မောင်ဘဦး - အောင်စာရင်းတွေထွက်ပြီ တဲ့
Photo - RFA
အောင်စာရင်းတွေထွက်ပြီ တဲ့
မောင်ဘဦး
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၄
[××× ၄ နှစ်ပြည့်ခဲ့ရာ ×မြင်းလှည်းလေးပေါ်မှာ ×× ဘူတာကြီးဘက် ကိုယ်ထွက်ခဲ့ရတာ×××
×ကျောင်းကြီးကိုလေတစ်ခါ× ×နောက်ဆုံးအနေနဲ့ ကိုယ်ကြည့်မိတယ်ကွာ×××]
၄ နှစ်တည်းဟူသော အချိန်ကာလတစ်ခုသည်ကား ကြီးမားစွာသော ပြောင်းလဲမှူကြီးအတွက် အထိုက်အလျောက် လုံလောက်သည်ဟု ညွှန်ပြနေသည်လား မသိ။
အသစ်လဲလှယ်ပြီးသွားသော ဖုန်းအားသွင်းပေါက်လေးကို ပြန်လည်စစ် ဆေးကြည့်လိုက်ပြီး၊ ဖုန်းပိုင်ရှင်အမည်ကပ်ထားသော စတစ်ကာအောက်တွင် ကျသင့်ငွေကို ရေးကာ၊ လာရွေးကြမည့် ဖုန်းအန်ဆွဲထဲသို့ ထည့်လိုက်သည်။
ဖုန်းဆိုင်ရှေ့ လမ်းတဖက်က အမ်အီးစီဆရာအတတ်သင်၏ အလယ်တန်းကျောင်းရှေ့မှာတော့ ကျောင်းလာပို့ကြသည့် မိဘများ၏ ဆိုင်ကယ်တွေ, ကားတွေက တရုံးရုံး။ ကျောင်းသံတံခါးကြီး၏ လူဝင်ပေါက်လေး မလှပ်ခင်ထိ အချိန်တော်တော်ကြာအောင် လမ်းပိတ်သွားသည်ကို ငေးကြည့်နေမိ သည်။ သင်ကြားပေးမည့် နန်းဆရာဆရာမတွေရှိလို့ ဖွင့်နိုင်တာလား၊ သင်ယူမည့် ကဲကဲလှူပ်မိဘတွေ၏ သားသမီးတွေရှိလို့ ဖွင့်နိုင်တာလား။ ဒါမှမဟုတ် စိုင်းထီးဆိုင်သီချင်းထဲကလို နှစ်ခုစလုံးများလား။ မဝေခွဲတတ်တော့။ ညနေပိုင်း ကျောင်းဆင်းချိန်မှာလည်း သည်လိုပဲ ကျောင်းလာကြိုသူတွေနှင့် လမ်းပိတ်လိမ့်ဦးမည်။ ကျောင်းကြိုတွေပြန်သွားပြီးမကြာမီ သူတို့လည်း ဖုန်းဆိုင်ကိုပိတ် ကာ ရွာသို့ပြန်ရပါဦးမည်။ အမေက "မလာခဲ့နဲ့၊ ရွာက ပြေးနေရတယ်" လို့များ ဖုန်းဆက်ပြောရင်ဖြင့် ဒီမှာတင် ဖြစ်သလိုစား ဖြစ်သလိုအိပ်ရမည်ပဲပေါ့။
"ဘာတွေငေးနေတာလဲဟ၊ ငါဈေးဝယ်ရင်း ရွာကလာတာ။ ဆိုင်ကယ်မိုဘိုင်း ဈေးလိုက်ရောင်းမလို့ လာကြည့်တာ။ စကားမစပ် ဆယ်တန်းအောင်စာရင်းတွေ ထွက်ပြီတဲ့ လပြည့်ငြိမ်း"
မြင့်မြင့်သူက ဖုန်းလေးကိုဖွင့်ပြရင်း သတင်းလာပို့သည်။ သူမ၏ဆိုင်ကယ် ကယ်ရီယာတွင် ဈေး ရောင်းဖို့ သံပန်းတွေတပ်ထားသည်ပဲ။ ပြလာသော ဖုန်းလေးကို တချက်စောင်းငဲ့ကြည့်လိုက်သည်။ တဆက်တည်း အောက်ဖက်က ပို့စ်လေးကိုပါ ဖတ်ကြည့်လိုက်မိသည်။
"ကွန်ဂရက်ကျူလေးရှင်းပါ တူလေးရေ။ ဂရိတ်-တွဲ (G-12) မှာ ၅ ဘာသာဂုဏ်ထူး။ ကျန်တစ် ဘာသာလည်း ဂုဏ်ထူးမှတ်နားကပ်နေမှာပါကွာ" ...တဲ့။
လပြည့်ငြိမ်း ပြုံးလိုက်မိသည်။ တဆက်တည်း အမျိုးအမည်မသိ ဝေဒနာတစ်ခုကိုပါ ခံစားလိုက်ရသည်။ မနှစ်က သည်အချိန် သည်လိုပဲ ခံစားခဲ့ရဖူးသည်။ သည်နှစ်ကတော့ ပိုပြီး ခံစားရသည်ဟု ထင်သည်။
မြင့်မြင့်သူ၊ နဒီစိုး၊ လပြည့်ငြိမ်းနှင့် ဟိန်းထက်တို့သည် အောက်ချင်းတွင်းအရှေ့ခြမ်း အညာဒေသ အခြေခံပညာမူလတန်းလွန် ကျောင်းလေးတစ်ကျောင်းမှ သူငယ်ချင်းများဖြစ်ကြ၏။ နောက်ခံဘက်ဂရောင်းအခြေအနေ မတူကြလေငြား၊ သူတို့အားလုံး ကျောင်းစာမှာ တော်ကြသည်။ မူလတန်းကနေ အလယ်တန်းအထိ လပြည့်ငြိမ်းနဲ့ ဟိန်းထက်က အမြဲတမ်း ပထမနှင့် ဒုတိယ။ မြင့်မြင့်သူနဲ့ နဒီစိုးက တတိယနှင့် စတုတ္ထ။ တလှည့်စီ။ ၄ဦးစလုံးပင် သင်္ချာမှာ တန်းစဉ် အမှတ်ပြည့် ၁၀၀-ရသူချည်း။
"အောင်စာရင်းတွေထွက်တာ ဒို့နဲ့ မဆိုင်တော့ပါဘူးအေ၊ ဒို့က ကျောင်းမှ မတက်တာကြီး၊ ကျောင်းမှ တက်လို့မရတာကြီး"
ဟုတ်သည်။ ၂၀၂၀ ကိုဗစ်ကာလ၊ တစ်လနှစ်လတင် ကျောင်းတက်လိုက်ရပြီး ကျောင်းတွေပိတ်တော့ လပြည့်ငြိမ်းတို့ ရွာကျောင်းမှာ ရှစ်တန်း။ ၂၀၂၁ မအလစစ်အာဏာသိမ်း ဆန္ဒတွေပြကြတော့ ကိုးတန်း။ ပြီးတော့ ကိုဗစ်ကြီး။ သည်ကတည်းက အခြေခံပညာ ကျောင်းစာသင်ယူခြင်းနှင့် ခွဲခွာခဲ့ရသည်မှာ သည်နေ့သည်အချိန်ထိ။ ၄ နှစ်တိုင်ခဲ့ပြီ။
အညာစာသင်ကျောင်းတွေမှာက မြို့နေသူများထဲမှ အချို့သာ ကျောင်းပြန်တက်ကြငြား၊ အများစုမှာ ကျောင်းမတက်ကြတော့။ စီဒီအမ်လုပ်ကြသည်။ နယ်ကျေးရွာများမှဆိုလျှင် ကျောင်းဆက်တက်ကြသူမရှိသလောက် နည်းလှသည်။
ကျောင်းမတက်ရသည့် ပထမ ၁နှစ်ကတော့ ပျော်လိုက်သည်ဖြစ်ခြင်း။ ဒုတိယ ၂ နှစ်မြောက်မှာ သိပ်မပျော်တော့။ တတိယ ၃ နှစ်မြောက်ကတော့ လုံးဝကို မပျော်။ ဒီကာလတွေအတွင်း ဆံပင် ညှပ်ဆိုင်၊ ရေဆေးဆီလိုက်၊ ဆိုင်ကယ်ဝပ်ရှော့တွေမှာ ရောက်ခဲ့ဖူးပြီ။ အခုနောက်ဆုံး ဖုန်းပြင်ဆိုင်မှာ မြဲနေသည်။
ကျောင်းမတက်ကြတော့သည့် နောက်တစ်နှစ်တွင် တတ်နှိုင်သည့် မိဘတချို့က သားသမီးများကို ရန်ကုန် မန္တလေး မေမြို့က ဘော်ဒါဆောင်တွေဆီ အပ်ကြသည်။ ရွာနဲ့ ရွာနီးချုပ်စပ်က ၄,၅ ယောက်လောက် ရှိသည်။
ဟိန်းထက်ကြီးကိုတော့ သူ့မိဘတွေက ဘော်ဒါအပ်ခဲ့ပေမင့် တစ်လလောက်နှင့် ပြန်လာပြီး ပီဒီအက်ထဲလိုက်သွားခဲ့သည်။ လပြည့်ငြိမ်းနှင့် မြင့်မြင့်သူတို့ကတော့ ဘော်ဒါ မအပ်နိုင်။ နဒီစိုးကမူ ဆေးဝါးကျွမ်းကျင် ၃ လပြတ်သင်တန်းတက်ပြီး ဆေးခန်းကြီးတစ်ခုတွင် လုပ်နေသည်။
"ငါနဲ့အတူ မြစ်အနောက်ဖက် လိုက်ခဲ့ပါလား လပြည့်ငြိမ်း။ ဟိုမှာက စစ်ပညာချည်းသင်တာမဟုတ်ဘူးကွ။ ကျောင်းလည်း တက်ရတယ်။ တက္ကသိုလ်တောင် ဖွင့်နိုင်နေပြီကွ "
သင်တန်းမှ ခေတ္တပြန်လာခိုက် ဟိန်းထက်က သူငယ်ချင်းတွေကို လိုက်ဖို့ ခေါ်သည်။ အတွေ့အကြုံတချို့ကို ဖေါက်သည်ချသည်။ လေ့ကျင့်ရသည့်အကြောင်း၊ ထမင်းမစားမီ သစ္စာဆိုဆုတောင်းရသည့်အကြောင်း၊ ညအိပ်ကြရင် ဆရာကသေနတ်လာခိုးလို့ မနိုးရင် ဒိုက်ထိုးဒဏ်ထမ်းရသည့်အကြောင်း၊ စုံလှသည်။ ဟိန်းထက်ကြီး ခန္ဓာကိုယ်တွေ ကြံ့ခိုင်တောင့် တင်းလာပါလား။ အပြောအဆိုတွေကလည်း ဟိုတုန်းကလို ပြောင်ချော် ချော်မဟုတ်တော့။
ဟိန်းထက်ကခေါ်ပေသိ မိဘတွေက ခွင့်မပြု၊ မလိုက်ရ။ ဟိန်းထက်လိုလည်း မိဘကို မတော်လှန်ရဲ။ မိသားစု စားဝတ်နေရေးက ရှိသေးလို့ဖြစ် သည်။ တကယ်တမ်း မိဘတွေကလည်း မလိုက်စေချင်။ ယုတ်စွအဆုံး ကျေးရွာလုံခြုံရေးသင်တန်းကိုပင် မတက်စေချင်။ ကျေးရွာလုံခြုံရေးသင်တန်း ပေးစဉ် မိဘတွေမသိအောင် စာရင်းပေးလိုက်ပေသိ တကယ်သင်တန်းဖွင့်တော့ မိဘတွေက မတက်ရ။
ကျေးရွာလုံခြုံရေးသင်တန်းပေးစဉ်က မြင့်မြင့်သူတစ်ယောက်သာ သင် တန်းတက်ဖူးသည်။ စာရင်းပေးစဉ်က တက်ရောက်လိုသူဦးရေများသော်လည်း၊ လက်တွေ့သင်တန်းမှာတော့ ယောက်ျားလေးတချို့သာ တက်ကြသည်။ မိန်းကလေးထဲမှာတော့ မြင့်မြင့်သူတစ်ယောက်တည်း။ ဒါက အောက်ချင်းတွင်း မြစ်အရှေ့ကြောက ရွာတွေတိုင်း။
အညာဒေသ အောက်ချင်းတွင်းတွင် တော်လှန်ရေးနဲ့ပတ်သက်၍ မြစ်အနောက်ဖက်နှင့် မြစ်အရှေ့ဖက်က တော်တော်ကွာခြားသည်။ မြစ်အနောက်ဖက် ရွာတိုင်းရွာတိုင်းမှာက ပီဒီအက်တွေ ခြေချင်းလိမ်အောင်ရှိနေပြီး၊ အန်နျူဂျီစာသင်ကျောင်းတွေ, ဆေးခန်းတွေပါ ရှိသည်။ ပညာရေးစုံညီ ပွဲတွေပင် လုပ်ကြသေးသည်။ ၃-၄၀၀ နီးပါး လာရောက်တက်ခဲ့ကြသည်။ ဈေးရောင်းပွဲတွေနှင့် ပျော်စရာပင် ကောင်းသေးတော့။
မြစ်အရှေ့ဖက်မှာတော့ ပီဒီအက်က ကျိုးကြားကျိုးကြား လောက်သာ ရှိပြီး၊ ပီဒီအက် လုံးဝမရှိသေးသည့် ရွာပင် ရှိသေးသည်။ စာသင်ကျောင်းဟူ၍လည်း ကောင်းကောင်း မဖွင့်နိုင်ကြ။ ဆရာဆရာမတွေကလည်း စီဒီအမ်ဝင်လိုက်၊ ပြန်ထွက်လိုက်။ မြို့နယ်၏ ကြီးကြပ်မှူဖြင့် ကျောင်းဖွင့်ဖို့ စည်းဝေးလိုက်ကြ၊ နေရာဌာန, လုံခြုံရေး အကြောင်းပြပြီး ဒီလိုပဲ နေလိုက်ကြဖြင့် ယနေ့ထိ မဖွင့်နှိုင်သေး။
နန်းကနေ စီဒီအမ်ဝင်လာကြသူ ဆရာဆရာမတွေက မြစ်အနောက်ဖက်ရော အရှေ့ဖက်ရောမှာပါ တော်တော် အတိုင်အတော ထူကြသည်။
"ကျမကို စီဒီအမ်ဝင်တာ နောက်ကျလို့ ပကဖ,ပအဖ,ပလဖတွေက ဒဏ်ရိုက်ပါသည်။ အင်နျူဂျီအနေနှင့် ဒဏ်ရိုက်ဖို့ ညွှန်ကြားထားပါသလား" တဲ့။
တချို့နန်းတွေက စကစ၏ စစ်ထဲဝင်ရမည့် အရေးကြောင့် စီဒီအမ်ဝင်လာကြပြီး၊ အချို့မှာ ဒေသခံ ပီဒီအက်တွေ နည်းနည်းပိုအားကောင်းလာလို့ စီအမ်လုပ်လာကြခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နန်းကနေ စီဒီအမ်ဝင်လာသူတွေကို ကြိုဆိုပါသည်။ စစ်ပွဲတွင်ပင် ရှူံးခါနီး တပ်ကူရောက်မလာ၍ အလံဖြူထောင်ကြသေးသည်ပဲ။
တကယ်တမ်းတော့ ဝန်ထမ်းတိုင်းသာ ညီညီညွတ်ညွတ်နှင့် စောစီးစွာ ရုန်းထွက်ခဲ့ပါမူ တလရကြီး သည်လောက်ထိ ကြာမည် မဟုတ်။ ၃ နှစ်၃ မိုး,၄ နှစ်၄ မိုး စောစီးစွာစီဒီအမ်ဝင်ပြီး ဒုက္ခသုက္ခ ခါး စည်းခံကြရသူတွေနှင့်တော့ လယ်ပယ်ထားလို့မရ။ စောစီးစွာ စီဒီအမ်ဝင်သူများကိုတော့ အထူး တလည် လေးစားရမည်။
အောက်ချင်းတွင်းအညာဒေသသည်ကား၊ စခတွေဝင်လာလျှင် ပြေးလိုက်၊ ပြန်ထွက်သွားလျှင် ပြန်နေလိုက်ဖြင့် အေးအေးနေချင်ကြသည့် သဘော။ သည်လိုနှင့် နေအိမ်တစ်လုံး၊ သည့်နောက် နေ အိမ် ၅ လုံးလောက်၊ သည့် နောက် ၁၅ လုံး၊ သည့်နောက်သည့်နောက် ရွာတစ်ခြမ်းလုံးကုန်သည်အထိ မီးရှိူ့ခံကြရသည်။ တခါတရံ လက်နက်ကြီးက ကျတတ်သေးသည်။ မီးရှိူ့ခံရင်း၊ ပြေးလိုက်ကြ ပြန်နေလိုက်ကြသည့် အောက်ချင်းတွင်းက အညာရပ် ပါလေ။ ခြင်္သေ့တွေ ဝိုင်းနေငြား မြက်စားမပျက်သည့် တောကျွဲတွေ အလား။
တော်လှန်ရေးကာလအတွက် ဗုံးခိုကျင်း တူးသည့်ရွာဟူ၍ ယနေ့ထိ မရှိသေး။ မကြားဖူးသေး။ ရွာတစ်ရွာ၌ဆိုလျှင် ၎င်းရွာတွင် မြေကွက်ဝယ်တိုက်ဆောက်ကာ အခြေချနေထိုင်သည့် တပ်ကြပ်ကြီးတစ်ဦး၏ အိမ် ထောင်ပရိဘောဂ သေတ္တာများကိုပင် ရွှေ့ပြောင်းသယ်ယူ ထိန်းသိမ်းစောင့်ရှောက်ပေးထားသည့် ပုဂ္ဂိုလ်ပင် ရှိသည်တဲ့။ "သူ့ကြောင့်မို့ ဒို့ရွာ အိမ် ၃၀ လောက်ပဲ မီးရှို့ခံရတာ" ဆိုပါလား။ တော်လှန်ရေးစိတ်ဓာတ်၊ တော်လှန်ရေးဗဟုသုတ အလွန်နည်းပါးကြသည်။ တကယ်တမ်း အာဏာသိမ်းစစ်တပ် ရှိနေသမျှကာလပတ်လုံး ဘယ်ရောအခါမှ မအေးဆေးနိုင်။ ဒါကို သဘော ပေါက်ကြရမည်။
ကျောင်းတက်ရမည့်အရွယ်၌ ကျောင်းတက်နေရခြင်းက အကောင်းဆုံးဖြစ်သော်လည်း မတက်လိုက်ရ၍ စိတ်ပျက်ရန်မလို။ ကောင်းမွန်မှန်ကန်သည့်ပညာရေးစနစ်တွင် မည်သည့်အသက်အရွယ်မဆို ကျောင်းပြန်တက်ခွင့် ရှိပါ၏။ ကျောင်းမတက်ရငြားလည်း ယခုချိန်အထိ ရသမျှ အတွေ့ အကြုံတွေသည် ရှေ့ဆက်ရမယ့်ခရီး၌ သေချာပေါက် အသုံးဝင်မည့် ဘဝသင်ခန်းစာတွေချည်း။
"ကျောင်းမသွားတဲ့ ကလေးတွေက ကျောင်းသွားတဲ့ကလေးတွေထက် ပိုပြီး ဆင်ခြင်တုံတရား ရှိတယ်ဆိုတာ တွေ့လိုက်ရတယ်။"
(ဒေါ်အောင်ဆန်းစုကြည်)
ဤစာစုဖြင့် အမေစုမွေးနေ့ကို ကြိုဆိုလိုက်ပါသည်။
နွေဦးတော်လှန်ရေး၏ တော်လှန်ပုဂ္ဂိုလ်ဟူသမျှ ဘေးဘယာ ဝေးကွာ၊ ချမ်းသာကြပါစေ။
မောင်ဘဦး
(၈၆၊ ယုန်ဆန်း ၁၁)
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar