ဝင်းတင့်ထွန်း - ဗိုလ် ဓ မ္မ ( သို့မဟုတ် ) ဓမ္မ ဘက်ကပဲ ထာဝရ ရပ်တည်သွားခဲ့သူ …
ဗိုလ် ဓ မ္မ ( သို့မဟုတ် ) ဓမ္မ ဘက်ကပဲ ထာဝရ
ရပ်တည်သွားခဲ့သူ …
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၄
( ၁ )
ကျွန်တော်နဲ့ချစ်ခင်ရင်းနှီးခွင့်ရခဲ့တဲ့ ကျွန်းပြန်ရဲဘော်ကြီးတွေထဲမှာ ‘ဗိုလ်ဓမ္မ’ ကြီးဟာ ထိပ်ဆုံးကနေစာရင်းတို့ထားရမယ့်သူတဦး ဖြစ်ခဲ့ပါတယ်။ ကိုကိုကျွန်းပြန်ရဲဘော်ကြီးတွေတော်တော်များများနဲ့အကြောင်းအားလျော်စွာ ထိတွေ့ဆက်ဆံခွင့်ရခဲ့ဖူးရာမှာ ကျွန်တော့်တဦးချင်းခံစားချက်အမြင်အရ၊ လူသားအဆန်ဆုံး၊ စိတ်ထားအနှိမ့်ချတတ်ဆုံးနဲ့ပရဟိတစိတ်အရှိဆုံးသောရဲဘော်ကြီးဟာ ‘ဗိုလ်ဓမ္မ’ လို့တောင် ရှှူမြင်ခံစားမိပါတယ်။ ဗိုလ်ဓမ္မကြီးရဲ့ဇာတိဟာ ဟင်္သာတ အင်္ဂပူ ‘ထူးကြီး’ဘက်က ဖြစ်လေရာ၊ မြစ်ဝကျွန်းပေါ်သားလို့ဆိုရပါမယ်။ ကျွန်တော် ဝင်ထွက်သွားလာနေစဉ်ကာလက ဗိုလ်ဓမ္မကြီးရဲ့အိမ်လေးဟာ သင်္ကန်းကျွန်းဆင်ခြေဖုန်းရပ်ကွက်လေးတခုအတွင်းမှာ ရှိပါတယ်။ သူနဲ့အနီးဆုံး တရပ်ကွက်တည်းသားတွေလို့ဆိုရမှာကတော့ အစ်ကိုကြီးကိုလှရွှေ (ဘိုကလေးလှရွှေ) နဲ့ကိုလှတင်အောင် (ကျွန်းပြန်)တို့ဖြစ်ပါတယ်။ ကိုလှရွှေရော ကိုလှတင်အောင်တို့ဟာ ရန်ကုန်မြို့ထဲဆီသွားတဲ့အခါ (ဒါမှမဟုတ်) လဘက်ရည်ဆိုင်လေးတချို့ဘက်ဆီသွားတဲ့အခါ မကြာခဏဆိုသလို ဗိုလ်ဓမ္မရဲ့ခြံဝင်းပါ အိမ်ဟောင်းလေးရှေ့ကနေ ဖြတ်ဖြတ်သွားလေ့ရှိရင်း၊ ဗိုလ်ဓမ္မကြီးကိုမထိခလုတ် ထိခလုတ် ချစ်စနိုးနောက်ပြောင်အော်ဟစ်သွားလေ့ရှိပါတယ်။ ဗိုလ်ဓမ္မကြီးရဲ့ဆံပင်တွေက လှိုင်းတွန့်လေးတွေလို ကောက်ကောက်ကွေ့ကွေ့ဖြစ်နေရုံမက ဆံပင်ကလဲ ဆံပင်ရှည်အမျိုးအစားပုံစံဖြစ်နေရာ ကိုလှတင်အောင်က ကျွန်တော့်ဆီကိုပါ ပြုံးစစနဲ့လှမ်းကြည့်ရင်း ...
“ ဟေ့ကောင်ရေ… ဒို့မှာ ဆရာဒဂုန်တာရာကို သတိရရင် ဗိုလ်ဓမ္မကြီးကိုပဲ ကြည့်ကြည့်ပြီး အလွမ်းဖြေနေ ရတာကွ။ ဆရာတာက မှော်ဘီမဲဇာမှာပဲ နေလေတော့ ခဏခဏမသွားနိုင်ဘူးလေကွာ ” လို့ခပ်ထေ့ထေ့ စသွား နောက်သွားတဲ့အခါ ကျွန်တော့်မှာ ပြုံးမိခဲ့ရသလို၊ ကာယကံရှင်ဖြစ်တဲ့ ဗိုလ်ဓမ္မကြီးကိုယ်တိုင်ကလဲ ပြုံးစစလုပ်နေတာ တွေ့ရပါတယ်။ တခါတော့ ကိုလှတင်အောင်ကပဲ ,,,
“ ဗီယက်နမ်က ဟွန်ဆန်ဘက်ကရပ်တည်ပြီး ကမ္ဘောဒီးယားထဲအထိ ဝင်တိုက်ကူပေးတော့ ဒို့ဗမာပြည်က နိုင်ငံ ရေးသမားတချို့ ဗီယက်နမ်သံရုံးထဲအထိသွားပြီး ကန့်ကွက်ကြောင်း ပြောကြဆိုကြသလို၊ ဒို့ဗိုလ်ဓမ္မကြီးကလဲ ကန့်ကွက်ကြောင်း သံရုံးထဲအထိတောင် တယောက်တည်းသွားပြောဖူးတယ်ကွ။ ဟိုက သံရုံးထဲက အယ်လ်ဇေးရှင်းခွေးကြီးနဲ့ပါထွက်လာလို့ သူ နောက်ဆုတ်နောက် ဆုတ်နဲ့ ပြန်လာခဲ့ရဖူးတာရော မင်းကြားဖူးလား ..” လို့ကျွန်တော့်ကိုမေးသလိုလိုနဲ့ ဗိုလ်ဓမ္မကြီးကို ချစ်စနိုး စပြန် နောက်ပြန်တော့လဲ ဗိုလ်ဓမ္မကြီးဟာ ပြုံးကျဲကျဲပဲလုပ်နေတာ တွေ့ရဖူးပါတယ်။
ရဲဘော်ရဲဘက်တွေအချင်းချင်းကြားမှာဆိုရင် ဗိုလ်ဓမ္မကြီးဟာ အဲသလိုကို အပြုံးမပျက်သူ၊ နောက်တာပြောင်တာ စတာမှန်သမျှ နားလည်မှုရှိရှိနဲ့ကို စိတ်ရှည်သည်းခံတတ်သူဖြစ်တာတွေ့ရပါတယ်။ အဲဒီအဖြစ်အပျက်ဟာလဲ တကယ်ကို ဖြစ်ပျက်ခဲ့ဖူးတာဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ဓမ္မကြီးကိုယ်တိုင်ကလဲ ဟာသခြောက်သွေ့သူမျိုးမဟုတ်၊ ဟာသရှိသူ ဟာသကြွယ်သူဖြစ်တာ ကျွန်းပြန်ရဲဘော်တွေအားလုံးကတောင် အသိအမှတ်ပြုခံထားရပြီးသား မဟုတ်လား၊ ဗိုလ်ဓမ္မဆိုတဲ့ နာမည်တွင်လာရတာကိုက အဲဒီဟာသကြောင့်ပဲမဟုတ်လား။
ဗိုလ်ဓမ္မကြီးရဲ့နာမည်ရင်းက ‘ကိုတင်စိန်’ ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာ ရဲဘော်တွေအကြား ဖြေ ဖျော်ရေးအဖြစ် ပြဇာတ်တွေ တခန်းရပ်ပြဇာတ်လေးတွေ ကပြကြ တင်ဆက်ကြတော့ ကိုတင်စိန်လဲ ဇာတ်ဆောင်တဦးအဖြစ် ပါဝင်ကပြရဖူးပါတယ်။ ကိုတင်စိန်က ‘ဘုန်းကြီးဦးဓမ္မ’ အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့လေရာ ရဲဘော်တွေအကြား တဝါးဝါးနဲ့ပွဲကျခဲ့ရသူ ပြောစမှတ်ပြုခဲ့ရသူ ဖြစ်ခဲ့ပါတယ်။ ကိုတင်စိန်က ဘုန်းကြီးဦးဓမ္မအဖြစ် သရုပ်ဆောင်ကာ ဘယ်သူတွေကို ဟာသလုပ်ခဲ့တယ်လို့ထင်ပါသလဲ။ ‘မေတ္တာအသင်္ချေ’ ကိုရေးသားခဲ့တဲ့ ဆရာမြသန်းတင့်နဲ့ ‘လင်းယုန်ကြီး’ လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ဆရာဗန်းမော်တင်အောင်ကိုပါ ဟာသဖောက်ခဲ့တာလို့သိရပါတယ်။ ဆရာဗန်းမော်က ကိုကိုးကျွန်းမှာ ကျန်းမာရေးအတွက် အုံးပင်စိုက်လေ့ကျင့်ခန်းလုပ်လေ့ရှိပြီး၊ ဆရာမြသန်းတင့်ကတော့ ရဲဘော်တွေတဦးချင်းအကြောင်းကို စိတ်ဝင်စားစွာမေးမြန်းတတ်လေ့ရှိသလို ဝတ္တုတွေကိုလဲ ရေးသားဖန်တီးလေ့ရှိရာ၊ ကိုတင်စိန်ကြီးက ဘုန်းကြီးဦးဓမ္မအဖြစ်သရုပ်ဆောင်ရင်း ‘ဆရာတော်ဦးဓမ္မ၊ ကပ်ပီယကြီးဦးပေသီးနဲ့ဒကာကြီးတယောက်တို့ရဲ့ဆွေးနွေးခန်း’ ဆိုတာထဲမှာ အကွက်ကျကျထည့်သွင်းနောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဆရာတော်ဦးဓမ္မက- သူ့မှာ တပည့်ဒကာ (၂) ယောက်ရှိတယ်။
တယောက်က ‘မောင်မြသန်း’၊ တယောက်က ‘မောင်တင်အောင်’ တဲ့ လို့ဆိုခဲ့ပြီး၊ ဒကာမောင်မြသန်းက ဘာ့ကြောင့် ‘မေတ္တာအသင်္ချေ’ ကို ရေးရသလဲ-ဆိုတာနဲ့ဟာသဖေါက်ပြခဲ့သလို၊ ဒကာမောင်တင်အောင်ကတော့ ကျွန်းမှာ အားရင် အုံးပင်စိုက်လေ့ရှိကြောင်း-ဆိုပြီး စကားခင်းလိုက်ရာ၊ ကပ်ပီယဦးပေသီးက ‘အုံးသီးကဘယ်နှလုံးတောင်သီးပြီလဲ ဘုရာ့’ လို့စကားအထောက်လိုက်မှာ ‘အိမ်း ...နှစ်လုံးပဲ သီးတာတွေ့ရသကွဲ့ ’ ဆိုပြီး ဟာ သဖောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ချစ်စနိုးနဲ့ဟာသဖောက်ခဲ့တာ ဖြစ်ပါတယ်။ ဆရာဗန်းမော်တင်အောင်ကိုယ်တိုင် ဟက်ဟက်ပက်ပက် ရယ် မောခဲ့ရသလို၊ ဦးမြသန်းတင့်လဲ ပြုံးစေ့စေ့ဖြစ်ခဲ့ရတဲ့အထိ ပွဲကျခဲ့ရတယ်ဆိုပါတယ်။ ကျွန်းရောက်ရဲဘော်ရဲဘက်တွေကတော့ တဝါးဝါးသဘောကျခဲ့ရရုံမက၊ အဲဒီနောက်ပိုင်းမှာ ကိုတင်စိန်ကို နာ မည်ရင်းတောင်မခေါ်ကြတော့ဘဲ၊ ဦးဓမ္မ ၊ ‘ဗိုလ်ဓမ္မ’ လို့ပဲ ပြောင်းလဲခေါ်ဝေါ်ကြတာ့တဲ့အထိ ဖြစ်ခဲ့ပါလေတယ်။ ဒါကြောင့် ကျနော်ကလဲ သူတို့လူရင်းတွေခေါ်ဝေါ်ကြသလို၊ ‘ဗိုလ်ဓမ္မကြီး’ အဖြစ်နဲ့ပဲ ခေါ်ဝေါ်အသားကျလာခဲ့ရပါတယ်။ နားလည်အသိအမှတ်ပြုလာခဲ့ရပါတယ်။
( ၂ )
ကျွန်းပြန်ရဲဘော်တွေထဲမှာ ဗိုလ်ဓမ္မကြီးဟာ ‘ဆင်းရဲကျွန်းပြန်’ တဦး-လို့တောင် ကျွန်တော်ကတော့ကျွန်တော့်ရဲ့လူတန်းစားခွဲခြမ်းစိတ်ဖြာကြည့်ချက်အရ ထပ်မံရှှုမြင်သတ်မှတ်ချင်ပါတယ်။ သူ့မှာ ခြံဝိုင်းမြေလေးအသင့်အတင့်ပါတဲ့ အိမ်ဟောင်းအိမ်အိုလေးတလုံးသာ ပိုင်ဆိုင်ပြီး၊ တခြား ကြီးကြီးကျယ်ကျယ်တူတူတန်တန် ဘာပိုင်ဆိုင်မှုမှ မရှိပါ။ တချို့သောကျွန်းပြန်ရဲဘော်တွေကမှ မွေးမြူရေးလုပ်ငန်း၊ ကိုယ်ပိုင်လုပ်ငန်းလို အသက်မွေးဝမ်းကျောင်းလုပ်ငန်းလေးတွေ အသီး သီးရှိကြသေးပြီး၊ တချို့သောရဲဘော်တွေကတော့ ကျွန်းအပို့မခံရခင် အဖမ်းအဆီးမခံရခင်က ရုံးဝန်ထမ်း၊ဌာနဆိုင်ရာဝန်ထမ်း-စသဖြင့်စသဖြင့် ဖြစ်ခဲ့ကြဖူးတဲ့အတွက် ကျွန်းမှ ပြန်လွတ်လာတဲ့အခါ အရင်ကလုပ်ကိုင်ခဲ့ဖူးတဲ့အလုပ်နေရာဌာနတွေမှာ ပြန်လည်အလုပ်လုပ်ကိုင်ခွင့်ရခဲ့သူမျိုးတွေလဲ ရှိခဲ့ပါတယ်။ အဖမ်းအဆီးခံရပြီး ကိုကိုးကျွန်းအထိ အပို့ခံလိုက်ရသူတွေဖြစ်ခဲ့ပေမဲ့၊ အများစုက ရုံးတင်ထောင်ချခံရပြီးမှ ကျွန်းပို့ခြင်းခံရတာမျိုး မဟုတ်တဲ့အတွက်၊ ကျွန်းဖျက်သိမ်းရေးအစာ ငတ်ခံတိုက်ပွဲကြီးကြောင့် ဗိုလ်နေဝင်းစစ်အစိုးရက ကျွန်းကိုအပြီးအပိုင်ဖျက်သိမ်းပေးလိုက်ရပြီးနောက် မလွှဲသာ မရှောင်သာ ထောင်ကနေပြန်လွှတ်ပေးခြင်းပြုလိုက်ရတဲ့အခါ၊ အရင်က လုပ်ကိုင်ခဲ့ဖူးတဲ့အလုပ်အကိုင်လေးတွေကို ဥပဒေသဘောအရ ပြန်လည်လုပ်ကိုင်ခွင့်ရကြသူမျိုးတွေလဲ ရှိခဲ့ပါတယ်။ အဲသလိုလူမျိုးတွေထဲမှာလဲ ဗိုလ်ဓမ္မတယောက် မပါဝင်ခဲ့ပါ။ ဒါကြောင့် ဗိုလ်ဓမ္မဟာကျွန်းကပြန်လာတော့လဲ ခိုင်ခိုင်မာမာ ဘာအလုပ်အကိုင်မှ ပြသစရာမရှိဘဲ တော်တော်ကိုရုန်းကန်ရသူ၊ မြို့ပြဆင်းရဲတဦး အနေအထားသာဖြစ်ခဲ့ပါတယ်။ဒါကြောင့်-သူ့ကို ‘ဆင်းရဲကျွန်းပြန်’ လို့တောင် သတ်မှတ်ချင်မိတာဖြစ်ပါတယ်။
ဗိုလ်ဓမ္မကြီးရဲ့အိမ်လေးဟာ ကြမ်းခင်းအိမ်ဟောင်းလေးမျှသာဖြစ်ပြီး၊ အောက်ဖက် ခြေရင်းကပ်ကပ်လေးမှာ အဖီလေးပါ ဆွယ်ထားပါတယ်။ကြည့်လိုက်ရင်-သာမန်အခြေခံပြည်သူတဦးရဲ့အိမ်လေးမှန်း သိသိသာသာပေါ်လွင်နေပါတယ်။ ကျနော်က အဲဒီအဖီလေးထဲမှာ ရံဖန်ရံခါ အိပ်စက်ခဲ့ရဖူးပါတယ်။
ကျွန်တော် အဲသလို ဗိုလ်ဓမ္မကြီးနဲ့ခင်မင်ရင်းနှီးဝင်ထွက်သွားလာနေတဲ့အချိန်မှာ (၁၉၈၇- ၈၈ ခုနှစ်ဝန်းကျင်လောက်မှာ) ဗိုလ်ဓမ္မကြီးမှာသား သမီးကလဲ (၄) ယောက်တောင်ရှိနေပြီဖြစ်ရာ၊ တော် တော်ကို လှုပ်ရှားရုန်းကန်ရှာဖွေ စားသောက်နေရတဲ့အခြေအနေလို့ဆိုရပါမယ်။ သားသမီး (၄) ယောက်ရှိရာမှာ သမီးက (၂) ယောက်၊ သားက (၂) ယောက်ဖြစ်ပြီး၊ သမီးအကြီးဆုံးဖြစ်တဲ့ မသန္တာတယောက်သာ အရွယ်ရောက်စ လူလားမြောက်စအရွယ်လို့ဆိုရမှာဖြစ်ကာ၊ ဒုတိယသမီးဖြစ်တဲ့ ‘အိဇင်’ ရော အငယ်တွေဖြစ်ကြတဲ့ သား (၂) ယောက်လုံးပါ ကျောင်းသားအရွယ်တွေ ဖြစ်ကြပါတယ်။ ဗိုလ်ဓမ္မကြီးက သူ့သားနှစ်ယောက်ကိုပေးထားတဲ့နာမည်တွေကျတော့လဲ ကြည့်ပါဦး၊ အကြီးကောင်က ‘ဗညားဇင်’ တဲ့၊ အငယ်ဆုံးကောင်က ‘လဂွန်းအိမ်’ တဲ့။ အဲဒီတုန်းကဆိုရင် ‘လဂွန်းအိမ်’ ဟာ အသက် (၇) နှစ် (၈) နှစ်ခန့်သာ ရှိသေးပြီး၊ ကျောင်းတောင် စတင်နေခါစလောက်ပဲရှိပါဦးမယ်။ အလုပ်အကိုင် ခိုင်ခိုင်မာမာမရှိလှတဲ့ ဗိုလ်ဓမ္မကြီးခမြာ တော် တော်ကို ကြိုးစားရုန်းကန်နေရတဲ့အချိန်ဖြစ်ပါတယ်။ အဲသလိုကာလမှာ ကျွန်တော်က ဗိုလ်ဓမ္မကြီးအိမ်သို့ကြိမ်ဖန်များစွာ ရောက်ဖူးနေခဲ့ပြီး၊ ကြိမ်ဖန်များစွာလဲ စားဖူးသောက်ဖူး အိပ်စက်ဖူးနေခဲ့ရာ၊ စီးပွားရေးအရ ဆင်း ရဲနွမ်းပါးလှပေမဲ့၊ စိတ်ကောင်းစေတနာရှိလွန်းလှတဲ့ ဗိုလ်ဓမ္မကြီးရဲ့အသည်း နှလုံးကို ပိုမိုနီးနီးကပ်ကပ် သိရှိခွင့်ရခဲ့သလိုတောင်ဖြစ်ခဲ့ပြီး၊ ဗိုလ်ဓမ္မကြီးရဲ့ဇနီး ဒေါ်သန်းစိန်ကြီးရဲ့ ရိုးသားဖြူစင် လှိုက်လှဲဖော်ရွေတတ်မှုတွေကိုပါ လက်တွေမျက်တွေ့အရ ကြုံဆုံခဲ့ရသိရှိခဲ့ရပါလေတယ်။
အရွယ်ရောက်နေပြီဖြစ်တဲ့မသန္တာကြီးကတော့ ကျွန်တော် သူတို့အိမ်လေးဘက်ဆီ ရံဖန်ရံခါ ရောက်ဖြစ်တိုင်းလိုလိုမှာ “ ဦး.. ဖတ်စရာ ဘာမဂ္ဂဇင်းလေး စာအုပ်လေးများ ပါသေးသလဲ” လို့ မေးတတ်ပြီး၊ ကျွန်တော်ကလဲ ကျွန်တော့်ရဲ့လွယ်နေကျလွယ်အိတ်လေးထဲမှာ မဂ်ဂဇင်းလေး စာအုပ်လေးများပါလာဖြစ်ရင်၊ မသန္တာကြီးကို ထုတ်ပေး ငှားပေးလေ့ရှိပါတယ်။ ဗိုလ်ဓမ္မကြီးသမီးဟာ ဗိုလ်ဓမ္မကြီးလိုပဲ စာပေချစ်သူ၊ စာဖတ်ဝါသနာပါသူလို့လဲ ဖျတ်ခနဲ မှတ် ချက်ပြုလိုက်ရပါတယ်။ အဲဒီတုန်းကပဲ ဗိုလ်ဓမ္မကြီးဟာ ရေဒီယိုဟောင်းလေးတလုံးနဲ့ ပြည်တွင်းပြည်ပ သတင်းပတင်းမျိုးစုံကို မျက်ခြေမပြတ်အမြဲလိုလို နားထောင်နေတတ်သူဖြစ်တာ နီးနီးကပ်ကပ်တွေ့မြင်လိုက်ရသလို၊ စာပေအနုပညာကိုလဲ အင်မတန်မှ စိတ်ဝင်စားသူ မြတ်နိုးတတ်လွန်းသူဖြစ်ရုံမက ကိုယ်တိုင်လဲ စာတွေပေတွေ ရေးသားလိုသူ စာရေးဆရာဖြစ်ချင်သူတယောက်ဆိုတာကိုပါ ကျွန်တော်တွေ့လိုက်ရပါတယ်။ သတင်းတွေကို စိတ်ဝင်စားတာက ဗိုလ်ဓမ္မကြီးဟာ ကိုယ်တိုင်နိုင်ငံရေး သမားတဦးဖြစ်နေတာကြောင့်သာမဟုတ်၊ သူကိုယ်တိုင် ငယ်စဉ်အသက် (၂၀) ဝန်းကျင်လောက်က ‘နယ်သတင်းထောက်’ တောင်လုပ်ခဲ့ဖူးတာကြောင့်လို့ဆိုရမှာဖြစ်ပါတယ်။ ငယ်စဉ်က သူ့ဇာတိ ဟင်္သာတ အင်္ဂပူ ထူးကြီးဘက်မှာနေစဉ်က လူထုလမ်းစဉ်သတင်းရဲ့သတင်းထောက်တောင်လုပ်ခဲ့ဖူးသူမဟုတ်လား၊။ ( အဲဒီလမ်းစဉ်သတင်းဟာ ဖဆပလအစိုးရလက်ထက်မှာ ပေါ် ပေါက်ခဲ့တာဖြစ်ပြီး၊ ဗိုလ်နေဝင်းစစ်အစိုးရအာဏာ သိမ်းတက်လာပြီးမှ မဆလခေတ်မှာ ပေါ် ပေါက်ခဲ့တဲ့ မဆလရဲ့လမ်းစဉ်သတင်းစာနဲ့လုံးဝလုံး၀ မသက်ဆိုင်ပါ။ နှစ်ကာလအရရောနိုင်ငံရေးအတွေးအခေါ် ရပ်တည်ချက်အရပါ လုံးဝလုံဝ ခြားနားပါတယ်။) ဖဆပလ ပြည်ထောင်စုအစိုးရလက်ထက်လောက်ကတည်းက အဲသလို နယ်သတင်းထောက်အဖြစ်လုပ်ခဲ့ဖူးသူဖြစ်ရာ၊ သတင်း စာပိုးက တော်တော်လေးရှိခဲ့ဖူးလေရာ၊ ဗိုလ်နေဝင်းရဲ့တော်လှန်ရေးကောင်စီ အာဏာမသိမ်းမီလေးလောက်မှာပဲ ရန်ကုန်မြို့မှာဖွင့်လှစ်ခဲ့တဲ့ ပထမဆုံးအကြိမ်သတင်းစာပညာသင်တန်း ဆိုတာကိုတောင် ဗိုလ်ဓမ္မဟာ ပါဝင်တက်ရောက်ခဲ့ဖူးသူဖြစ်ခဲ့ဖူးပါတယ်။ အဲဒီ ပထမဆုံးအကြိမ်သတင်း စာပညာသင်တန်းကြီမပြီးဆုံးသေးခင်လောက်မှာပဲ ဗိုလ်နေဝင်းရဲ့အာဏာသိမ်းမှုကြီးက ပေါ် ပေါက်လာခဲ့လေရာ၊ သူတို့ရဲ့သင်တန်းကြီးဟာ ဗိုလ်နေဝင်းရဲ့တော်လှန် ရေးကောင်စီတက်လာစကာလကြီးထဲမှာမှ ပြီးစီးအဆုံးသတ်ခဲ့ရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။ သူတို့သတင်းစာသင် တန်းကြီးပြီးဆုံးခါနီးနဲ့သင်တန်းပြီးဆုံးချိန်မှာတော့ တော်လှန်ကောင်စီရဲ့သတင်းနဲ့ပြန်ကြားရေးဌာနဆိုတာရဲ့တာဝန်ရှိသူ၊ အထူးအရာရှိဆိုသူတွေတချို့တောင် တက်ရောက်လာခဲ့ကြပြီး ခပ်တည်တည်ဩဝါဒပေးခဲ့ကြ မိန့်ခွန်းချွေခဲ့ကြတယ်ဆိုပါတယ်။ အဲသလို အဲသလိုအထိ သတင်းစာပိုး သတင်းထောက်ပိုးရှိခဲ့ဖူးတဲ့ ဗိုလ်ဓမ္မကြီးဟာ သတင်းပတင်းအပေါ်မှာ သံယောဇဉ်ကကြီးဆဲ ဖြစ်နေပြီး၊ စာပေအနုပညာကိုချစ်မြတ်နိုးတတ်တဲ့ စိတ်အခံကလဲ ကိုကိုးကျွန်းအပို့ခံရတော့လဲ နည်းနည်းလေးမှ ညှိုးမှိန်သွားခြင်းမရှိခဲ့ဘဲ၊ ကျွန်းမှာ ဆရာဗန်းမော်တင်အောင်တို့လို ဆရာမြသန်းတင့်တို့လို ပုဂ္ဂိုလ်တွေနဲ့ပါ ထပ်မံ နီးနီးကပ်ကပ် လက်ပွန်းတတီးနေလိုက်ရလေတော့ စာရေးဆရာဖြစ်ချင်တဲ့ စာပေသမားစိတ်၊ စာပေသမားပိုးကပါ ထပ်မံ ရင့်သန်လာခဲ့ရတဲ့အနေအထား-လို့တောင် ဆိုချင်ပါတယ်။
ဗိုလ်ဓမ္မကြီးဟာ သူ့အိမ်ကို ကျွန်တော်ရောက်ရှိပြီး ညအိပ်ဖြစ်တဲ့အခါတိုင်းလောက်လိုလိုမှာလဲ၊ သူ ကြိုးစားပမ်းစား ရေးသားပြုစုထားတဲ့ ဆောင်းပါးလေးတွေ စာလေးတွေကို ကျွန်တော့်ကို ပေးဖတ်လေ့ ပြသလေ့ရှိပါတယ်။ ကျွန်တော်က မဂ္ဂဇင်းလေးတချို့မှာ ကဗျာနဲ့ဝတ္ထုတိုလေးတွေတချို့တောင် ပုံနှိပ်ဖော်ပြခံထားရဖူးတဲ့ ကလောင်ရှင်လေးတယောက်အနေ အထားဆိုတော့ သူက ကျွန်တော့်ကို သူ့လက်ရာလေးတွေကိုပေးပြရုံမက၊ ကျွန်တော့်ရဲ့ထင်မြင်ချက်နဲ့ဝေဖန်သုံးသပ်ချက်လေးတွေကိုပါလိုလိုလား လားမေးမြန်းရုံမက၊ ဘယ်မဂ္ဂဇင်း ဘယ်ဂျာနယ်ကို ပို့သင့်သလဲဆိုတာမျိုးအထိ စိတ်ထားနှိမ့်နှိမ့်ချချနဲ့ လိုလိုလားလားမေးမြန်းပြောဆို အကြံဉာဏ်ပါ တောင်းခံလေ့ရှိပါတယ်။ ကျွန်တော့်မှာ သူ့ရဲ့စာပေချစ်စိတ်နဲ့ စာရေး ဆရာတယောက် ကလောင်ရှင်တယောက်ဖြစ်လိုစိတ်အပေါ် လေးလေး နက်နက်သဘောပေါက်မိ အသိအမှတ်ပြုမိပါတယ်။ တခါတော့ သူက “ ကျွန်နော် ကလောင်နာမယ် ဘယ်လိုတပ်ရမလဲ ယူသင့်သလဲဗျ ” လို့တောင် လိုလိုလားလားအကြံဉာဏ်တောင်းခံခဲ့ဖူးရာ၊ ကျွန်တော်က “ ဗိုလ်ဓမ္မကြီး၊ ခင်ဗျားက ထူးကြီးသားမဟုတ်လား၊ အဲဒီတော့ ‘ထူးအံ့’ ဆိုပြီး ကလောင်နာမည်ယူလိုက်မယ်ဆိုရင်ကော ဘယ်နှယ်လဲ ” လို့တောင် အကြံပေးခဲ့ဖူးပါတယ်။ သူက ‘စဉ်းစားဦးမယ်ဗျာ..’ လို့ပဲ ဆိုခဲ့ပြီး ထုံးစံအတိုင်း ပြုံးစေ့စေ့ကြီးလုပ်နေခဲ့ပါတယ်။
( ၃ )
ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ နိဒါန်းဦးကာလတွေတဝိုက်မှာလဲ ကျွန် တော်ဟာ သင်္ကန်းကျွန်းဘက်ဆီမကြာခဏဆိုသလို ရောက်ဖြစ်နေရာ၊ ဗိုလ်ဓမ္မကြီးနဲ့လဲ မကြာခဏဆိုသလို တွေ့ဖြစ်နေခဲ့ပါတယ်။ တခါတရံ အစ်ကိုကြီးကိုလှရွှေ၊ ကိုလှတင်အောင်တို့ရဲ့မွေးမြူရေးခြံလေးတွေဘက်ဆီအသွား၊ တခါတရံ သူတို့ခြံလေးတွေဘက်ဆီမှအပြန် ဗိုလ်ဓမ္မကြီးရဲ့အိမ်လေးဘက်ဆီလဲ မရောက်ရောက်အောင် ဝင်ဖြစ်ခဲ့ပါတယ်။ အရေးတော်ပုံကြီးရဲ့နိဒါန်းအစ အရေးတော်ပုံကြီးရဲ့လှိုင်းခတ်သံကလဲ တနေ့တခြားမြည် ဟည်းလာစပြုချိန်မှာ ဒေါ်သန်းစိန်ကြီးက “ အိမ်က သမီးအိဇင်ကြီးတို့ကတော့ ချီတက်ပွဲတွေမှာ တက်တက်ကြွကြွပါနေသတဲ့ သူတို့ကျောင်းက ကျောင်းသူကျောင်းသားတွေနဲ့ ဒီနေ့ ဒီနား ပါလိုက်၊ ဟိုနေ့ ဟိုနားပါလိုက်နဲ့တကယ့်ကို ရဲလိုက်တာမှ သတ္တိအပြည့်နဲ့တဲ့ တော်..” လို့ ပြုံးပြုံးကြီး ပြောဆိုလာတာ ကြားရသလို၊ ဗိုလ်ဓမ္မကြီးကိုယ်တိုင်ကလဲ...
“ ဗညားကြီးတို့လဲ သူတို့ကျောင်းကကျောင်းသားတွေနဲ့အတူ ချီတက်ဆန္ဒ ပြပွဲတွေမှာ တက်တက်ကြွကြွ ပါနေကြသတဲ့ဗျ..” လို့ပြုံးပြုံးကြီးပြောဆိုလာလေတော့-ကျွန်တော့်မှာ သူတို့ဇနီးမောင်နှံရဲ့တော်လှန်စိတ်ဓာတ်နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးရပ်တည်ချက်အပေါ် တော်တော်လေးကို နှစ်ထောင်းအားရဖြစ်ခဲ့ရရင်း၊ လေးလေးနက်နက်လဲ အသိ အမှတ်ပြုလိုက်ရပါတယ်။ တချို့ တချို့သောမိဘတွေတော်တော်များများက စစ်အာဏာ ရှင်စနစ်အပေါ် မုန်းတီးဆန့်ကျင်ကြတာမှန်ပေမဲ့၊ ကိုယ့်သားသမီးတွေကိုယ်တိုင် အန္တရာယ်ကြီးမားလှတဲ့ နိုင်ငံရေးလှုပ်ရှားမှု၊ဆန္ဒပြ ချီတက်မှုတွေထဲ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်မှာမျိုးကိုတော့ လက်တွန့်ကြ စိုးရိမ်ကြကာ တားမြစ်တာမျိုးတွေအထိတောင် လုပ်တတ်ကြတာ ရံဖန်ရံခါ ကြားရမြင်ရ တွေ့ရလေ့ရှိပေမဲ့၊ ဗိုလ်ဓမ္မကြီးတို့ဇနီးမောင်နှံကတော့ အဲသလိုမိဘမျိုးမဟုတ်ဘဲ သိသိသာသာကြီးကို ခြားနားနေတယ်မဟုတ်လား။
ဗိုလ်ဓမ္မကြီးဟာ သူကိုယ်တိုင်လဲ စစ်အာဏာရှင်ဆန့်ကျင်ရေးသမားတဦး ဖြစ်လာခဲ့သလို၊ ကိုကိုးကျွန်းအထိအပို့ခံရတော့လဲ ကျွန်းမှာလဲ တော် လှန်ရေးသမားတဦးရဲ့နိုင်ငံရေးဂုဏ်သိက္ခာကို လိုက်နာစောင့်ထိန်းခဲ့ရုံမက၊ အစာငတ်ခံတိုက်ပွဲကြီးငယ်မျိုးစုံတွေ ပေါ်ပေါက်ခဲ့တော့လဲကိုယ်တိုင် ကိုယ်ကျ တိုက်ပွဲဝင်ခဲ့လေသူတဦးမဟုတ်လား၊ ကျွန်းမှာ (၇) ရက်ကြာ အစာငတ်ခံ ‘ငံပိပုပ်တိုက်ပွဲ’ ၊ ရက် (၄၀) ကြာ အစာငတ်ခံတိုက်ပွဲနဲ့ရက် ပေါင်း (၅၃) ရက်တိတိကြာ ကျွန်းဖျက်သိမ်းရေးတိုက်ပွဲကြီးတွေ ဖော်ဆောင်ခဲ့ကြရာမှာ၊ ဗိုလ်ဓမ္မကြီးဟာ ရက် (၄၀) အစာငတ်ခံတိုက်ပွဲကြီးအတွင်းမှာ ပြတ်ပြတ်သားသားပါဝင်တိုက်ပွဲဝင်ခဲ့ဖူးသူမဟုတ်လား။ လက်တွေ့ရှိခဲ့သူ တဦး-မဟုတ်လား။
ရှစ်လေးလုံးအရေးတော်ပုံကြီး မြေတုန်ဟည်းအောင် ပေါ်ထွန်းလာတော့လဲ ဗိုလ်ဓမ္မကြီးဟာ အစ်ကိုကြီးကိုလှရွှေ၊ ကိုလှတင်အောင်၊ ဦးခင်မောင်မြင့်၊ ကိုမြင့်ဦးသစ်၊ ကိုလှချို၊ ကိုမြစိန်၊ ကိုညိုဝင်း၊ ကိုတင်မောင်ဝင်းတို့နဲ့သာမက၊ ကျွန်တော်တို့လို လူငယ်လူရွယ်တွေတချို့နဲ့ပါ အတူတွဲပြီး၊ မြို့လုံးပတ်လည် ချီတက်ဆန္ဒပြပွဲကြီးတွေအတွင်းမှာ မမောနိုင်မပန်းနိုင် တက်တက်ကြွကြွ ပါဝင်ဖော်ပြခဲ့သူတဦးဖြစ်တာ ပေါ်ပေါ်လွင်လွင်တွေ့ရပါတယ်။ ဗိုလ်ဓမ္မကြီးရဲ့အတက်ကြွဆုံးနဲ့အလန်း ဆန်းဆုံးရုပ်ပုံကိုပြသပါဆိုရင်- အရေးတော်ပုံကြီးအတွင်းက ရုပ်ပုံတွေလို့တောင် ဆိုလိုက်ချင်ပါတယ်။ သူက ကြွေးကြော်သံတွေတိုင်ရတဲ့အခါမျိုးမှာဆိုရင် အားနဲ့ မာန်နဲ့ ခုန်ခုန်ပြီးတော့တောင် တိုင်တတ် အော်တတ် ဟစ်ကြွေးတတ်တာ တွေ့လိုက်ရပါလေတယ်။
ဒီ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ် စစ်အုပ်စုဟာ သွေးချောင်းစီးခမန်း ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွဲလိုက်ပြီး၊ ‘နဝတ’ ဆိုတဲ့ ခေါင်းစည်းနဲ့ယုတ်ယုတ်မာမာတက်လာချိန်မှာတော့ လူထုဆန္ဒပြပွဲကြီးတွေ မလွှဲသာမရှောင်သာရပ်ဆိုင်းသွားရပါတယ်။ ကျောင်းသားလူငယ်လူရွယ်တော် တော်များများဆိုရင် ထိုင်းနိုင်ငံ နယ်စပ်ဘက်ခြမ်းတွေဆီအထိတောင် ရောက်သွားရတာတွေ ပေါ် ပေါက်ခဲ့ပါတယ်။ ပြည်တွင်းမှာ မြေပေါ်မှာ အရေး တော်ပုံကြီးရဲ့ရလဒ်တခုအဖြစ် ပေါ်ပေါက်ခွင့်ရလာခဲ့ရတာကတော့ မြေပေါ်နိုင်ငံရေးပါတီတွေနဲ့ မြေပေါ်နိုင်ငံရေးပါတီလှုပ်ရှားမှုတွေလို့ဆိုရပါမယ်။ ပထမတော့ ကျွန်တော်တို့တွေလဲ NLD ကိုဝန်းရံခဲ့ကြပြီး၊ NLD နဲ့အတူရပ်တည်နိုင်ဖို့ ဦးစား ပေးကြိုးပမ်းလှုပ်ရှားခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက NLD ဥက္ကဋ္ဌ ဗိုလ်အောင်ကြီးရဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့မရိုးမသားနိုင်လွန်း၊ သဘောထားမမှန်ကန်လွန်းမှုတွေက တနေ့တခြား ဘွားဘွားကြီးပေါ်လွင်လာခဲ့လေရာ၊ နောက်ဆုံးမှာတော့ ကိုယ့်အသံလေးကိုယ်ပေးနိုင်၊ဖော်ပြနိုင်ဖို့ ဦးခင်မောင်မြင့်ကို ခေါင်းဆောင်တင်ကာ၊ ‘ပြည်သူ့တိုးတက်ရေးပါတီ’ ကို တကျော့ပြန် ပြန်လည် ထူ ထောင်လိုက်ရပါတယ်။ အဲဒီမှာ အစ်ကိုကြီးကိုတင်မောင်ဝင်းတို့ ကိုသိန်းတင်တို့လို လူရင်းတွေသာမက ဗိုလ်ဓမ္မကြီးတို့လို လူရင်းတွေပါ NLD အနားမှာပဲ ကျန်ရစ်သွားရတဲ့အခြေအနေ ဖြစ်ခဲ့ရပါတယ်။ ဦးခင်မောင်မြင့်ရဲ့အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲ ပြည်သူ့တိုးတက်ရေးပါတီရုံးချုပ်ကို ဖြစ်သလိုဖွင့်လှစ်ခဲ့ရပြီး၊အစ် ကိုကြီးကိုလှရွှေ နဲ့ကျွန်တော့်မှာ နေ့စဉ်ရုံးတာဝန်ကျတွေသဖွယ်ဖြစ်တည်လုပ်ကိုင်နေရချိန်တနေ့မှာ အစ်ကိုကြီးကိုလှရွှေက.. “ မင်းကို ဗိုလ်ဓမ္မကြီးက အားရင် အချိန် ရရင် အိမ်လာလှည့်ပါအုံးလို့ ငါ့ကိုမှာ လိုက်သကွ” လို့ပြောဆိုလာရင်း၊ “ အင်း.. ဗိုလ်ဓမ္မကြီးက သူရေးသားထားတဲ့ သူ့စာပေလက်ရာတွေကို မင်းကို ပေးဖတ်ချင် ပြသချင်လို့နဲ့တူပါသကွာ၊ ငါတို့လှတင်အောင်တို့ကိုတော့ သူ့ကို စတာနောက်တာ လှောင်တာများတော့ ပေးမဖတ်ချင်ဘူးနဲ့တူပါတယ်ကွာ..” လို့လဲ ရယ်ကျဲကျဲနဲ့ပြောဆိုလာခဲ့ပါတယ်။ ကျွန်တော်လဲ အလိုက်သင့်ပြုံးလိုက်မိရင်း၊ ဗိုလ်ဓမ္မကြီးအိမ်ဘက်ဆီ မသွားဖြစ်မရောက်ဖြစ်တာကြာပြီဆိုတဲ့အသိနဲ့အတူ အဲဒီရက်ပိုင်းအတွင်းမှာပဲ မဖြစ်ဖြစ်အောင် သွားလိုက်မိပါတယ်။
ဗိုလ်ဓမ္မကြီးက ကျွန်တော့်ကိုမြင်တော့ သူ့ထုံးစံအတိုင်း အပြုံးမြမြနဲ့လှိုက် လှိုက်လှဲလှဲ ကြိုပါတယ်။ သူ့အိမ်လေးပေါ်မှာက ဒေါ်သန်းစိန်လဲ မရှိ၊ သူ့သားသမီးတွေလဲ ဘယ်သွားနေသလဲမသိ၊ တနရာရာဆီ သွားနေကြပုံ ရပါတယ်။ လူကလဲ အင်မတန်မှ ရှင်းလင်းနေချိန်နဲ့တိုက်ဆိုင်နေရာ၊ သူကပဲ “ ကိုလှရွှေနဲ့မှာလိုက်တာက ခင်ဗျားကို ပြောစရာရှိလို့ဗျ ” လို့စကားခံရင်း မျက်မှောင်ကြီးကို တချက်တွန့်လိုက်သေးတာ သတိထားမိပါတယ်။ ပြီးမှ .. “အခု ခင်ဗျားကိုပြောမယ့်အဖြစ်အပျက်က တလတောင်မရှိသေးဘူး၊ လတ်တလောပဲဗျ ” လို့လဲ ထပ်မံပြောဆိုလိုက်သလို “ ဒီအဖြစ် အပျက်ကို ကိုလှရွှေတို့ တိုလှတင်အောင်တို့တင်မဟုတ်ဘူး၊ ဘယ်သူ့ကိုမှတောင် မပြောဖြစ်သေးပဲ၊ ခင်ဗျားကိုပဲ ပထမဆုံးအသိပေး ပြောဖြစ်တာလို့မှတ်ပါဗျာ ” လို့ပါ ထပ်မံပြောဆိုလာလေရာ၊ ကျွန်တော့်မှာ တော်တော်ကို အံ့ဩသွားရပါတယ်။ ဒါကြောင့် ကျွန်တော်လဲ အတတ်နိုင်ဆုံး နားကိုစွင့်ပြီး ထားလိုက်မိတော့...“ ကျွန်တော့်ဘက်က သေသေချာချာကို လူရွေးစဉ်း စားပြီးမှ သက်သေတင်ထားအသိပေးထားတဲ့သဘောနဲ့ပြောတာဖြစ်တဲ့အတွက် လိုအပ်သလိုမှတ်သားထားပြီး၊ လို အပ်ရင် လိုအပ်သလိုသက်သေ ခံပေးစေချင်တယ်ဗျာ ” တဲ့၊ သူ့ရဲ့စကားပလ္လင်ခံထားမှုက လေးနက်နေသလို၊ လေသံကလဲ တော်တော်ကြီးကို လေးနက်နေခဲ့ပါတယ်။
“ ဒီလိုဗျ.. အဲဒီနေ့က ကျွန်တော်လဲ မြို့ထဲဘက်သွားမလို့ အိမ်ကနေအထွက် ဒီလမ်းချိုးလေးကနေ ကားမှတ်တိုင်ဘက်ဆီအသွားမှာ ဘယ်တုံးကတည်းက ကျွန်တော့်အသွားအလာ အဝင်အထွက်ကို စောင့်ကြည့်နေမှန်းမသိရတဲ့ လူစိမ်းနှစ်ယောက်ရဲ့ ဆွဲကုပ်တာကိုခံလိုက်ရတယ်ဗျ။
ထောက်လှမ်းရေးက မိုင်ကပဲ ဖြစ်မှာပေါ့ဗျာ။ အက်စ်ဘီလား မိုင်လားတော့ မသိဘူး။ ကျွန်တော်လဲ ‘အင်း ..ငါတော့ အဆွဲခံလိုက်ရပြန်ပြီလို့ပဲ တွေးမိပြီး အသာလိုက်သွားရတာပေါ့ဗျာ။ သူတို့နှစ်ယောက်က ခပ်လှမ်းလှမ်းနားမှာ ရပ်ထားတဲ့ ကားလေးတစီးဆီအထိ ကျွန်တော့်ကို ညှပ်ပြီးခေါ်သွားခဲ့ပြီး အဲဒီကားလေးနဲ့ပဲ ခေါ်သွားခဲ့တာမှာ ဟိုတုန်းကနဲ့မတူတာကတော့ ကားပေါ်မှာလဲ ကျွန်တော့်ကို မျက်နှာတွေ ဘာတွေတောင်မအုပ်ပဲခေါ်သွားခဲ့တာဖြစ်နေတယ်ဗျာ၊ တယောက်ကဆို ‘ခင်ဗျားကို ဖမ်းတာမဟုတ်ပါဘူး’ လို့တောင် ကားပေါ်မှာ ဆိုလိုက်သေးသဗျ။ အတိုချုပ်ပြောရရင်တော့ဗျာ ဘယ်ထောက်လှမ်းရေး ဘယ်ရဲစခန်းမှ ခေါ်သွားတာမဟုတ်ဘဲ၊ ကျွန်တော့်ကို ဝန်ကြီးများရုံး (အတွင်းဝန်းများရုံး) ဆီ ခေါ်သွားတာဖြစ်နေတယ်ဗျာ” လို့ဆိုလာတော့ သူ့စကားကို နားဆင်ရင်း၊ ကျွန်တော်ကိုယ်တိုင်လဲ တအံ့တသြ ဖြစ်သွားရပါတယ်။
“ ကျွန်တော့်ကို အပေါ်ထပ်က ရုံးခန်းကျယ်ကြီးတခုထဲခေါ်သွားခဲ့တယ်။ အဲဒီရုံးခန်းကြီးထဲမှာ တိဗွီအကြီးကြီးတလုံးနဲ့အောက်စက်လားဘာလား၊ အဲသလိုဟာတွေလဲရှိနေတဲ့အပြင်၊ ရှေ့မှာ ဆိုဖာကြီးတွေ ထိုင်ခုံကြီးတွေကလဲ သုံးလေးလုံးတောင်ချထားတယ်ဗျ။ စက်ထဲမှာ အခွေတွေ ဘာတွေထည့်ထားပြီးသားဖြစ်ပုံရတယ်၊ ခေါ်လာတဲ့တယောက်က ‘ ကဲ...အေးအေးဆေးဆေး နားနားနေနေထိုင်ရစ်အုံး ကြည့်ရစ်အုံးဗျာ၊ ကျွန်တော်တို့သတင်းပို့လိုက်ပါအုံးမယ်’ လို့ပြောပြီး ပြစက်ခလုတ်ကို တချက်နှိပ်ပြီးထွက်သွားတော့ တီဗွီဖန်သားပြင်ကြီးပေါ်မှာ ပေါ်လာတာက ဆန္ဒပြပွဲအခွေကြီးဗျာ၊ ပြီးခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံကာလကြီးအတွင်းတုန်းက ဒီမြို့လယ်တဝိုက် ဆန္ဒပြပွဲကြီးတွေကို သေချာရိုက်ထားတဲ့ ဆန္ဒပြချီတက်ပွဲအခွေကြီးဖြစ်နေတယ်။ အထူးသဖြင့် ဒီရုံးကြီးရဲ့ရှေ့နားတည့်တည့်လမ်းမကြီးပေါ်က မှတ်တမ်းတင်ရိုက်ချက်တွေ ဖြစ်နေတယ်ဗျာ။ တနေရာအရောက်မှာတော့ ဒီရုံးကြီးရဲ့ရှေ့နားတည့်တည့်လောက်မှာပဲ တက်တက်ကြွကြွအော်ဟစ်ဆန္ဒပြနေကြတဲ့လူအုပ်လူတန်းရှည်ကြီးထဲမှာ ပီပီသသ ကြီးပါလာတာကတော့ ကျွန်တော်ပုံမှ ကျွန်တော်ပုံကြီးဖြစ်နေတယ်။ လက်သီးလက်မောင်းတန်းပြီးကြွေးကြော်နေရုံမက တချက်တချက် ခုန်ခုန်ပြီးတော့တောင် အော်ဟစ်နေတဲ့ပုံကြီးဖြစ်နေတော့ ..ဟိုက်.. ငါ့ကိုတော့ လက်ပူးလက်ကြပ်ပြသနေပြီ၊ ပညာသားပါပါနဲ့မလှုပ်နိုင်အောင်ကို ချည်ပြီးတုပ်ပြီးများလုပ်ပြနေရော့သလား..လို့တောင် တွေးမိလိုက်ရင်း၊ ရင်လဲ တဒိတ်ဒိတ်တော့ ခုန်လာတယ်ဗျာ။ အင်း ..ငါ့ကိုတော့ ပညာသားပါပါနဲ့ ဗျူဟာခင်းနေပြီလို့လဲ အတွေးပေါက်လိုက်မိတယ်ဗျာ..” တဲ့ ။
ဗိုလ်ဓမ္မကြီးရဲ့အသံက အနည်းငယ်တိုးလျသယောင်ဖြစ်သွားပေမဲ့၊ ကျွန်တော့်မှာတော့ ပို ပိုပြီးပဲစိတ်ဝင်စားစရာ ဖြစ်လာရပါတယ်။
“ နောက် နာရီဝက်လောက်ကြာတော့ နောက်ဘက်တံခါးပေါက်ကြီးဆီကနေ လူ ဝဝတုတ်တုတ်ကြီးတဦးဝင်လာတယ်။ ဘယ်သူမှတ်သလဲ၊ သိန်းစိန်မှ သိန်းစိန်ပါပဲဗျာ။ အခုတလော ညညတွေမှာ သတင်းစာရှင်းလင်းပွဲတွေမှာ သတင်းစာရှင်းလင်းပွဲခေါင်းဆောင်ကျော်ဆန်းနဲ့အတူ မကြာမကြာ တွဲတွဲပြီးတွေ့ရလေ့ရှိတဲ့ သတင်းစာရှင်းလင်းပွဲအဖွဲ့ဝင် သိန်းစိန် ဆိုတာကြီးလေ ။ ခွေးဘီလူးမျက် နှာမျိုးနဲ့တူလို့ လူတွေတော်တော်များများများက ‘ခွေးဘီလူးသိန်းစိန်’ လို့ခေါ်နေကြတဲ့ သိန်းစိန်မှ သိန်းစိန်ပါပဲဗျာ။ ခင်ညွန့်နဲ့ တင်ဦး ကို ‘ပုပ်သိုး’ နဲ့‘ဂုတ်ပိုး’ လို့နာမည်ပြောင်ပေးထားကြသလို၊ ဒီသိန်းစိန်ကိုလဲ ‘ခွေးဘီလူးသိန်းစိန်’ လို့တောင် ခေါ်ဝေါ်သတ်မှတ်ထားကြတယ်မဟုတ်လား။ သူက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြီးကို ပြုံးပြ ပျူငှာပြရုံတင်မက ..‘ဟာ ကိုတင်စိန်.. မတွေ့ရတာကြာပြီနော်၊ ဟိုး ၁၉၆၂ က ပထမဆုံးအကြိမ်သတင်းစာသင်တန်းဆင်းပွဲကြီးမှာ တွေ့ ဆုံခဲ့ကြဖူးပြီးကတည်းက ထပ်မတွေ့ရတော့တာဆိုတော့ နှစ်ပေါင်းကို (၂၆) နှစ်ကျော်ပြီနော်..’ လို့တောင်ဆိုလိုက်သေးသဗျာ၊ ကျွန်တော့်မှာ တကယ်ကို အံ့ဩသွားရတယ်။ အဲဒီတုန်းက တော်လှန်ရေးကောင်စီအာဏာသိမ်းစမှာ သတင်းစာသင်တန်းဆင်းပွဲဆိုတာကိုတောင် စစ်တပ်က သတင်းနဲ့ပြန်ကြားရေးဌာနဆိုတာက သူတို့တွေဟာ ပေါက်ချ ရောက်ချလာကြပြီး သင်တန်းသားဖြစ်တဲ့ ကျွန်တော်တို့တွေနဲ့တယောက်ချင်းလက်ဆွဲနှုတ်ဆက်ခဲ့ရဖူးတာကို အခုချိန်အထိ တိတိကျကျမှတ်မိနေပြီး၊ သေ သေချာချာကြီးကို မှတ်သားထားတဲ့သဘောဆိုတော့ ဒီကောင်တွေရဲ့မှတ်သားထားချက်ဟာ တော်တော်ကိုအံ့ဩစရာလို့တောင်ဆိုချင်တယ်။ ဒီခွေးဘီလူးဟာ ဟိုတုန်းက စစ် တပ်က စိတ်ဓာတ်စစ်ဆင်ရေးဌာနကနေ လာတဲ့သူလို့တောင် ကြားရဖူးတယ်လေ။ နောက်တော့မှ သတင်းနဲ့ပြန် ကြားရေးဌာနဆိုတာမှာ အထူးအရာရှိလား ဘာလား ဖြစ်ခဲ့ဖူးတယ်လေ။ အဲဒီလို ၁၉၆၂ က သတင်းစာပညာသင်တန်းဆင်းပွဲမှာ တခါပဲ လက်ဆွဲနှုတ်ဆက်ခဲ့ရဖူးတာကို မမေ့မလျော့မှတ်သားထားတဲ့သဘောဆိုတော့ဗျာ..” လို့ဆိုလိုက်ရင်း စကားကို ခေတ္တနားလိုက်ပြန်ပါတယ်။ ပြီးမှ ...
“ ခွေးဘီလူးကြီးက ကျွန်တော်နဲ့မျက်နှာချင်းဆိုင်က ထိုင်ခုံပေါ် ပြုံးပြုံး ပြုံးပြုံးနဲ့ဝင်ထိုင်လိုက်ရင်း ‘ ဒီအရေးအခင်းကြီးထဲမှာ ကိုတင်စိန်တို့တွေလဲ တော်တော်တက်တက်ကြွကြွနဲ့ ပါခဲ့ကြတာပဲနော်..’တဲ့၊ အေးဗျာ ..တနိုင်ငံလုံးနေရာအနှံ့ဖြစ်ခဲ့ကြတာဆိုတော့ ဒီလိုပဲ လူတွေတော်တော်များများပါ ဝင်ခဲ့ကြတာ သဘာ ဝကျပါတယ်ဗျာ..တဲ့။ တကယ်ကို စကားက ညက်လိုက်သလိုက်မှ ချောလို့ဗျာ-။ ပြီးမှ သူက သကာပေါ်ပျားရည်လောင်းထားတဲ့အပြုံးမျိုးနဲ့ ကျွန်နော့်မျက်နှာဆီ ထပ်ကြည့်ပြီး သူ့ရဲ့တကယ့်ရည်ရွယ်ချက်မှန်စကားက လေအေးလေးနဲ့စလာသဗျ။ ‘ကိုတင်စိန်ရေ ..ကျွန်တော်တို့က ခင်ဗျားကိုအကူအညီတောင်းချင်လို့ပါဗျာ..’ တဲ့။ ခင်ဗျားက တကယ်လဲနိုင်ငံရေးသမားဟောင်း၊ ကျွန်းတောင်အပို့ခံရဖူးတဲ့ ကျွန်းပြန်တဦးဆိုတော့ ခင်ဗျားလိုလူရဲ့အကူအညီကိုလိုချင်လို့လူရွေးပြီးမှ အကူအညီတောင်းတဲ့သဘောလို့မှတ်စေချင်တယ်ဗျာ..တဲ့။ အခုက ခင်ဗျားလဲသိတဲ့အတိုင်းပဲ၊ အရေးအခင်းမှာပါခဲ့ကြ လှုပ်ရှားခဲ့ကြတာက ပြဿနာမဟုတ်ဘူး။ ခင်ဗျားတို့ကျွန်တော်တို့သား သမီးအရွယ် ကျောင်းသူကျောင်းသားလေးတွေတော်တော်များများဟာ ထိုင်းနယ်စပ်ဘက်တွေဆီအထိ တချို့ထိုင်းဘက်ထဲအထိ ရောက်သွားကြတာကတော့ တော်တော်ကိုစိုးရိမ်စရာပဲ၊ သူတို့လေးတွေဘဝတွေအတွက်လဲ စိုးရိမ်စရာ၊ မိဘဆွေမျိုးတွေနဲ့တိုင်း ပြည်အတွက်လဲ စိုးရိမ်စရာလို့မြင်တယ်။ အတိုချုပ်ပြောရရင် အဲဒီလိုနယ် စပ်ဘက်ရောက်သွားကြရတဲ့ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်လေးတွေကို ပြန်ခေါ်ချင်တယ်။ အိမ်ပြန်ရောက်အောင် ပြန်ခေါ်ချင်တယ်။ အစိုးရအနေနဲ့လဲ ပြန်လာကြဖို့ နည်းမျိုးစုံနဲ့ဖိတ်ခေါ်မယ်။ တဖက်ကလဲ ခင်ဗျားတို့လို လူကြီးတွေ နိုင်ငံ ရေးသမားဟောင်းတွေ နိုင်ငံရေးသိက္ခာရှိသူတွေကလဲ အဲသလိုနေရာတွေဆီအထိ အကြောင်းအမျိုးမျိုး နည်းအမျိုးမျိုးနဲ့ရောက်အောင်သွားပြီး၊ တဖက်တလမ်းကနေ အခြေအနေပေးရင် ပေးသလို ဖျောင့်ဖျောင့်ဖျဖျ ပြောဆိုအကြံပေးတာ တိုက်တွန်းတာမျိုးတွေ လုပ်ပေးကြမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ် အရာရောက်မယ်လို့ယူဆတဲ့အတွက် အကူအညီပေးဘို့တောင်းဆိုချင်လို့အခုလို ခေါ်လိုက်မိတာပဲဗျာ..ဆိုပြီး လေအေးလေးနဲ့ရှင်းပြတာဖြစ်နေတယ်၊ ကျွန်တော့်မှာ ရုတ် တရက် ဘယ်လိုပြန်ပြောရမလဲ မသိအောင်ကို ဖြစ်သွားရတယ်။ ဒီလိုဟာမျိုးကို တခါမှ မစဉ်းစားဖူး ထင်မှတ်မထားဖူးတော့ တော်တော်လဲ တအံ့တဩဖြစ်သွားရရုံမက ခေါင်းတွေလဲ ထူပူသွားရတယ်ဗျာ။ ထိပ်ချမှ ဓား ပြမှန်း သိလိုက်ရသလိုလဲ ခံစားလိုက်ရပြီး၊ ဘယ်လိုလုပ်ရမလဲ ဘယ်လိုပြန်ပြောရမလဲဆိုတာ အပြေးအလွှားစဉ်း စားလိုက်ရတယ်။ ပက်ခနဲနေအောင်တုံ့ပြန်လိုက်လို့တော့ ရလဒ်ကောင်းမှာမဟုတ်ဘူလို့လဲ စဉ်း စားမိပြီး၊ စိတ်ကိုလဲ အတတ်နိုင်ဆုံးထိန်းချုပ်လိုက်ရပြီး ‘ဟာ ...ကျွန်တော်က အဲသလိုမျိုးတွေနဲ့ဖြစ်မှာမဟုတ်ပါဘူးဗျာ၊ အဲသလိုတွေလဲ ပြောတတ်ဆိုတတ် ဝင်တတ်ထွက်တတ်တဲ့အရည်အသွေးမျိုး မရှိပါဘူး၊ ကျွန်တော့်စရိုက် သဘာဝနဲ့လဲ မကိုက်ပါဘူးဗျာ..’ လို့ပဲ လေအေးလေးနဲ့ကောက်ခါငင်ကာ ငြင်းလိုက်ရခေါင်းခါလိုက်ရတယ်။ ဒါတောင် ခွေးဘီလူးက လေအေးလေးနဲ့ ‘စဉ်းစားကြည့်ပါအုံးကိုတင်စိန်ရယ်၊ သွားရေးလာရေး ခရီးလမ်းပန်းကအစ ငွေရေးကြေးရေးကအစ၊ အစစအဆင်ပြေအောင်ကျွန် တော်တို့ စီစဉ်ပေးနိုင်ပါတယ်။ လူခံကအစ လိုအပ်တဲ့အဆက်အသွယ်နဲ့လူပုဂ္ဂိုလ်တွေပါ အခက်အခဲမရှိရအောင်စီစဉ်ပေးပါ့မယ်လို့ဆက်ပြီး ပြောနေသေးတယ်။ ကျနော်ကလဲ ‘မဖြစ်လို့ပါ၊ မလုပ်တတ်လို့ပါ’ လို့ပဲ တွင်တွင်ပြောပြီး ခေါင်းရမ်းပြခဲ့ရ ငြင်းခဲ့ရတယ်ဗျာ။ အဲဒါတောင် သူက ‘ခင် ဗျားလုံခြုံရေးလဲ အကောင်းဆုံးစီစဉ်ပေးပါ့မယ်၊ ခင်ဗျားကသာ ကူညီမယ်ဆိုရင် ခင်ဗျားမှာ ရုန်းကန်ရတာ ချို့ငဲ့တာလဲ သိပါတယ်။ အဲဒီအတွက် ခင်ဗျား ခရီးသွားလာနေစဉ်အတွင်း ခင်ဗျားမိသားစုရဲ့စားဝတ်နေရေးအတွက်ပါ ကျွန် တော်တို့ဘက်ကလဲ ပြန်လည်ကျေးဇူးတုံ့ပြန်ပါ့မယ်၊တာ ဝန်ယူပါ့မယ် ” လို့တောင် ဆက််ပြီး ပြောနေသေးတယ်ဗျာ။ နောက်ဆုံးတော့ ကျွန်နော့်ဘက်ကလဲ တွင်တွင်ပဲ ဆက်လက်ခေါင်းခါပြနေလေတော့ သူက ‘ဒီကိစ္စကို ဘယ်သူမှ မသိပါစေနဲ့ဗျာ၊ ဘယ်သူ့မှပြောမပြပါနဲ့၊ ဒီကိစ္စ တခုခုပေါက်ကြားသွားတယ်ဆိုရင် ခင်ဗျားအတွက်လဲ မကောင်းဘူး၊ ကျွန် တော်တို့အတွက်လဲ မကောင်းဘူး” ဆိုတဲ့စကားနဲ့ပဲ နှုတ်ပိတ်လွှတ်လိုက်တယ်ဗျာ၊ တကယ်ကတော့ ချိမ်းခြောက်လွှတ်လိုက်တာပါပဲ ” လို့ဆိုရင်း စကားကို ဖြေးလေးစွာ အဆုံးသတ်သွားခဲ့ပါတယ်။ ခဏနေမှ သက်ပြင်းတချက်ကို ထပ်မံချလိုက်ရင်းက..
“ ဟေ့လူရေ.. ငြိမ်ပိ စစ်အုပ်စုရဲ့ ဉာဏ်ဖြူ ဉာဏ်နက်များမှုနဲ့လက်တံရှည်မှုကတော့ တော်တော်ကိုကြီးတယ်နော်၊ လျှော့မတွက်မိဖို့လိုတယ်နော်..။ ကျွန်နော်ကိုယ်တိုင် ဒီလတ်တလောမှာပဲ ကြုံလိုက်ရတဲ့အဖြစ်အပျက်ပဲ။ ဒါကို ဘယ်သူ့ကို သက်သေအဖြစ် အသိပေးထားသင့်သလဲ၊ မလိုလဲလိုလဲပြောထားသင့်သလဲဆိုတာ သေသေချာချာစဉ်းစားပီးမှ ခင်ဗျားကို ပထမဆုံးအဖြစ်နဲ့ရင်ဖွင့်ပြောပြလိုက်တာပါ။ ဒီဖြစ်စဉ်ကို သေသေချာချာမှတ် သားထားပေးပြီး၊ တချိန်ချိန်မှာ လိုအပ်ရင် လိုအပ်သလိုပြောဆိုနိုင်ဖို့ပါပဲဗျာ။ နောင်တော့ လိုအပ်မယ်လို့ယူဆရင် ခေါင်းဖြူကြီးကိုလဲ ပြောဖြစ်ချင် ပြောဖြစ်ဖို့စဉ်းစားထားတယ်။ အခုကတော့ ပထမဆုံးအဖြစ် ခင်ဗျားကိုပဲ ပြောလိုက်မိတာပါ ” လို့ဆိုရင်းက စကားကို အဆုံးသတ်သွားပါတော့တယ်။ ဗိုလ်ဓမ္မကြီးက အဲသလို စကားကိုရှည်ရှည် ဝေးဝေး အသေးစိတ်ပြောဆိုရင်း သူ့စကားကို နိဂုံးချုပ်သွားခဲ့ပေမဲ့၊ ထပ်ဆင့်ထပ်ဆင့် အတွေးတွေ ပလုံစီအောင်ဝင်လာရရင်း တော်တော်နဲ့နိဂုံးချုပ်လို့မရနိုင်အောင်ဖြစ်သွားရတာကတော့ ကျွန်တော်ပါပဲ။ “ လျှို့ဝှက်မှုကို ထိန်းသိမ်းပါ၊ မလွှဲမရှောင်သာ သိရှိထားရသမျှကိုလဲ တာဝန်ယူ ထိန်းသိမ်းရပါမယ်” ဆိုတဲ့ လုပ်ဟန်ဆိုင်ရာဆောင်ပုဒ်လေးတရပ်ဟာ ဦးနှောက်ထဲမှာသာမက နှလုံးသားထဲအထိပါ ခုန်ပေါက်ဝင်ရောက်လာခဲ့ရာ၊ သက်ပြင်းကိုသာ ဖွဖွလေးချလိုက်မိပါတယ်။
ဘာပဲဖြစ်ဖြစ် ဗိုလ်ဓမ္မကြီးရဲ့မျက်နှာကို လေးလေးနက်နက်ပြန်လည်ကြည့်လိုက်မိရင်း၊ သူ့ရဲ့ခိုင်မာတဲ့ရပ်တည်ချက်နဲ့ ခိုင်မာတဲ့စိတ်ဓာတ်အပေါ် လေးလေးစားစားအသိအမှတ်ပြုလိုက်ရပါတယ်။ ဒါဟာ သူနဲ့ ကျွန်တော့်အကြားမှာ ဘယ်တော့မှမေ့ဖျောက်လို့မရနိုင်တဲ့ ဖြစ်စဉ်လေးသဖွယ် ဖြစ်ခဲ့ပါတယ်။ သူ့အိမ်လေးထဲမှာတော့ သူနဲ့ကျွန်တော်အကြား နောက်ဆုံးတွေ့ဆုံလိုက်ရတဲ့ တွေ့ဆုံမှုလို့လဲ ဆိုရပါလိမ့်မယ်။ အဲဒီရဲ့နောက်ပိုင်းမှာ ကျွန်တော်ကလဲ ကျွန်တော့်ကိစ္စတွေနဲ့ကျွန်တော် ဗျားများနေရရုံမက၊ နောက်ထပ်တကျော့ပြန်ဝရမ်းပြေးဘဝနဲ့တောင် ရန်ကုန်မြေကနေ ဆုတ်ခွါသွားခဲ့ရရာ၊ ဘယ်လိုမှ လူချင်းပြန်ဆုံနိုင်တဲ့အခြေအနေမရှိတော့ပါ။ ရင်ထဲမှာတော့ မကြာခဏဆိုသလို ဒီဖြစ်စဉ်နဲ့သူ့ရဲ့ပုံသွင်တွေကိုပါ သတိရနေမိခဲ့ပါတယ်။
( ၄ )
ကျွန်တော် ဂန္ဒာလရာဇ်ဘက်ခြမ်းအထိ ရောက်ရှိသွားရပြီးတဲ့နောက် နှစ်တချို့အကြာ (၁၉၉၃-၉၄- ၉၅ ခုနှစ်လောက်တွေမှာတော့ ) ဗိုလ်ဓမ္မကြီးရဲ့သတင်းကို ခပ်သဲ့သဲ့ပြန်ကြားရပါတယ်။ ဗိုလ်ဓမ္မကြီးနဲ့ထဲထဲဝင်ဝင် ရင်း နှီးတဲ့၊ ဗိုလ်ဓမ္မကြီးတို့ရဲ့ သင်္ကန်းကျွန်းထဲက လူရင်းတယောက်နဲ့ နယ်စပ်ဘက်ခြမ်းမှာ အမှတ်မထင်ပြန်လည်တွေ့ဆုံခွင့်ရလိုက်တဲ့အတွက် သိလိုက်ရတာဖြစ်ပါတယ်။ ဗိုလ်ဓမ္မကြီးအပါ လူရင်းတသိုက်ဟာဆေးဆိုး ပန်းရိုက်ပါတိတ်ထည်လုပ်ငန်းလေးကို လုပ်ကိုင်နေကြကြောင်း၊ လုပ်ငန်းရှင်ကလဲ ကိုယ့်ထဲကိုယ့်ဟာထဲကပဲဖြစ်တာကြောင့် အလုပ်ကလေးတွေတော့ရှိနေကြကြောင်း၊ ဒီနောက်တော့ နယ်ဘက်ကထောင်ကျနိုင်ငံရေးသမားဟောင်းကြီးတယောက်ရဲ့စားဝတ်နေရေးအတွက် အဲဒီဆေးဆိုးပန်းရိုက်ပါတိတ်ထည်တွေ နယ်အထိယူသွားပြီး ရောင်းချနိုင်ရေးအတွက် သူကပဲခေါင်းခံကာ အလုပ်ရှင်ထံကနေ ရယူချထားပေးလိုက်ရာ အဲဒီနယ်က နိုင်ငံ ရေးသမားဟောင်းကြီးဟာ အိမ်မီးလောင်မှုဖြစ်ပွားရာမှ အိမ်တွင်မက အဲဒီဆေးဆိုးပန်းရိုက်ပါ တိတ်ထည်တွေအားလုံးပါ မီးထဲပါသွားကြောင်း၊ ဒါကြောင့် " သူတပါးကို အကူအညီပေးချင်ရှာလွန်းတဲ့ ဗိုလ်ဓမ္မကြီးတို့မိသားစုခမြာ အဲဒီပါတိတ်အထည်ဖိုးတွေပါ စိုက်ဆပ်ရတော့မယ့်အနေ အထားဖြစ်နေပြီး၊ ကြွေးတွေတက်နေရကာ တပူပေါ် နှစ်ပူဆင့်အနေအထားဖြစ်နေကြောင်း-စတဲ့ စတဲ့သတင်းမျိုးတွေပါ ကြားလာရလေရာ ကျွန်တော့်မှာ အဝေးကနေ စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။ ကိုယ်ကိုယ်တိုင်က ပင်ပင်ပန်းပန်းရုန်းကန်နေရပါလျက် သူတပါးကို ဘဝတူတွေကို တတ် နိုင်သမျှ အကူအညီပေးချင်လွန်းရှာ စိတ်ကောင်းစေတနာကြီးတတ်လွန်းရှာတဲ့ ဗိုလ်ဓမ္မရဲ့အသဲနှလုံးကိုပါ အတိုင်းသားလှမ်းမြင်နေရသလို ရှိခဲ့ပါတယ်။
နောက်တော့ ဘယ်လိုက ဘယ်လို ငြိကြ ထိကြတယ်တော့ ကွဲကွဲပြား ပြားမသိ၊ ဗိုလ်ဓမ္မကြီးလဲ နိုင်ငံရေး ကိစ္စနဲ့ဝရမ်းပြေးနေရပြီး၊ အိမ်တောင်မကပ်နိုင်တော့တဲ့အခြေအနေဖြစ်နေရကြောင်းဆိုပြီး ထပ်မံကြားရပြန်ပါ တယ်။ ဗိုလ်ဓမ္မကြီးရဲ့သမီးကြီး မသန္တာလဲ အိမ်ထောင်တောင်ကျနေပြီဖြစ်ကြောင်း ကြားရသလို၊ နောက်ပိုင်းမှာ ဗိုလ်ဓမ္မကြီးရဲ့သားမက် (မသန္တာရဲ့ခင်ပွန်းဖြစ်သူ) လဲ နိုင်ငံရေးမှုနဲ့ထောင်ကျနေကြောင်း၊ အင်းစိန်ထောင်တောင်မဟုတ်၊ ကလေးထောင်လိုလို ကလေးဝထောင်လိုလို၊ သရက်ထောင်မှာလိုလို အဝေးပို့ခြင်းခံရတဲ့အတွက် မသန္တာခမြာ တော်တော်ကို ရုန်းကန်နေရရှာကြောင်း၊ အဝေးရောက်ခင်ပွန်းဖြစ်သူကို ထောင်ဝင်စာမှန်မှန်ပို့နိုင်ရေးအတွက် တော်တော်ကို လှုပ်ရှားလုံးပမ်းနေရတဲ့အကြောင်း ..စသဖြင့် ..စသဖြင့်တွေ စိတ်မကောင်းစရာတွေ ဆက်တိုက်ဆိုသလို ကြားရပါတယ်။ နောက်တော့ ဒီလိုစိတ်မကောင်းစရာ ရင်မောစရာမျိုးစုံတွေ ကြားထဲကပဲ နောက်ထပ်နှစ်တချို့အတွင်းမှာတော့ ဝမ်းသာစရာရွှင်လန်းစရာသတင်းတခုလဲ ကြားလာရပါတယ်။ အဲဒါကတော့ ဗိုလ်ဓမ္မကြီးသမီး မသန္တာတယောက် စာတွေဘာတွေရေးနေရုံမက၊ တစထက်တစ ကလောင်ရှင်တယောက်၊ စာရေးဆရာမလေးတယောက်တောင် ဖြစ်နေပြီ.. ဆိုတဲ့သတင်းပါပဲ။ ကျွန်တော် သူတို့အိမ်လေးဆီ ရောက်သွားလေ့ရှိတိုင်းလိုလိုမှာ ‘ ဦး…ဘာဖတ်စရာစာအုပ်တွေ ပါလာသေးလဲ၊ ဘာမဂ္ဂဇင်းတွေများ ပါလာသေးသလဲ ’ လို့မေးတတ် ပြောတတ်လေ့ရှိတဲ့ မသန္တာဟာ ‘မသန္တာ’ ကနေ ‘နှင်းပန်းအိမ်’ ဖြစ်နေပြီဆိုတဲ့သတင်းပါပဲ။ စာရေးဆရာဖြစ်ချင်ရှာလွန်းတဲ့ ဗိုလ်ဓမ္မကြီးရဲ့ရုပ်ပုံကို ဖျတ်ခနဲ ပြန်လည်သတိရမိရင်း “ အင်း ..ဗိုလ်ဓမ္မကြီးက တော့ ဝရမ်းပဲပြေးနေရပြီး ခုချိန်အထိ ကလောင် ရှင်တယောက်၊ စာရေးဆရာတယောက်ဖြစ်လာတာ မကြားရသေး မတွေ့ရသေး၊ သမီးဖြစ်သူကတော့ စာရေးဆရာမလေးဖြစ်နေပြီ၊ ‘နှင်းပန်းအိမ်’ ဖြစ်နေပြီလို့-အတွေးဝင်လိုက်မိရင်း မုဒိတာအပြည့်နဲ့ဝမ်းသာပီတိ ဖြစ်လိုက်မိပါတယ်။
နောက် နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ မသန္တာကြီးနဲ့တောင် အမှတ်မထင်အဆက်အသွယ်တပိုင်းတစ ရလာခဲ့ပါတယ်။ လူကိုယ်တိုင်မဟုတ်ပေမဲ့ တယ်လီဖုန်းထဲက မသန္တာရဲ့အသံဟာ အရင်တုန်းက လေသံအတိုင်းပါပဲ။ Skype ပေါ်က ရံဖန်ရံခါကြားရတဲ့မသန္တာရဲ့အသံတွေဟာ ပိုမိုလူကြီးဆန်လာ လေးနက်လာတယ်လို့လဲ ထင်မိပါတယ်။ အဲဒီအချိန်က မသန္တာကြီးတို့တတွေဟာ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းထဲမှာ မဟုတ်လား။ နောက်တော့ ဗိုလ်ဓမ္မကြီးနဲ့ပါ နာရီဝက်ကျော်ကျော်လောက် စကား ပြောခွင့်တခု ရှားရှားပါပါး ရလိုက်ပါတယ်။ မသန္တာရဲ့အဝေးကနေ အချိန်း အချက်ပြုစီစဉ်ပေးချက်အရ Skype ပေါ်ကနေပဲ စကားပြောခွင့်ရလိုက်တာဖြစ်ပါတယ်။ ဗိုလ်ဓမ္မကြီးက ရန်ကုန် တောင်ဥက္ကလာရှိ သူ့ဆွေမျိုး သားချင်းတဦးအိမ်ကနေ ကွန်ပြူတာဖန်သားပြင်ရှေ့ကနေဖြစ်ပြီး၊ ကျွန် တော်က ဂန္ဒာလရာဇ်ဘက်ခြမ်း၊ ကျွန်တော့်ကွန်ပြူတာလေးရှေ့ကနေ တွေ့ ဖြစ်ကြတာဖြစ်ပါတယ်။ သူက ဝမ်းပန်းတသာ ပြုံးပြနေခဲ့သလို၊ ကျွန်တော်ကလဲ ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ရပါတယ်။ အဲဒီတုန်းက သူက သူ လှည့်ပတ်နေထိုင် ရှောင်တိမ်းနေတဲ့မြစ်ဝ ကျွန်းပေါ် ရွာလေးတရွာကနေ ရန်ကုန်ဘက် ဖျတ်ခနဲတက်လာဖြစ်ခဲ့ရင်း၊ ကြုံတောင့်ကြုံခဲ စကားပြောခွင့်ရလိုက်တာအပေါ် ကျေနပ်နေတဲ့အသွင်ဟာ အတိုင်းသားပေါ်လွင်နေခဲ့ပါတယ်။ သူက အခု ရန်ကုန်ကိုတက်လာဖြစ်ခဲ့တာတောင် အလွမ်းပြေသဘော အလည်အပတ်သဘောမဟုတ်၊ အဲဒီဒေသ ရွာတွေက မျက်စေ့ပြသဖို့၊ သွေးစစ်ဖို့၊ ဓာတ်မှန်ရိုက်ခံဖို့၊ ကျန်းမာရေးအစစ်ဆေးခံဖို့ ..စသဖြင့် စသဖြင့်-အရေးပေါ်လိုအပ်နေတဲ့ လူနာအမျိုးမျိုးတွေကို ရန်ကုန်အထိ အရောက်ခေါ်လာပြီး၊ အဲသလိုပရဟိတအလုပ်တွေ အကျိုးဆောင်အလုပ်တွေလုပ်ဆောင်နေရင်းက အခုလို ရောက်လာတာဖြစ်ကြောင်း၊ သူကိုယ်တိုင်ရဲ့ပြောကြားချက်အရ သိလိုက်ရပါတယ်။ အဲသလို ပရဟိတအလုပ်တွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြံဖန်လုပ်ဆောင်ပေးနေရင်းက ရန်ကုန်ကို ရံဖန်ရံခါရောက်ဖြစ်လာရတာလို့လဲ သိလိုက်ရပါတယ်။ ကိုယ့်အိမ်တောင် ကိုယ်ပြန်အိပ်နိုင်ခြင်းမရှိပဲ ဝရမ်းပြေးတပိုင်းဘဝနဲ့တောမှာပဲ နေနေရတဲ့ကြားထဲက တောက ဆင်းရဲလူနာတွေကိုခေါ်ခေါ်လာပြီး ပရဟိတအလုပ်တွေကို သူတတ်နိုင်သလောက် ကျွဲကူးရေပါ လုပ်ဆောင်နေခြင်းဖြစ်ရာ၊ ကျွန်တော့်မှာ သူ့ရဲစိတ်ကောင်းစေတနာကြီးမှုနဲ့ လူထုအကျိုးဆောင်လိုမှုအပေါ် တော်တော်ကိုအလေးအနက်ပြုလိုက်ရ နား လည်လိုက်ရ လေးစားလိုက်ရပါတယ်။ ဒီတခါ ကွန်ပြူတာဖန်သားပြင်ပေါ်က မြင်လိုက်ရတဲ့ သူ့ရုပ်သွင်ဟာ အနည်းငယ်တော့ ကျစပြုလာပြီဖြစ်ပါတယ်။ ဆံပင်တွေက ဖြူနေပြီဖြစ်ရုံမက၊ ဟိုတုန်းကလို ဆရာဒဂုန်တာရာအငယ်စားလေးလို ဆံပင်ရှည် လှိုင်းတွန့်ဝေေဝပုံစံမျိုးလဲမဟုတ်တော့ပဲ ခပ်တိုတို ခပ်ပါးပါးလေးသာ ဖြစ်နေတာကိုလဲ ဖျတ်ခနဲ သတိထားမိပါတယ်။
၂၀၁၂ ခုနှစ်ထဲလား-၂၀၁၃ ခုနှစ်ထဲမှာလား.. ကောင်းကောင်းမမှတ်မိတော့ပေမဲ့၊ အဲဒါဟာ ဗိုလ်ဓမ္မကြီးနဲ့ကျွန်တော် နောက်ဆုံးတွေ့လိုက်ရခြင်းပဲဖြစ်သလို၊ သူ့ရဲ့အသံကိုလဲ နောက်ဆုံးကြားလိုက်ရခြင်းလို့ပဲ ဆိုရပါလိမ့်မယ်။
( ၅ )
သူ ဆုံးသွားရှာပြီ ၊ သူ လှည့်ပတ်ရှောင်တိမ်းနေတဲ့ မြစ်ဝကျွန်းပေါ်က ရွာလေးတရွာမှာပဲ၊ ‘ဆတ်သဖူး’ ဆိုတဲ့ ရွာလေးမှာပဲ နောက်ဆုံးခေါင်းချသွားရှာပြီဆိုတဲ့ ကြေကွဲစရာသတင်းကိုတော့ နောင် နှစ်အနည်းငယ်လောက်အကြာမှာမှ စိတ်မကောင်းစရာသိလိုက်ရပါတယ်။ ဆုံးတာက ၂၀၁၃ ခုနှစ်ထဲကဖြစ်ပြီး၊ ကျွန်တော်သဲသဲကွဲကွဲသိလိုက်ရတာက ၂၀၁၅ခုနှစ်ထဲလောက်ကျမှ ဖြစ်ပါတယ်။ အတိအကျ သိရပြီးကတည်းက သူ့အတွက် အမှတ်တရရုပ်ပုံလွှာလေးတပုဒ်လောက်တော့ ဖွဲ့ဖို့စဉ်းစားမိပါတယ်။ အကြိမ်ကြိမ်လဲ စဉ်းစားခဲ့ဖူးပါတယ်။ အကြောင်းကြောင်းတွေ ထောက်ရှှူပြီး မဖွဲ့နိုင်ခဲ့ပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးစ- ငြိမ်ပိစစ်အစိုးရဆိုတာ တက်လာစ သူ့ကို ထောက်လှမ်းရေးက ရှောင်တခင်စောင့်ဖမ်းသွားပြီး-ခွေးဘီလူးသိန်းစိန်ကြီးက ခေါ်ယူတွေ့ဆုံခန်းဟာ ဗိုလ်ဓမ္မကြီးရဲ့ရုပ်ပုံအတွက် အရေးကြီးတဲ့အခန်းတခန်းလို့ဆိုရမှာဖြစ်လေရာ၊ ကျွန်တော့် မှာ အခြေအနေအရပ်ရပ်တွေကို ထောက်ရှှူခဲ့ရပါတယ်။ အဲဒီတုန်းကဖြစ်ပေါ်နေတဲ့လက်တွေ့အခြေ အနေအချက်အလက်တချို့ဟာ စဉ်းစားစရာတွေ ရှိနေခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် ထောက်ထားစရာ ငဲ့ကွက်စရာ ချင့်တွက်စရာတွေရှိနေခဲ့ရပါတယ်။ ဒါကြောင့် ရေးချင်ပါလျက် အရေးခက်ခဲ့ ဖြစ်ခဲ့ရပါတယ်။
အခုတော့ နှစ်တွေလဲ ဆယ်နဲ့ချီ ကြာညောင်းခဲ့ပါပြီ။ အခြေအနေ အချိန် အခါ အချက်အလက်တချို့လဲရွေ့လျားသွားခဲ့ပါပြီ။ ဗိုလ်ဓမ္မကြီးကိုယ်တိုင်တောင်ဆုံးပါးသွားခဲ့ရပါပြီ။ ရေးဖို့သင့်ပြီလို့ဆုံးဖြတ်လိုက်ရကာ အခုမှပဲ ရေးသားလိုက်ရပါတော့တယ်။ ဗိုလ်ဓမ္မနဲ့ပတ်သက်ပြီးလဲ ထိန်းသိမ်းသင့်တာ ထိန်းသိမ်းခဲ့ရပြီး၊ ရင်ထဲမှာ မြုံထားခဲ့ရသမျှ အခုမှပဲ ဖြည်ချလိုက်ရတဲ့အနေအထားလို့ပဲ ဆိုချင်ပါတယ်။
ဒီရုပ်ပုံလွှာကို စတင်ရေးနေစကတော့ ‘ ဗိုလ်ဓမ္မ (သို့မဟုတ်) နှင်းပန်းအိမ်၊ လဂွန်းအိမ်တို့ရဲ့အဖေ ’ လို့ပဲ ခေါင်းစဉ်တပ်ဖို့စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့-ဒါက ဗိုလ်ဓမ္မရဲ့ရပ်တည်ရှင်သန်ခဲ့ချက်တခုလုံးအပေါ် ခြုံမိငုံမိခြင်းရှိမှာမဟုတ်လို့ခံစားလိုက်ရတဲ့အတွက် အတတ်နိုင်ဆုံး ဗိုလ်ဓမ္မရဲ့ရုပ်ပုံကို ထင် ဟပ်နိုင်ရေးအတွက်..‘ ဗိုလ်ဓမ္မ (သို့မဟုတ်) ဓမ္မဘက်ကပဲ ထာဝရ ရပ်တည်သွားခဲ့သူ..’ လို့ပဲ ခေါင်းစည်းတင်လိုက်မိပါတယ်။ ဘာပဲဖြစ်ဖြစ်-စာပေးချစ်စိတ် စာပေမြတ်နိုးစိတ်ကြီးမားလွန်းလှတဲ့ ဗိုလ်ဧမ္မကြီးကို အခုမှပဲ စာနဲ့ရုပ်ပုံလွှာအဖြစ် ရေးသားလိုက်နိုင်တာအပေါ် ရင်ထဲမှာ ကျေကျေ နပ်နပ်ခံစားလိုက်ရသလို၊ ဗိုလ်ဓမ္မနဲ့ပတ်သက်ပြီး တင်ရှိနေခဲ့တဲ့ကြွေးတခုကို အခုမှပဲ ပြန်လည်ပေး ဆပ်လိုက်နိုင်ပြီလို့ပါ အတွေးတွေဝင်မိရင်း၊တကယ်ကို နက်နက်ရှိုင်းရှိုင်းလဲ ခံစားလိုက်ရပါတယ်။ တကယ်ကို လွမ်းလွမ်းမြေ့မြေ့ ခံစားလိုက်ရပါတယ်။
ဝင်းတင့်ထွန်း
( ၁- ၆ - ၂၀၂၄ )
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar