ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တိုက်ပွဲနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ သတိပေးချက်
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၆ မြင်ကွင်း
(မိုးမခ) ဇွန် ၁၇၊ ၂၀၂၄
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က တိုက်ပွဲနဲ့ အိမ်နီးချင်းနိုင်ငံရဲ့ သတိပေးချက်
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/အရက္ခတပ်တော် က ရခိုင်ပြည်နယ်ရဲ့ ဒေသအများအပြားမှာ စစ်မျက် နှာဖွင့်တိုက်ခိုက်မှုတွေ၊ မြို့သိမ်းပိုက်ခဲ့တာတွေ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မကြာသေးခင်ကာကလ ဘူးသီးတောင်မြို့ကို သိမ်းယူခဲ့တဲ့နောက် အခုအခါ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေးစခန်းမြို့ဖြစ်တဲ့ မောင်တောမြို့ကို သိမ်းယူဖို့ လုပ်ဆောင်နေပြီး မြို့နေလူထုကို ဇွန်လ ၁၆ ရက်နေ့ည ၉ နာရီနောက်ပိုင်းက စလို့ ထွက်ခွာကြဖို့ AA က သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။
အခုလို မောင်တောမြို့ကို တိုက်ခိုက်ဖို့ မတိုင်ခင်ရက်တွေကတည်းက မောင်တောမြို့နယ်ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်မှာ ရှိတဲ့ နယ်ခြားစောင့်ကင်းစခန်းတွေ ကို AA က တခုပြီးတခု သိမ်းယူခဲ့ပြီး မြန်မာစစ်ကောင်စီရဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက် ပြေးခိုလှုံခဲ့တာတွေလည်း ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ထွက်ပြေးခိုလှုံလာတဲ့ မြန်မာစစ်ကောင်စီ ရဲ့ လုံခြုံရေး အဖွဲ့ဝင်တွေကို အသုတ်လိုက် ပြန်လွှဲပေးခဲ့တာလည်း ဖြစ်ပါတယ်။ အခု ရက်ပိုင်းအတွင်းမှာတော့ AA အနေနဲ့ မောင်တောမြို့ကို သိမ်းယူဖို့ ဆုံးဖြတ်ထားပြီး အဆင်သင့်ဖြစ်နေတဲ့ အနေအထားရောက်ရှိကာ မြို့သိမ်းတိုက်ပွဲ စတင်တော့မယ့် အနေအထားလည်း ဖြစ်ပါတယ်။
အခုလို အိမ်နီးချင်းနိုင်ငံနဲ့ နီးကပ်စွာ ထိစပ်နေတဲ့ နယ်စပ်က တပ်စခန်းတွေ၊ ဗျူဟာစခန်းတွေကို တိုက်ခိုက်လာတဲ့အခါ အချို့သော လက်နက်ကြီးကျည်၊ အမြောက်ကျည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ဖြစ်တဲ့ စိန့်မာတင်ကျွန်းဘက် ကျရောက်တာမျိုးတွေ ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဖြစ်ပွားနေတဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေသလို သတိပေးမှုတွေလည်း ရှိလာနေတာ ဖြစ်ပါတယ်။
အခုရက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ အိမ်နီးချင်းနိုင်ငံရဲ့ ပိုင်နက်ဖြစ်တဲ့ စိန့်မာတင် ကျွန်းပေါ်ကို လက်နက်ကျည် တွေကျလာတာကို အကြောင်းပြုပြီး အကယ်၍ ၄င်းတို့နိုင်ငံသားတွေ ထိခိုက်မှုရှိခဲ့လို့ ရှိရင် ပြန်လည် တုံ့ပြန်မယ့် အကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကိုတော့ ဆွေးနွေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းနေတယ်လို့ ဆိုထားပါတယ်။ စိန့်မာတင် ကျွန်းဘက်ကို ကျရောက်ခဲ့တဲ့ လက်နက်ကျည်တွေက ဘယ်အဖွဲ့က ပစ်ခတ်တာလည်း ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းမြို့လည်းဖြစ်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ အနောက်ဘက်ကျ ဆုံး ဒေသလည်းဖြစ်တဲ့ မောင်တောမြို့နဲ့ အဆိုပါ ကုန်သွယ်ရေးစခန်းတွေကို လက်လွှတ်ဆုံးရှုံးမခံလို ပေမယ့် လက်ရှိ အနေအထားမှာတော့ ထိန်းသိမ်းထားနိုင်ဖွယ် မရှိတော့တဲ့ အခြေ အနေဖြစ်ပါတယ်။
မောင်တော မြို့နယ်ထဲက တိုက်ပွဲတွေ၊ မြို့သိမ်းယူဖို့ စတင်တော့မယ့် အနေအထားမှာ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးနောက် မောင်တောမြို့မှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ လူမျိုးစုတွေ ရဲ့ လုံခြုံရေး ၊ ဘေးကင်းရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှု ပြောဆိုမှုတွေ ပေါ်ထွက်လာနေကြတာ ဖြစ်ပါတယ်။ ယခင်လတွေက ဘူးသီးတောင် မြို့တဝိုက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း AA အနေနဲ့ ရိုဟင်ဂျာ လူမျိုးစုတွေကို ခွဲခြားဆက်ဆံခဲ့တာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်၊ ၄င်းတို့ရဲ့ နေအိမ်တွေကိုပစ်မှတ်ထားပြီး ဖျက်ဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေပေါ်ထွက်ခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ အေဂျင်စီနဲ့ တာဝန်ရှိသူတွေက စိုးရိမ်ကြောင်း ထုတ်ပြန်ချက် ပြောဆိုချက်တွေ ရှိခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရဘက်ကလည်း စိုးရိမ်မှုသဘောပါဝင်တဲ့ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုး အရပ်ဘက်အဖွဲ့အစည်းတချို့ကလည်း ဘူးသီးတောင်မြို့မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တချို့မှာ အေအေလက်နက်ကိုင်အဖွဲ့က လူ့အခွင့် အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပြီး အေအေခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာ လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြဖို့ ပြောဆို တိုက်တွန်းမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး မဟာမင်းကြီးကတော့ ၂၀၁၇ လို အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပွားမှာကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့အပေါ် အေအေအနေနဲ့ အစဥ်အဆက် စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်နဲ့ နှိုင်းယှဥ်ပြောဆိုခံရတဲ့ အဖြစ်ကို မကျေမနပ်ဖြစ်စရာလည်း ရှိနေတာပါ။ အင်အားကြီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်ခြင်း၊ ရခိုင်နဲ့ ရိုဟင်ဂျာ လူမျိုး၂ စုအကြား အတိတ်ကာလမှာလူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့ သမိုင်းတွေက အခုလို စိုးရိမ်မှုတွေ ဖြစ်စေတဲ့ အကြောင်းခံ ဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။
လတ်တလော ဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေက အနာဂတ်အပေါ်မှာ သက်ရောက်မှုတွေ ရှိနိုင်တဲ့အဖြစ်အပျက်တွေ ဖြစ်ပြီး အဓိကအခန်းကဏ္ဍကျတဲ့နေရာမှာ ရှိနေတဲ့ စစ်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ သဘောထားကြီးစွာ၊ အင်အားက နိုင်ငံရေးအာဏာအတွက်အဆုံးအဖြတ်ဖြစ်သော်လည်း အင်အားသည်သာ အမှန်တရားဆိုတဲ့အယူအဆမျိုးထိ လမ်းကြောင်းတိမ်းချော်မသွားဖို့ အရေးကြီးတဲ့ အချိန်အခါလည်း ဖြစ်နေပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar