ဝင်းတင့်ထွန်း - ဇွန် ( ၆ ) မြင်ကွင်း ရင်တွင်းမှတ်တမ်း...
ဇွန် ( ၆ ) မြင်ကွင်း ရင်တွင်းမှတ်တမ်း...
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၆၊ ၂၀၂၄
ဗမာပြည်အလုပ်သမားလူတန်းစားဟာ။ ခေတ်မီအလုပ်သမားလူတန်းစားအဖြစ် စတင်ဖြစ်တည်လာစဉ်ကတည်းက။ အလုပ်သမားလူတန်းစားရဲ့ သူရသတ္တိကို ပြသခဲ့တယ်။ နိုင်ငံရေးနိုးကြားမှုကို ပြသခဲ့ပါတယ်။
နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ လက်အောက်မှာ ‘၁၃၀ဝ ပြည့်အရေးတော်ပုံကြီး နဲ့ပြသခဲ့တယ်။ စက္ကူဖြူ စီမံကိန်းနဲ့ ကက်စဘီအုပ်ချုပ်ရေးခေတ်တလျှောက်မှာလဲ။ ဘီအိုစီ အလုပ်သမားသပိတ်။ ဒလသင်္ဘောကျင်းသပိတ်။ အလုံသစ်စက်သပိတ် စတဲ့ သပိတ်တိုက်ပွဲတွေနဲ့ အင်္ဂလိပ်ကိုလိုနီအစိုးရကို ဆန့်ကျင်ရင်း ‘၁၉၄၆ ခုနှစ် အထွေထွေသပိတ်ကြီးဆီအထိ ဦးတည်ခေါင်းဆောင် လှုပ်ရှားနိုင်ခဲ့ပါတယ်။
မဆလ ခေတ်ကို ရောက်တော့လဲဖောက်ပြန်ဆိုးဝါးလှတဲ့ မဆလတပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန် တိုက်ပွဲဆင်ခဲ့ပါတယ်။
ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ ဘယ်တော့မှ ဖျောက်ကွယ်ချန် လှပ်ထားလို့မရနိုင်တဲ့ အလုပ်သမားတိုက်ပွဲတခုကတော့ ၁၉၇၄ ခုနှစ်ဇွန် (၆) ရက်အလုပ်သမားသပိတ်ကြီးပဲ ဖြစ်ပါတယ်။
‘ ၇၄ ဇွန် (၆) အလုပ်သမားသပိတ်ကြီးလို့ မော်ကွန်းထိုးထားရမယ့် အလုပ်သမားသပိတ်တိုက်ပွဲကြီးပဲ ဖြစ်ပါတယ်။
ဒီ သပိတ်ကြီးကို မဆလစစ်အာဏာရှင်တွေဟာ ထုံးစံအတိုင်း အကြမ်းဖက်ဖြို ခွဲပြီး နှိပ်ကွပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် သွေးမြေကျရမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဇွန်(၆)ရက်နေ့မှာပဲ ပထမဆုံးသွေးမြေ ကျခဲ့ရတဲ့နေရာကတော့ ရန်ကုန် သမိုင်းချည်စက်ရှေ့မှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အဖြစ်အပျက်ကို ကိုယ်တွေ့တွေကြုံခဲ့ဖူးသူတယောက်အနေနဲ့ မြင်ရာဒေါင့်ကနေ လေးလေးနက်နက် မှတ်တမ်းတင် ဖော်ပြပါရစေ ...
......
၁၉၇၄ ခုနှစ် ဇွန်လ (၆) ရက်
မနက်မိုးလင်းလို့ စက်ရုံအလုပ်သမားကြီးတွေ အလုပ်ဆိုင်းအလိုက် အလုပ်ဝင်ကြချိန်သာသာလောက်မှာပဲ ရန်ကုန်အင်းစိန်လမ်းကြီးတလျှောက် ကြွေးကြော်သံတွေ ပျံ့နှံ့ဝေစည် လာပါတယ်။
ဒို့အရေး ...ဒို့အရေးဆိုတဲ့ ကြွေးကြော်သံတွေဟာ ပထမတော့ ခပ်ပါးပါး ခပ်သဲ့သဲ့လေးပါ ။ နောက်တော့ တစထက်တစ ...
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ....
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ....
‘ ကုန်ဈေးနှုန်း ကျဆင်းရေး - ဒို့အရေး ဒို့အရေး ....
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ...
ကြွေးကြော်သံတွေဟာ မုတ်သုန်အကြို မိုးသက်လေနဲ့အတူ လမ်းမကြီးတွေပေါ် ရပ်ကွက်တွေပေါ် ဝဲပျံလွင့်စင်နေပါတယ်။
ကျနော်ဟာ အင်းစိန်မီးရထားစက်ခေါင်းရုံဖက်ဆီ ပြေး}ကည့်မိပါတယ်။ အလုပ်သမားထုရဲ့ကြွေးကြော်သံတွေဟာ မိုးလုံးညံအောင် ထွက်ပေါ်လာနေပါတယ်။ အဲဒီကနေ အင်းစိန်လမ်းမကြီးပေါ် ပြန်တက်လာ။ အင်းစိန်လမ်းမကြီးတလျှောက်အတိုင်း ကုန်းကြောင်းလျှောက်ပြီး ပြန်လာတော့ ခဝဲခြံမှတ်တိုင်ရှေ့တည့်တည့်က ၅ သုံးလုံးရာဘာဖိနပ်စက်ရုံကြီးအတွင်းမှာလဲ လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။ ဒီစက်ရုံထဲမှာ ကျနော့်မိတ်ဆွေရင်းချာ အလုပ်သမားတချို့ရှိနေတဲ့အတွက် ခဏရပ်ကြည့်လိုက်မိပါတယ်။ မကြာခင် ကြွေးကြော်သံတွေ ထွက်လာပါတယ်။ ဆက်ပြီးထွက်လာတော့ ...သမိုင်းလမ်းဆုံက ဓာတု ( ၄) ၊ ဓာတု ( ၆ )စက်ရုံတွေက ကြွေးကြော်သံတွေဟာလဲ ရှေ့ဆင့် နောက်ဆင့်ထွက်လာတာ ကြားရ ပြန်ပါတယ်။ ရှေ့ဆက်တက်လာတော့ ‘သမိုင်းချည်မျှင် နှင့် အထည်စက်ရုံ ။
‘ ဆန်လုံလောက်စွာ ရ ရှိရေး - ဒို့အရေး ဒို့အရေး ....
‘ လုပ်ခွင်သက်သာချောင်ချိရေး - ဒို့အရေး ဒို့အရေး ....
‘ ကုန်ဈေးနှုန်းကျဆင်းရေး - ဒို့အရေး ဒို့အရေး ....
‘ အလုပ်သမားကောင်စီ - ဖျက်သိမ်းပေး ဖျက်သိမ်းပေး ....
ကြွေးကြော်သံတွေဟာ စက်ရုံတွေအတွင်းကနေ ညီညီညာညာထွက်ပေါ်လာနေပါတယ်။ ပထမတော့ အတွင်းပိုင်းစက်ရုံတွေအတွင်းကနေပဲ ထွက်ပေါ်လာနေတာပါ။
သမိုင်းချည်မျှင်နှင့်အထည်စက်ရုံကြီးရဲ့ တည်ဆောက်ထားပုံက။ လမ်းမကြီးဘက် (ဆိုင်းဘုတ်ကြီးထူထားတဲ့ဘက်) မြေကွက်လပ်ကျယ်ကြီးပေါ်မှာ ဂိတ်ပေါက်သံတံခါးကြီးနဲ့အနီးမှာ တထပ်တိုက်အဆောက်အဦ အရှည်ကြီးတခု ရှိပါတယ်။ အဲဒီအဆောက်အဦမှာ ရုံးခန်းနဲ့ ငွေစာရင်းဌာနတို့ ဆိုတာတွေ ရှိပါတယ်။ တဆက်တည်းမှာ အလုပ်သမားကောင်စီလို့ ဆိုင်းဘုတ်တပ်ထားတဲ့ အလုပ် သမားကိုယ်စားလှယ်အစစ်အမှန်မဟုတ်တဲ့ အလုပ်သမားမင်းသားများရဲ့အခန်းရှိပါတယ်။ အဲဒါတွေပြီးတဲ့နောက် သံတံခါးနဲ့ထပ်ပြီးခြားထားတဲ့ ဝန်းပြင်ကျယ်ကြီးပေါ်မှာ ချည်မျှင်နဲ့အထည်စက်ရုံတွေ သူ့ရုံနဲ့သူ အစီအရီ တန်းစီတည်ရှိနေပါတယ်။ ပထမဆုံး ကြွေးကြော်သံတွေတိုင်နေ ထွက်နေတဲ့နေရာက အဲဒီအတွင်းစက်ရုံတွေအတွင်းကပါ။ နောက် မကြာမီမှာပဲ အထဲက သပိတ်ခေါင်း ဆောင်တချို့ထွက်လာပြီး။ လမ်းမကြီးဘေးက ဂိတ်ပေါက်ဝကြီးဆီ ရောက်လာတာတွေ့ရပါတယ်။
ဂိတ်ဝသံတံခါးဘေးမှာ စားပွဲခုံတလုံးကို ချလိုက်ပြီး စားပွဲပေါ်တက်ပြီး မတ်တပ်ရပ်ကာ သပိတ်တရားကို ဟောကြပါတယ်။
အလုပ်သမားထုတရပ်လုံး အလုပ်လုပ်နေကြရင်းက ထမင်းငတ်နေရတဲ့အကြောင်း၊ ဒါကြောင့် ဆန်လုံလောက်စွာ ရရှိဖို့တောင်းဆိုနေရတာဖြစ်ကြောင်း၊ အလုပ်ခွင်ထဲမှာလဲ အာမခံချက်မဲ့လှတဲ့အခြေအနေေကြောင့် လုပ်ခွင်သက်သာချောင်ချိရေးကို ဖန်တီးပေးဖို့တောင်းဆိုနေရတာဖြစ်သလို လမ်းစဉ်ပါတီရဲ့ဦးဆောင်မှုဆိုတာနဲ့အတူ စက်ရုံအလုပ်ရုံတွေထဲမှာလဲ အလုပ်သမားကောင်စီဆိုတာတွေ ပေါ်လာပြီး၊ ဒီအလုပ်သမားကောင်စီတွေဟာ အလုပ်သမားတွေအတွက် ဘာမှလုပ်မပေးတဲ့အပြင် ဖိနှိပ်ဒုက္ခပေး ဗိုလ်ကျနေတဲ့အဖွဲ့အစည်းတရပ်အဖြစ်ပဲ လက်တွေ့ဆောင်ရွက်နေတာဖြစ်တဲ့အကြောင်း၊ ဒါကြောင့် ဒီအလုပ်သမားကောင်စီဆိုတာတွေကို ဖျက်သိမ်းပေးဖို့တောင်းဆိုနေကြရတာဖြစ်ကြောင်း ဟောကြ ပြောကြရှင်းပြကြပါတယ်။
လက်တွေ့ဘဝထဲက လာတဲ့ လက်တွေ့ခံစားနေရတဲ့ အကျပ်အတည်းတွေကြောင့် လက်တွေ့လို အပ်ချက်အစစ်အမှန်ကို ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်နေကြတဲ့အလုပ်သမားတွေရဲ့တောင်းဆိုချက်ကြွေးကြော်သံတွေဟာ အင်မတန်မှ တရားမျှတပြီး အင်မတန်မှကြောင်းကျိုးကျ တဲ့တောင်းဆိုချက်တွေလဲ ဖြစ်နေပါတယ်။
ကျနော်အပါအဝင် ရပ်ကွက်တွေထဲက လာရောက်နားထောင်ကြသူ ကြည့်ကြ ရှုကြ အားပေးကြသူတွေလဲ တဖြည်းဖြည်း များလာပါတယ်။ တချို့ကလဲ သပိတ်မှောက်နေတဲ့ ဒီစက်ရုံထဲမှာ ကိုယ့်မိ ကိုယ့်ဖ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတွေပါ ပါနေလို့အခြေအနေလာကြည့်ကြသူမျိုးတွေလဲ ပါနေပါတယ်။
ဂိတ်ဝအတွင်းဖက် သံတံခါးကြီးဘေးမှာ တောင်းကြီးတလုံးကိုကပ်ချထားပြီး သပိတ်ကို သပိတ် မှောက်တိုက်ပွဲဝင်နေကြတဲ့ အလုပ်သမားကြီးတွေကို အစာရေစာအဖြစ် လှူဒါန်းကူညီနိုင်ဖို့ မေတ္တာ ရပ်ခံစီစဉ်ထားတဲ့အတွက် ဆေးလိပ် ထမင်းထုပ် မုန့်ပဲသရေစာတွေ လာရောက်ကူညီလှူဒါန်းကြတာလဲ တွေ့ရပါတယ်။ ကျနော်လဲ အိပ်ကပ်ထဲ ပါလာခဲ့တဲ့ ပိုက်ဆံလေးနဲ့ဆေးပေါ့လိပ်တစီး၊ ငှက် ပျော နှစ်ဖီးဝယ်ပြီး သံတိုင်ကြားကနေ လက်လျှိူ ထည့်ဝင် လှူဒါန်းလိုက်ရပါတယ်။ အလှူခံတောင်းကြီးဟာ တခဏတွင်းမှာပဲ အပြည့်အမောက်ဖြစ်ဖြစ်သွားတာ တွေ့ရပါတယ်။
အဲဒီအချိန်မှာပဲ သမိုင်းချည်စက်နဲ့ သိပ်မဝေးလှတဲ့ အုတ်ကျင်း ဂုံနီစက်ရုံကြီးအတွင်းမှာလဲ အလုပ် သမားထုဟာ အလုပ်သမားသပိတ်တိုက်ပွဲကြီးကို ဆင်နွဲနေကြပါ ပြီ။ ကြွေးကြော်သံတွေဟာ စက် ရုံတခုနဲ့ စက်ရုံတခု ဆက်နေပြီး စည်စည်ညံအောင် လွင့်ပျံ ဝေ့ဝဲနေပါတော့တယ်။
ဆင်မလိုက်သင်္ဘောကျင်းကလဲ သပိတ်မှောက်နေသတဲ့။ ဆပ်ပြာစက်ရုံကလဲ သပိတ်မှောက်နေ သတဲ့။ သံမဏိစက်ရုံကလဲ သပိတ်မှောက်နေ သတဲ့ ...ဆိုတဲ့အသံတွေဟာလဲ နေရာပေါင်းစုံကနေ ပျံ့နှံ့ဝင်လာပါတယ်။
အဲဒီအချိန်မှာပဲ ရန်ကုန်မိုးလေး တဖြိုက်နှစ်ဖြိုက် ရွာကျ လာပါတယ်။ ဇွန်လရဲ့မိုးရေစက်တွေဟာ ခပ်ဖွဲဖွဲလေးပါ ပဲ။ သမိုင်းချည်စက်ရှေ့က လူအုပ်ကြီးဟာ လူစုကွဲ မသွားခဲ့ပါဘူး။ အင်းစိန်လမ်းမကြီးရဲ့ ဘေးတဖက်တချက်က ပလက်ဖောင်းတွေပေါ်မှာ လူတွေတောင် တဖြည်းဖြည်း ပိုပိုများလာပါတယ်။
နေ့လည်လောက်မှာ စစ်ကားတွေတန်းစီပြီး မြို့ထဲဖက်ကနေ ဝင်လာပါတယ်။ ဆယ်စီးလောက် ရှိပါတယ်။ နောက်ဆုံးကားတွေပေါ်မှာ သံပေပါကြီးတွေရော သံဆူးကြိုးလိပ်တွေပါ ပါလာခဲ့ပါတယ်။ ကားတိုင်းပေါ်မှာ မျက်နှာထားတင်းတင်းနဲ့ လက်နက်အပြည့်အစုံ၊ အီကွေးမင့်အပြည့်အစုံနဲ့စစ်သားတွေ အပြည့်။ သေနတ်တွေမှာလဲ ဘက်နက်တွေ အဆင်သင့်တပ်ထား လို့။ တချို့က ခါးမှာ မျက်ရည်ယိုဗုံးတွေ အပြည့်ပတ်ထားလို့။ ရှေ့တန်းစစ်မျက်နှာမှာ ကတုတ်ကျင်းတခုခုကို အတင်းဝင်ရောက်သိမ်းဖို့အသင့်ပြင်ဆင်လာခဲ့တဲ့ ပုံစံမျိုး။ စစ်သားတချို့က နောက်ဆုံးကားတွေပေါ်က ပေပါခွံကြီးတွေကို ကားအောက်ချလိုက်ပြီး ပေတရာလမ်းမကြီးပေါ်မှာ စစ်ကားတန်းကြီးရဲ့နောက် တန်းစီပြီး ထောင်ထားလိုက်ကြတယ်။ ရှေ့ကားပေါ်က စစ်သားတချို့လဲ ဆင်းလာပြီး စက်ရုံဂိတ်ဝအပေါက်နဲ့ ဝါးတရိုက်လောက်အကွာမှာပဲ ပေတရာလမ်းမကြီးပေါ် ကန့်လန့်ဖြတ်ပြီး မျဉ်းဖြူသုံးကြောင်း စည်းသားရေးဆွဲလိုက်ကြတယ်။ အဲဒီမျဉ်းဖြူသုံးကြောင်းရဲ့တလံကွာလောက်မှာ ဘက်နက်တပ် သေနတ်ကိုင်စစ်သားလေးယောက်ဟာ ရင်ဘောင်တန်းပြီး အသင့်အနေအထားနဲ့ မတ်တပ်ရပ်နေကြတယ်။ အဲဒီနောက်မှာ တလံကွာလောက်ဆီမှာ နောက်တတန်း နောက်တတန်း ထပ်ပြီး ထပ်ပြီး မတ်တပ်ရပ်နေကြတယ်။ ဗိုလ်လုပ်တဲ့သူက ကားရှေ့ဘေးမှာ မတ်တပ်ရပ်နေပြီး လက်ထဲမှာ စကားပြောစက်ကိုကိုင်ထားရင်း အဆက်မပြတ်မေးလိုက် ဖြေလိုက် သတင်းအပို့အယူတွေ လုပ်နေတယ်။
ကားပေါ်မှာလဲ လက်နက်ကိုင်စစ်သားတွေက အပြည့်။
စက်ရုံ အလုပ်သမားကြီးတွေက အတွင်းစက်ရုံတွေထဲကနေ ကြွေးကြော်သံတွေ တိုင်နေကြသလို ဂိတ်ဝကြီးအနီး အပြင်ဝင်းထဲကနေလဲ ကြွေးကြော်သံတွေ အတိုင်အဖောက်ညီညီ အော်နေကြတယ်။ ဒီမြင်ကွင်းကို မြင်နေရတဲ့ ပြည်သူလူထုဟာ ရင်ထဲမှာ လှုပ်ရှားမှုမျိုးစုံနဲ့နိုးကြွနေပြီး သပိတ် မှောက်အလုပ်သမားကြီးတွေရဲ့တိုက်ပွဲကို စိတ်ရောလူပါ အားပေးရင်း ရပ်ကြည့်နေမိကြတယ်။ စစ်တပ်ကတော့ မျဉ်းသားထားတဲ့ လမ်းမအတွင်း ဆင်းမလာနဲ့ လာတဲ့သူ ပစ်သတ်မယ် ထိုးသတ်မယ် ဆိုတဲ့အသွင်မျိုးနဲ့ ခပ်ထန်ထန်မျက်နှာကြောကို နှစ်ဆတိုးပြီး တင်းထားတယ်။ အဲဒီအချိန်မှာ ကျနော်လဲပဲ သပိတ်ကြီးကို ထောက်ခံသူတယောက်အဖြစ် အားပေးသူတယောက်အဖြစ် ပြည်သူပရိသတ်ကြီးကြားမှာ ပါဝင်တည်ရှိ ရပ်ကြည့်ငေးမောနေမိတယ်။
ဂိတ်ဝတံခါးကြီးရှေ့က ခုံပေါ်မှာ မတ်တပ်ရပ်ပြီး တရားဟောနေတဲ့ အလုပ်သမားခေါင်းဆောင်တဦးက ‘ကျနော်တို့ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြ သပိတ်မှောက်နေတာ ဖြစ်တယ်။ ကျနော်တို့အလုပ် သမားတွေရဲ့လိုလား ချက်တွေကို တရားမျှတစွာ တောင်းဆိုနေတာဖြစ်တယ်...ဆိုတဲ့အကြောင်းနဲ့ တောင်းဆိုချက်တွေကို တခုချင်း ထပ်ပြီးရှင်းပြနေတယ်။
အဲဒီအချိန်မှာ ဘတ်စ်ကားလိုင်းတွေလဲ ရပ်သွားလို့ ကုန်းကြောင်းလျှောက်ပြီး ပလက်ဖောင်းအတိုင်း ပြန်လာကြရတဲ့ အင်းစိန်ဘက်ကနေ မြို့ထဲဘက်ဆီ ပြန်ကြရမယ့် ဝန်ထမ်းတွေ၊ လက် လုပ်လက်စားတွေရော တိမွေးကုတက္ကသိုလ် စက်မှုတက္ကသိုလ်တို့ကနေ သမိုင်းအဆောင်တွေဆီ ပြန်ကြရမယ့် ကျောင်းသားကျောင်းသူတွေရော။ ကမာရွတ်ဘက်ကနေ အင်းစိန်ဘက် သမိုင်းဘက်ပြန်ကြရမယ့် ဝန်ထမ်းတွေ ဈေးသည်တွေပါ ဒီနေရာရှေ့ရောက်လာကြတော့ ဒီလို မြင်ကွင်းကြီးမျိုးကို မြင်လိုက်ကြရတော့ မတိုင်ပင်ရပဲနဲ့ ရပ်ကြည့်ပါဝင်လာကြသူတွေလဲ တဖြည်းဖြည်းများလာတယ်။ လူအုပ်ကြီးက ပိုပို များလာတယ်။ တချို့လဲ ဖြတ်သွားဖြတ်လာသဘော၊ တချို့လဲ ဘာများ ဆက်ဖြစ်ကြဦးမလဲ စောင့်ကြည့်ချင်ကြတဲ့သဘော သိချင်ကြတဲ့သဘော ခပ်ကြာကြာ။
တချို့ကတော့ အလုပ်သမားထုရဲ့ တိုက်ပွဲကြီးကို အားဖြည့်ပေးချင် အားရှိစေချင်တဲ့ စိတ်ပိုင်းဖြတ်မှုမျိုးနဲ့။ တချို့ကတော့ စစ်တပ်ကနေ၊ ဒီ သပိတ်မှောက်အလုပ်သမားတွေကို အတင့်ရဲရဲဝင်ပြီး အကြမ်းမဖက်ဝံ့အောင် အကြမ်းမဖက်နိုင်အောင် အကာအကွယ်ပေးတဲ့သဘောစောင့်ကြည့်နေတဲ့သဘော၊ သဘောထားအမျိုးမျိုး ခံစားမှုအဖုံဖုံနဲ့ ရပ်ကြည့်နေကြပါတယ်။ လူထုပရိသတ်ကြီးဟာ တဖြည်းဖြည်းများများလာနေတယ်။ သွားတဲ့သူ သွား။ လာတဲ့သူ လာနဲ့ လမ်းဟာ ပလက်ဖောင်းဘေး နှစ်ဖက်နှစ်ချက်မှာတော့ ပွင့်နေသေးတယ်။ အလျဉ်မပျက်စီးမျော လှုပ်ရှားနေပါတယ်။ အဲဒါကို စစ်တပ်က ဘယ်လိုမြင်မိပြီး ဘယ်လိုသဘောပေါက်လိုက်တယ် မသိပါဘူး။ ဘာဒါ ဘက်က အပေါက်ကို သွားလို့လာလို့ ဖြတ်သန်းလို့မရအောင် ပိတ်ပစ်လိုက်ပါတယ်။ အဲဒီတော့ အတွင်းပိုင်းက လူအုပ်ကြီးဟာ ရှိ ပြီးသားအတိုင်း ကျောက်ချထားသလို အသေဖြစ်သွားရပါတော့တယ်။
ဘာဒါ မှတ်တိုင်အနားက တန်းစီးရပ်ထားတဲ့ စစ်ကားတန်းကြီးရဲ့အဆုံး၊ ဝါး နှစ်ရိုက်သာသာလောက်မှာ လှိုင် ရဲစခန်း ရှိပါတယ်။
လမ်းမကြီးရဲံ တဖက်ခြမ်းမှာတော့ စက်မှု ရိပ်သာ နှစ်ထပ်တိုက်ဆောက်အဦးတွေ တန်းစီပြီး တည်ရှိနေပါတယ်။
အချိန်က တဖြည်းဖြည်းနဲ့ ညနေ သုံးနာရီ ကျော်လောက် ရှိလာ ပြီ။
ကြွေးကြော်သံတွေက ညံနေဆဲ။
အဲဒီအချိန်မှာ စကားပြောစက်ကို လက်ကမချ တမ်းကိုင်ပြီး စကားပြောနေတဲ့ စစ်ဗိုလ်က ဘယ်ကနေ ဘာအမိန့်ရလိုက်သလဲ မသိပါဘူး။ တစုံတရာလှမ်းပြောလိုက်တယ်။ မျက်ရည်ယိုဗုံးကိုင် စစ် သားတွေက မျက်ရည်ယိုဗုံးဝါဝါတွေကို ခါးကဖြုတ်ပြီး လက်ထဲကိုင်လိုက်ကြတာ သတိပြု လိုက်မိတယ်။ လူထုထဲမှာလဲ လှုပ်ခနဲ ဖြစ်သွားတယ်။ အဲဒီအချိန်မှာ လှိုင်ရဲစခန်းထဲက အဓိကရုဏ်နှိမ်နင်းရေးပုလိပ်တွေဟာ လက်တဖက်မှာ ဒိုင်းခြင်းကြား၊ လက်တဖက်မှာ တုတ်တွေကို ကိုယ်စီကိုင်ပြီး ထွက်လာတာ ခပ်ပျပျ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီဖက်ခြမ်းက နီးရာလူတွေကို လူအုပ်ကြီးထဲကနေ ဖြတ်သန်းရင်း ဘယ်ညာရိုက်ပါတော့တယ်။ အဲဒီတော့ လူတွေဟာလဲ ရှောင်ကြတိမ်းကြ ပြန်ခုခံကာကွယ်ကြနဲ့ ဝုန်းခနဲ ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။
ရှေ့ဆုံးစစ်သားတွေဖက်က မျက်ရည်ယိုဗုံး နှစ်လုံး လူအုပ်ကြီးဘက် ပြေးဝင်လာပါတယ်။ တရှူးရှူး မီးခိုးတွေနဲ့ မျက်ရည်ယိုဗုံးငွေ့ကြားမှာ လူထုပရိသတ်ကြီးဟာ ပလက်ဖောင်းပေါ်ကနေ
‘ ပစ် ပြီ ဟေ့ '...ဆိုတဲ့အသံ
‘ ကျည် မပါဘူး ' ...ဆိုတဲ့ အသံ
နောက်တော့ တဒိုင်းဒိုင်းအသံတွေကြားမှာ ‘ ဟ - ကျည် ပါတယ်ဟ... ရှေ့မှာ ထိသွားပြီ ...သွေးတွေနဲ့ ...မတွေ့ဘူးလား... ဆိုတဲ့အသံတွေနဲ့ အတူ စစ်တပ်ရဲ့လူထုကြီးဆီကို ပေတရာလမ်းမတလျှောက် တည့်တည့်ပစ်ခတ်နေသံတွေကြားမှာ ကျနော်လဲ ပလက်ဖောင်းဘေး ခုန်ချဝပ်မှောက်လိုက်ရပါတယ်။ ဝပ်ရင်းမော့်ကြည့်လိုက်မိတော့ သွေးတွေနဲ့ ထိမှန်ထားတဲ့ လူတယောက်ကို လူသုံးလေးယောက်က အတင်းဝင်ဆွဲနေတာ မြင်လိုက်ရတယ်။ မကြာခင်မှာပဲ မျက်ရည်ယိုဗုံးက မီးခိုးငွေ့တွေ ဟပ်မိပြီး မျက်ရည်တွေ တွေတွေ တွေတွေ ထွက်ကျလာလို့ ခပ်ဝါးဝါးဖြစ်လာရာကနေ စက်မှုရိပ်သာတွေဘက်ဆီ ဆုတ်ပြေးသွားရတဲ့ လူအုပ်ကြီးကားထဲ ကျနော်လဲ ပါသွားရတော့တယ်။ အုတ်ကျင်းဘက်ခြမ်း ပလက်ဖောင်းပေါ်က လူအုပ်ကြီးကလဲ လမ်းဘေးရှိ ဆောက်လက်စတိုက်တခုက ပုံထားတဲ့ အုတ်နီခဲတွေနဲ့ စစ်သားတွေဆီ ပြန်ပစ်ရင်း တရုန်းရုန်းဖြစ်သွားတယ်။ ချက်ချင်းဆိုသလိုပဲ။ စစ်တပ်ရဲ့ လမ်းမတည့်တည့်တလျှောက်ပစ်နေတဲ့ ကျည်ဆံတွေဟာလဲ လေးဘက်လေးတန်ဆီကို အဆက်မပြတ်လှမ်းပစ်တော့တာပါပဲ။ ရက်ရက်စက်စက်ကို လူအုပ်ကြီးတွေဆီ လှမ်းပစ်တော့တာပါပဲ။ ဒါကြောင့် လမ်းဘေးက အိမ်ပေါ်ကကြည့်နေကြသူတွေဆီကိုပါ ဝင်မှန်ပါတယ်။ စက်မှုရိပ်သာ တိုက်တန်းတွေဖက်ဆီ အပြေးဆုတ်လာရတဲ့ ကျနော်တို့လူအုပ်ကြီးရဲ့ ခေါင်းတွေပေါ်မှာလဲ ကျည်ဆံတွေတဝီဝီ ဖြတ်လာပါတယ်။
မျက်ရည်ယိုဗုံးကြောင့် မျက်လုံးတွေ နီ၊ မျက်ရည်တွေ ကျ၊ စပ်ပူ စပ်လောင်ခံစားကြရရင်း စက်မှုရိပ်သာက တိုက်ခန်းတွေထဲ ပြေးဝင်လာရပါတယ်။ ‘ရေပေးပါ - ရေလေး ပေးကြပါ ခင်ဗျ ...လို့တောင်းသံတွေနဲ့အတူ စေတနာကြီးလှတဲ့ အိမ်ခန်းရှင်တွေက ရေအိုးတွေ ချပေးလို့။ ကိုယ့်ပုဆိုး ကိုယ်ဆုတ်ဖြဲပြီး အဝတ်စကို ရေထဲနှစ် မျက်နှာအုပ်သူ အုပ်ကြရ။ အိမ်ရှင်တွေက ချပေးတဲ့ မျက် နှာသုတ်ပုဝါ လက်ကိုင်ပုဝါအစတွေ ရေဆွတ်ပြီး မျက်နှာသုတ်ကြ မျက်နှာသစ်ကြနဲ့ တရုန်းရုန်းဖြစ်သွားရပါတယ်။ ကျနော်လဲ ပုဆိုးစုတ်စ ရေနှစ်ပြီး မျက်နှာကို ခဏ ခဏသုတ်ပေးနေရတယ်။
ဒီနားမှာ ဆက်နေရင် ဒီဘက်တွေအထိ ဆက်တက်လာပြီးရှင်းရင် အဖမ်းခံကြရနိုင်တာကြောင့် ခပ်သုတ်သုတ် ဆက်ထွက်လာခဲ့ကြတော့ ဒဏ်ရာရသူနှစ်ဦးကို မနိုင့်တနိုင် ပွေ့ယူလာကြတဲ့လူအုပ်တအုပ်နဲ့ ကင်ပွန်းခြံ ကင်ပွန်းခြုံတွေကြား သွားတိုးပါတယ်။ ကျနော်တို့ပါ ဝိုင်းကူပြီး သယ်ပေးခဲ့ရပါတယ်။ တယောက်က ဒူးကိုထိမှန်ထားပြီး ခြေထောက်ကြီးဟာ လည်ထွက်နေပါတယ်။ သွေးတွေကလဲ ဒလဟော ထွက် လို့။
တယောက်က ပေါင်ရင်းမှာ မှန်ထားတာပါ ။
သမိုင်းကောလိပ်ဖက်ဆီ ဆက်ထွက်လာခဲ့ကြပြီး ဒဏ်ရာရထားသူ နှစ်ဦးကို လမ်းဘေးမှာ ခဏချ ထားရင်း အဲဒီတုန်းက ဘယ်ကထွက်လာမှန်းမသိရတဲ့ ပလကအလုပ်သမားကားကြီးတစီးကို လူအုပ်နဲ့လက်ပြတားလိုက်ကြပြီး နီးရာဆေးရုံ ဆေးခန်းတခုခုကိုပို့ပေးပါလို့ အကူအညီတောင်းကာ ဝိုင်းပြီးတင်ပေးလိုက်ကြပါတယ်။ တဦးကတော့ ဒဏ်ရာရသူရဲ့ ညီတော် လို့ သူ လိုက်သွားမယ်ဆိုပြီး ဒဏ်ရာရထားသူနဲ့အတူလိုက်သွားမှ ကျနော်တို့လဲ ရပ်ကွက်ထဲ ဟိုကွေ့သည်ရှောင်ဝင်ရင်း လူစု ခွဲပြီး ပြန်လာခဲ့ရပါတယ်။
အဲဒီအချိန်မှာပဲ .‘ ပုံ - သိန်းအောင်။ ရန်ကုန်တိုင်းပြည်သူ့ကောင်စီ ...ဆိုတဲ့ နာမည်နဲ့ ထုတ်ပြန်လိုက်တဲ့ ပုဒ်မ ၁၄၄ အမိန့်ကြေညာချက်အသံဟာလဲ နေရာအနှံ့ကနေ ထွက်ပေါ်လာနေပါတယ်။ မြန်မာ့အသံကနေတဆင့်၊ ကားတွေပေါ်ကနေတဆင့် လှည့်လည်အော်ဟစ်ကြေညာနေသံဟာ သပိတ် မှောက်အလုပ်သမားထုရဲ့ကြွေးကြော်သံတွေအကြားမှာ ပျာလောင်ခတ်မျှ ထွက်ပေါ်လာနေခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ ...‘ပုံ - အေးကို ။ တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ...ဆိုတဲ့ ကြေညာသံလဲ ထွက်ပေါ်လာပြန်ပါတယ်။ စစ်မာန် စစ်သံတင်းတင်းနဲ့ကြေညာလိုက်တဲ့ ရန်ကုန်တိုင်းစစ်ဌာန ချုပ်ရဲ့အသံဟာ စစ်ကားတွေပေါ်ကတဆင့် ပြည်သူလူထုကြီးကို အပေါ်စီးကနေ ခြိမ်းခြောက်နေသလို ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်းရဲ့ နိုင်ငံတော်မှာ ဆန်အလုံအလောက်ရှိတဲ့အကြောင်း၊ ဆန်ပြဿနာ တစုံတရာမရှိနိုင်တဲ့အကြောင်း ရှင်းလင်းပြောဆိုသံဟာ မြန်မာ့အသံကနေ ဆက်တိုက်လိုလို ထွက်ပေါ်လာနေခဲ့ပါတယ်။
ညဘက်ရောက်တော့ သမိုင်းချည်စက်ရှေ့ ဒီပစ်ခတ်မှုကြီးကြောင့် သွေးမြေကျ ရတာမှာ သေေကြထိခိုက် ဒဏ်ရာရကြရသူတွေ မနည်းလှကြောင်း ဟိုက သည်က ထပ်ပြီးကြားရပါတယ်။ ကျနော့်ရှေ့မှာတင် မြင်လိုက်ရတာက လေးယောက်တိတိ။ ကျနော်ကိုယ်တိုင် မမြင်လိုက်ရတဲ့ဘက်မှာက ဘယ်နှစ်ယောက်ရှိလေမလဲ မသိပါ။ ဒါ ဇွန်လ(၆)ရက် သမိုင်းချည်စက်ရှေ့က ကျနော့်ကိုယ်တွေ့ မျက်မြင်အဖြစ်အပျက်တကွက်ပါ။ ဒီ သမိုင်းချည်စက်ရှေ့က သွေးမြေကျခဲ့ရမှု အဖြစ်အပျက်ကြီးဟာ ‘၇၄ - ဇွန် (၆) အလုပ်သမားအရေးတော်ပုံကြီးရဲ့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့မရနိုင်မယ့် ကနဦးအဖွင့်နိဒါန်းသဖွယ်လဲ ဖြစ်ခဲ့ပါတယ်။
ဇွန်လ (၆) ရက်အကျော် (၇) ရက်နေ့အကူးမှာလဲ သမိုင်းချည်စက်ရှေ့က ပထမဆုံးသွေးမြေကျခဲ့ရရာ နေရာအနီးမှာပဲ နောက်ထပ်ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နှိပ်ကွပ်တာ ခံခဲ့ကြရပြန်ပြီး ဆင်မလိုက်သင်္ဘောကျင်းသပိတ်ကိုလဲ အတင်းဝင်ရောက်ပစ်ခတ်ဖြိုခွဲပစ်လို့ သေဆုံးရတဲ့အလုပ် သမားတွေ ရှိခဲ့ရပါတယ်။ စစ်တပ်နဲ့ဝင်ပြီး အတင်းဖမ်းဆီးခံကြတာတွေကတော့ ဆန္ဒပြတဲ့ စက်ရုံအလုပ်ရုံတိုင်းလိုလိုပဲ ဖြစ်ပါတယ်။
အထူးသဖြင့် အင်းစိန်မီးရထားစက်ခေါင်းရုံ၊ အုတ်ကျင်းဂုံနီစက်ရုံ၊ ဆင်မလိုက်သင်္ဘောကျင်း၊ ဘီပီအိုင်ဆေးဝါးထုတ်လုပ်ရေးစက်ရုံနဲ့ သမိုင်းချည်စက်တို့က အလုပ်သမားတွေ အများဆုံးဖြစ်ခဲ့ပါတယ်။ အုတ်ကျင်းဂုံနီစက်ရုံက အဖမ်းအဆီးခံကြရသူတွေထဲမှာ ကျနော့်မိတ်ဆွေ စာရေးဆရာဖိုးကျော့တို့လဲ ပါခဲ့ပါတယ်။
ပြည်သူလူထုကြီးရဲ့ (၉၀ ဒဿမ ၁၉) ရာခိုင်နှုန်းကျော်က တခဲနက်ထောက်ခံဆန္ဒပြုထားကြတဲ့ '၁၉၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာကြီးကို လူထုကြီးတရပ်လုံးရဲ့အကျိုးပွားအတွက် အောင်မြင်စွာအကောင်အထည်ဖော်အတည်ပြု ပြဋ္ဌာန်းနိုင်ပြီးပြီ လို့ မိုးတလုံး လေတလုံးလိမ်ညာကြွေးကြော်ဟစ်အော်ပြသနေဆဲကာလမှာပဲ အသံတောင် မစဲသေးမီမှာပဲ မဆလစစ်အစိုးရဟာ ဆန်တောင်းတဲ့အလုပ်သမားတွေကိုကျည်ဆံတွေပဲပေးပြီး သူတို့ရဲ့ စစ်အာဏာရှင် ဘီလူးသရုပ်ကို အစွယ်တပြူးပြူးနဲ့ ပြသခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကာလတခု ခြားပြီး စက်ရုံအလုပ်ရုံဝန်ထမ်းတိုင်းကို တလလျှင် လူတကိုယ်ဆန်(၅) ပြည်နှုန်း ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် ဒီတိုက် ပွဲကြီးရဲ့ အကျိုးဆက်တခုလို့ပဲ ပြောရမှာပါ။ နောက်ပိုင်းတော့ ‘အလုပ်သမားကောင်စီ' ဆိုတဲ့နာမည်အစား ‘အလုပ်သမားအစည်းအရုံး.. လို့နာမည်အသစ်ပြောင်းပြီး သဏ္ဌာန်အရ ပြောင်းလဲပြင်ဆင်ဖွဲ့စည်းပေးတာတွေ လုပ်ခဲ့ရပါတယ်။
ဂုဏ်ရောင်ပြောင်တဲ့ သမိုင်းစာမျက်နှာပေါ်မှာ မှတ်တမ်းတင်ထားရမယ့် ဒီ ‘ ဇွန် ၆ အလုပ် သမားအရေးတော်ပုံကြီး' ဟာ ဗမာပြည်အလုပ်သမားလှုပ်ရှားမှု သမိုင်းမှာသာမက ဗမာပြည်စစ်အာဏာရှင်ဆန့်ကျင်ရေးသမိုင်းမှာရော ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာပါ ထာဝရမော်ကွန်း ထူထားခဲ့ရပါပြီ။
အလုပ်သမားထုရဲ့ဂုဏ်ရောင်ပြောင်တဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ထာဝရ ဂုဏ်ရောင် ပြောင်ပါစေ ...
ဇွန်(၆)စိတ်ဓာတ် အဓွန့်ရှည်ပါစေ ...
ဝင်းတင့်ထွန်း
ဇွန်လ၊ ၁၉၉၉
* မှတ်ချက်။ ။ ဇွန် (၆) အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်။ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ အခု ပြန်လည်ရှာဖွေကူးယူရိုက်နှိပ်ပေးလိုက်ရတာ ဖြစ်ပါတယ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar