Breaking News

စစ်ပွဲ၊ တလွဲစီမံခန့်ခွဲမှုတွေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ပြိုလဲနိုင်ခြေ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၅ မြင်ကွင်း

(မိုးမခ) ဇွန် ၆၊ ၂၀၂၄

စစ်ပွဲ၊ တလွဲစီမံခန့်ခွဲမှုတွေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ပြိုလဲနိုင်ခြေ

မေလ နှောင်းပိုင်း သီတင်းပတ်တွေမှာ ကမ္ဘာ ရွှေစျေးအပြောင်းအလဲဖြစ်တာနဲ့ အမျှ မြန်မာနိုင်ငံမှာလည်း ရွှေဈေးနှုန်းနဲ့ ဒေါ်လာလဲနှုန်းတွေမြင့်တက်ခဲ့ပြီး သီတင်းတပတ်ကျော်ကြာ ကျပ်ငွေတန်ဖို့ ဆက်တိုက်ဆိုသလိုကျဆင်းခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်တာကာလအတွင်း နှစ်စဥ်အနည်းဆုံးတကြိမ် အခုလို ကျပ်ငွေစျေးနှုန်း လျင်မြန်စွာကျဆင်းတာဖြစ်လေ့ရှိပြီး ၂၀၂၁ ခုနှစ်မှာ ဘဏ်တွေကနေ ငွေစက္ကူထုတ်ယူခွင့် ကန့်သတ်ချက်တွေနဲ့အခြားသောအကြောင်းတွေနဲ့ အဲဒီနှစ် နှစ်လယ်ပိုင်းမှာ ကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၂၀၀၀ ကျော်ထိ ရောက်ရှိခဲ့သလို နောက်တနှစ်ဝန်းကျင် ၂၀၂၂ ခုနှစ် ဧပြီလနှောင်းပိုင်းက စလို့ ဗဟိုဘဏ်က နိုင်ငံခြားငွေနဲ့ ပတ်သက်တဲ့ စည်းမျဥ်းစည်းကမ်းတွေ ထုတ်ခဲ့ရာကအစပြုလို့ သြဂုတ်လဝန်းကျင်မှာ မြန်မာကျပ်ငွေ တန်ဖိုး နောက်တရစ်ကျဆင်းခဲ့ရာမှာ တဒေါ်လာကို ကျပ် ၃ ထောင်လောက်ထိရောက်ခဲ့ပြီး အဲဒီဂယက်နောက်မှာ ၂၇၀၀/ ၂၈၀၀ လောက်မှာ လအတန်ကြာ တိုင်နေခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ နှစ်လယ် ပြီးနောက် ၂၀၂၃ မှာ တကြိမ် မြန်မာကျပ်ငွေ ထပ်မံ ကျဆင်းတဲ့ဖြစ်စဥ် ဖြစ်ပြီးနောက်မှာ ကျပ် ၃၆၀၀ ဝန်းကျင်မှာတိုင်နေခဲ့ရာက အခု ၂၀၂၄ ခုနှစ် မေလ ကုန်မှာ ကျပ် ၄၈၀၀ ဝန်းကျင်ထိ မြင့်တက်ခဲ့ပြီး အခုခါ ၄၆၀၀ အထက်မှာ တိုင်နေတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ စီးပွားရေး တစတစ ဆိုးရွားလာနေတဲ့အချက်အပေါ် ဘယ်သူမှ သဘောထားကွဲလွဲစရာမရှိကြပါဘူး။ ဒီလို ဆိုးရွားလာတာ ဘာကြောင့် ဖြစ်တာလဲ ဒီလို စီးပွားရေး ဆိုးရွားမှုကနေ ပြိုလဲမှု ဖြစ်မှာလား ဖြစ်အောင် တွန်းသင့်သလား စတဲ့မေးခွန်းတွေနဲ့ စဥ်းစားစရာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

နိုင်ငံခြားငွေနဲ့ မြန်မာကျပ်ငွေလဲနှုန်းက မြန်မာ့စီးပွားရေးရဲ့ ရေချိန်ပြမှတ်တခုဖြစ်ပြီး အကြောင်း ရင်းနဲ့ အကျိုးဆက်တွေကတော့ ရှင်းရှင်းလင်းလင်းနားလည်ဖို့ ကောက်ချက်ချဖို့ ခက်ခဲတဲ့အနေ အထားနိုင်ငံက လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှု၊ ဖမ်းဆီးမှုတွေ၊ အကျဥ်းချမှုတွေနဲ့ပြည့်နှက်နေတဲ့အခြေအနေနောက်ခံမျိုးမှာ စီးပွားရေးကသောင်းကနင်းဖြစ်စေတဲ့အကြောင်း အချက်တွေကို တိတိပပသိရှိနိုင်ဖို့ ဘယ်သူမှအချက်အလက်မကောက်ယူနိုင်၊ မေးမြန်းစုံစမ်းခြင်း မပြုနိုင်တဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

အချို့သော နိုင်ငံရေးအင်အားစု၊ တက်ကြွလှုပ်ရှားသူ၊ တော်လှန်ရေးအင်အားစုနဲ့ သတင်းမီဒီယာတွေက ကျပ်ငွေ တန်ဖိုး အဆမတန်ကျဆင်းလေလေ စီးပွားရေး ပြိုလဲပြီး စစ်ကောင်စီရဲ့ အာဏာပြိုလဲဖို့ လွယ်ကူလေလေလို့ မှတ်ယူကြတာတွေလည်း တွေ့မြင်နေရပါတယ်။ အမှန်တော့ အာ ဏာသိမ်း စစ်ကောင်စီလိုအစိုးရမျိုးဟာ လက်နက်နဲ့အာဏာကို ထိန်းချုပ်ထားတာဖြစ်လို့ စီးပွား ရေးဆိုးရွားမှု မတည်မငြိမ်ဖြစ်မှုကနေ လူထုအုံကြွမှုမျိုးဖြစ်ဖို့ သို့မဟုတ် စီးပွားရေးအကြောင်းကြောင့် အာဏာစွန့်လွှတ်ရဖို့အခွင့်အလမ်းက နည်းပါးတဲ့အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ စီးပွားရေးအကြပ်အတည်းဖြစ်ရခြင်းအကြောင်းနဲ့  ကျပ်ငွေတန်ဖိုးကျဆင်းရတဲ့ အကြောင်းတွေက ပထမအဓိကအကျဆုံးအကြောင်းရင်းအနေနဲ့ စစ်ပွဲကြောင့်လို့ဆိုနိုင်ပြီး ဒုတိယအကြောင်း အချက်အနေနဲ့ တလွဲစီမံခန့်ခွဲမှုလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ 

စစ်ပွဲတွေတိုက်ခိုက်နိုင်ဖို့ ကြီးမားတဲ့ပမာဏဖြစ်တဲ့ လက်နက်နဲ့ စစ်စရိတ်တွေ ရှိနေတာဖြစ်ပြီး တပြိုင်နက်ထည်းမှာ စစ်ပွဲတွေ ကျယ်ပြန့်လာလေလေ ကုန်ထုတ်လုပ်မှုထိခိုက်ပျက်စီးပြီး ကုန် သွယ်မှုလည်း ခက်ခဲတဲ့အခြေအနေမျိုးကြုံတွေ့လာကြရာက မြန်မာကျပ်ငွေ တန်ဖိုးသိသိသာသာ ကျဆင်းရတဲ့ အနေအထား ဖြစ်ပါတယ်။ 

တနှစ်တာလုံး မရပ်မနားစစ်ပွဲတွေတိုက်ခိုက်နေကြရတာကြောင့် လက်နက်ခဲယမ်းအတွက် ကုန် ကြမ်းတွေ၊ လောင်စာဆီတွေ၊ စစ်ပွဲတွေမှာထိခိုက်သေဆုံးကြတဲ့လက်နက်ကိုင်အဖွဲ့ဝင်တွေကို ကုသစရိတ်၊ လျော်ကြေး၊ အခြေခံအဆောက်အဦတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေက ကုန်ထုတ် လုပ်မှုနဲ့ ဝန်ဆောင်မှုတွေကိုလည်း ကြီးမားစွာ အကျိုးသက်ရောက်မှုရှိနေပြီး စိုက်ပျိုးရေး မွေးမြူရေး ထုတ်လုပ်မှုကျဆင်းတာ ရပ်ဆိုင်းတာတွေဖြစ်လာနေတဲ့သဘောလည်း ဖြစ်ပါတယ်။ 

စစ်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားတဲ့စစ်ကိုင်းတိုင်းဆိုရင် ယခင်က တရုတ် အိန္ဒိယတို့ကိုတင်ပို့တဲ့အသီးအနှံနဲ့ပဲတွေ ကောင်းစွာ မထုတ်လုပ်နိုင်ကြတော့ပဲ အလုပ်လုပ်နိုင်တဲ့လုပ်သားအင်အားတွေက လက်နက်ကိုင်တပ်ဖွဲ့တွေထဲ နဲ့ ပြည်ပမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်ကုန်ကြတဲ့ အနေအထားမျိုး ရောက်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ အလားတူ တရုတ်နဲ့ အခြားနိုင်ငံတွေကို တင်ပို့တဲ့ရေထွက်ပစ္စည်းတွေ လည်း ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြတ်တောက်ပိတ်ဆို့ ခြင်းခံထားရတဲ့အနေအထားမှာ ထုတ်လုပ်နိုင်ခြင်းမရှိတော့ပဲ ဒေသတွင်းစားသုံးနိုင်ရုံသာ ထုတ်လုပ် ကြရတော့အနေအထားမျိုး ဖြစ်လာနေပါတယ်။ 

ဒီအခြေအနေအောက်မှာ ကြိုးစားပြီးထုတ်လုပ်တဲ့ကုန်စည်တွေကိုလည်း ပြည်တွင်း သို့မဟုတ် ပြည်ပစျေးကွက်ကိုတင်ပို့ရာမှာ မကြုံဖူးလောက်တဲ့အခွန်အကောက် ဂိတ်တွေ၊ ကြီးမားတဲ့အခွန်ငွေပမာဏတွေနဲ့ကြုံတွေနေကြရပြီး စိုက်ပျိုးထုတ်လုပ်သူတွေအနေနဲ့လည်း ချောင်လည်ဖို့ အသာ ထား အခြားရွေးစရာလမ်းမရှိလို့ ထုတ်လုပ်တင်ပို့နေကြတဲ့အနေအထားမျိုးလို့ဆိုရမှာဖြစ်ပါတယ်။ 

စစ်ပွဲတွေအတွင်း ရန်သူရဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ တားဆီးဖို့ရာ အတွက် ဒေသတခုနဲ့တခုဆက်သွယ်ထားတဲ့ကားလမ်းတွေ၊ တံတားတွေကိုဖောက်ခွဲ၊ ဖြတ်တောက်ဖျက်ဆီးကြရာက လမ်းပန်းဆက်သွယ်ရေးက ပိုခက်ခဲ၊ ကုန်ကျစရိတ် ပိုမြင့်တက်လာ အချိန်ပိုကြာမှ ဝယ်ယူစားသုံးသူ ဖြန့်ဖြူးသူထံရောက်ရှိတဲ့အနေအထားမျိုးဖြစ်လာနေတာ တွေ့ရပါလိမ့်မယ်။ 

စစ်အာဏာသိမ်းပြီးကာလကနေ အခု လက်ရှိ အချိန်အထိ တနှစ်ထက်တနှစ်စီးပွားရေး ပိုမိုးဆိုးရွားလာရာကနေ ၁၀၂၇ စစ်ဆင်ရေးပြီးနောက်မှာ နယ်မြေစိုးမိုးမှုအနေအထား ကြီးမားစွာ အပြောင်း အလဲဖြစ်ပေါ်လာပြီး အဲဒီအခင်းအကျင်းသစ်ကလည်း စစ်ကောင်စီ ဗဟိုချုပ်ကိုင်ထားတဲ့ စီးပွား ရေးအာဏာရဲ့ အစိတ်အပိုင်းတချို့ကို တိုက်စားဖယ်ရှားလိုက်တဲ့သဘောလည်း တွေ့မြင်နေရတာ ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ဂိတ်တချို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းယူလိုက်တဲ့နောက် နယ်စပ်ကုန်သွယ်ရေး ဆက်သွယ်ရေး လမ်းကြောင်းတွေ တစိတ်တပိုင်းစီ ဖြစ်ကုန်သလိုနယ်မြေလုံခြုံမှုအရလည်း အဝင်အထွက် ကန့်သတ်မှုတွေပေါ်ထွက်လာနေပြီး မဝေးတဲ့ အနာ ဂတ် မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုအခင်းအကျင်းက အပြောင်းအလဲတွေ အများကြီး ပေါ်ထွက်လာနိုင်တဲ့အနေအထားလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ 

ငွေကြေး အနေနဲ့အခုချိန်ထိ စစ်ကောင်စီက ထုတ်ဝေထားတဲ့ကျပ်ငွေကို တိုင်းရင်းသား လက်နက် ကိုင်ထိန်းချုပ်နယ်မြေတွေမှာပါ ဆက်လက်သုံးစွဲနေကြသေးပေမယ့် အခုလို ကွန်ဖက်ဒရိတ်မကျ ၊ ဖက်ဒရယ်မကျအနေအထားမျိုးမှာ အချိန်ကာလတခုရောက်တဲ့အခါ နယ်မြေကိုထိန်းချုပ် အုပ် ချုပ်နိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မြန်မာကျပ်ငွေကိုမသုံးစွဲတော့တာမျိုး ပိုတည်ငြိမ်တဲ့ အိမ်နီးချင်းနိုင်ငံရဲ့ ငွေကြေးကိုသုံးစွဲဖို့ ဆုံးဖြတ်ပြဋ္ဌာန်းတာမျိုးတွေ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်တာလည်း ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar