ်ဆိုလား၊ ဝေယျာဝစ္စ လုပ်ချင်စိတ်တောင် ကုန်သအေ..."
"... မင်းက ဟိုလည်းတွေ့၊ ဒီလည်းတွေ့ပါလားကွ..."
"... ခင်ဗျာလိုပေါ့ဗျ။ မြို့ထဲကနေ စာရင်းပေးပြီး ဒီလာတန်းစီတာလေ။ ၃-နေရာတောင် စာရင်းလက်ခံနေတာဗျ။ ဒီရယ်၊ မြို့ထဲမယ်ရယ်၊ အလုံဖက်ရယ်ဆိုလား ..."
"... ဟေ့ကောင်တွေ၊ ဒီနေ့ အလုပ်မဆင်းကြဘူးပေါ့ ..."
"... ကျုပ်တို့ ဒီမြို့လာပြီး အိမ်ငှားနေရင်းအလုပ်လာလုပ်တာကတော့ အာဏာမသိမ်းခင် ကတည်း ကပဲ။ စစ်ဘေးရှောင်တွေ ဝေတယ်ကြားလို့ အိမ်ထောင်စုဇယားကို လှမ်းတောင်း၊ မိတ္တူကူးပြီး ပြေးလာကြတာ။ ဒီနေ့ အလုပ်မဆင်းတော့ဘူးဗျို့..."
"... ငါက မုန့်ဆိုင်မယ် အလုပ်လုပ်တယ်၊ ညည်းကရော။ အိမ်လခက ဘယ်လောက်တဲ့လဲ..."
"... ငါက တရုတ်စကားပြော လာတက်ရင်း သတင်းကြားလို့ လာတန်းစီတာ လေ။ ရွာဖက်ဆီရော၊ အေးဆေးရဲ့လား ...။ ရွာကော ရောက်ရဲ့လား..."
"... ခုတော့ အေးပါတယ်။ စစ်ကြောင်းထိုးရင်တော့ ပြေးကြရတယ် ပြောတာပဲ..."
"... ရွာနေရတာ စစ်ခွေးကြောက်ရ၊ ပီဒက် ကြောက်ရပါအေရယ်။ 'ပ- ၃ လုံး' ကလည်း အချင်းချင်း ရန်ချည်းစောင်နေကြတော့တာပဲ။ ဒို့ စုပြီး ကွက်သစ်ထဲ အိမ်ငှားနေလိုက်တယ်။ စက်ချုပ်သင် ၃ ယောက်၊ အလှပြင်သင်တာ ၃ ယောက်၊ ငါနဲ့ တစ်လ တစ်သိန်း။ တစ်ယောက် ၁၅၀၀၀ လောက်ကျတာ...။ ဝိုင်ဖိုင်တော့ မရဘူး..."
"... ဟေ့၊ ဒို့ရွာက တန်းမနေနဲ့တော့။ ဦးဇင်းက သူလုပ်ပေးမယ်တဲ့။ တနေ့ကတောင် တောင်ပိုင်းက ညည်းဟာလေး အဆွဲခံရတာ ဦးဇင်းကပဲ လိုက်လုပ်ပေးတာ၊ ၁၀သိန်းတော့ ကုန်သတဲ့..."
"... တစ်ဆယ် တော်တာပေါ့။ ဟို (... ..)တုန်းက ၅၀၀ တဲ့ ..."
"... စရဖက တပ်ကြပ်ဆိုလား၊ အဲ့သည့်နှုတ်ခမ်းမွှေးနဲ့ကောင်က အနည်း ဆုံး ငါးဆယ်နဲ့ တစ်ရာဘရိတ်ကြားရမှ လုပ်ပေးတယ် ဆိုပဲ။ ၁၀၀ နဲ့ ၂ ယောက် လုပ်ပေးဖူးသတဲ့..."
"... ဒို့ဦးဇင်းက ပေါက်ပေါက်ရောက်ရောက်ရှိလို့ ဒို့ဆီ ဘာမှ သိပ်မဖြစ်တာ၊ သူ့ကျောင်းမှာဆို ဆွမ်းကွမ်း ပစ္စည်းပစ္စယ အောတိုက်နေရောပဲ။ ဝေယျာဝစ္စလုပ်တဲ့သူတွေကလည်း တပုံကြီး။ မြောက်ကျောင်းနဲ့များ ကွာပါ့။ မြောက်ကျောင်းဖြင့် လူမရှိလို့ တစ္ဆေတောင် ခြောက်လိမ့်မယ်။ ဘုန်းကြီးက ကျောင်းဝင်းထဲ မင်္ဂလာဆောင် လက်သင့်မခံဘူးတဲ့အေ။ ဘာမှလည်း ဝင်မပြောဘူး၊ ဘယ်ထဲမှလည်း မပါဘူးအေ..."
"...ဟိုးတောင်ကြောရွာက ဦးဇင်းက ပိုသာတာပေါ့အေ့၊ နိုင်ငံခြားထိတောင် ပို့ပေးနိုင်သအေ့။ သူ့တူတွေတူမတွေအကုန် နိုင်ငံခြားမယ်ချည်း.."
"... ညက နံဘေးအိမ်၊ သံတံခါးကြီး ဖြုတ်သွားတာတဲ့။ ဆိုက်တွဲသံလည်း ကြားတယ်။ ထင်တော့ထင်သား။ ခွေးတွေ ထိုးထိုးဟောင်ပါတယ် လို့..."
အရင်တစ်ပတ် လမ်းလျှောက်ထွက်တုန်းကတော့၊ ဟိုး အရှေ့ထဲရပ်ကွက်ဆီက အထက်တန်း ကျောင်းဖက်ထိ ရောက်သည်။ လမ်းတစ်လျှောက် မော်တော်ပီကယ်နှင့် သစ်ပင်အကွယ်မှ စစ်သားအချို့ကို တွေ့ရ၍ စိတ်ထဲတွင် 'ထင့်ခနဲ' ဖြစ်မိသေးသည်။ စာသင်ကျောင်းရှေ့တွင် လူအုပ်ကို တွေ့လိုက်ရ၍ ရပ်မကြည့်ရဲပဲ ခပ်သုတ်သုတ် ပြန်ခဲ့ရသည်။ သည်လောက်ကြီးထိ လူမများလှ။ ပြီးတော့ လူများကလည်း ကြောက်ရွံ့ငြိမ်သက် စက်ရုပ်ပမာ။ စေခိုင်းထားသည့်အတိုင်း၊ တန်းစီရမည့် လူအကွာအဝေး တိတိ ကျကျ တန်းစီကြပြီး ဗွီဒီယိုပါရိုက်ယူနေသဖြင့် ရပ်မကြည့်ရဲ။ ခပ်သုတ်သုတ် ပြန်ခဲ့သည်။ ကျောင်းအပ်လက်ခံစဉ် ကျောင်းလာအပ်ကြသည့်မိဘများကိုမပြန်စေပဲ စစ်တပ်ထောက် ခံပွဲ လုပ်ကြသည် တဲ့။
ဒီနေ့လမ်းလျှောက်တာ နေတောင်တော်တော်မြင့်သွားလေပြီ။ ပြန်ရောက်လျှင် အိမ်ရှင်မကို လမ်း လျှောက်သွားတာ ကြာရသည့်အကြောင်း ဘယ်လို ညာရမည်မသိ။
မောင်ဘဦး
(၈၆၊ ဆုန်ကျော် ၁၁)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar