အုပ်ချုပ်ပိုင်ခွင့်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းများအကြားက ဖြေရှင်းရမယ့် ပြဿနာ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၄ မြင်ကွင်း
(မိုးမခ) ဇွန် ၅၊ ၂၀၂၄
အုပ်ချုပ်ပိုင်ခွင့်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းများအကြားက ဖြေရှင်းရမယ့် ပြဿနာ
အခုတလော ရက်ပိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေးအရ စစ်ကောင်စီ လက်ထဲမှာ သိမ်းယူနိုင်ခဲ့သည့် မြို့ရွာတွေမှာ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး၊ စစ်သားစုဆောင်းရေး စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ လက်နက်ကိုင် အဖွဲ့အချင်းချင်းကြား အငြင်းအခုံများ၊ ဒေသခံလူထုနှင့် လက်နက်ကိုင် အဖွဲ့များကြား အငြင်းအခုံ၊ ထို့ထက်ပိုသည့် ပွတ်တိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည်ကို ကြားသိ လာနေကြရသည်။
နမ့်ခမ်းမြို့နယ်ထဲက တရုတ်နယ်စပ် အနီးရှိ ကျေးရွာများက ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် လက်နက်ကိုင်အဖွဲ့ဝင်ရာဂဏန်းမျှကို တအာန်းလက်နက်ကိုင် TNLA က ကားဖြင့် တင်ကာ မူဆယ်ဘက်အတင်းအကြပ်ပို့ဆောင်ခဲ့သည့်အဖြစ်အပျက်၊ ကွတ်ခိုင်မြို့နယ်ထဲက ကချင်လူမျိုးများနေထိုင်ကြသည့်ဂါလိုင်ကျေးရွာက စာသင်ကျောင်းကို ယင်းမြို့နယ်ကို ၁၀၂၇ စစ်ဆင် ရေးအတွင်း တိုက်ခိုက်သိမ်းယူထားသည့် TNLA တပ်က လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်နေရာယူထားပြီး ကျောင်းပေးမဖွင့်သည့်ကိစ္စနှင့်ပတ်သက်၍ရပ်ရွာလူထုနှင့် အခြေအတင်စကားများကြာသည့်အဖြစ်အပျက်၊အဆိုပါအဖြစ်အပျက်ဖြစ်ပျက်ပြီးနောက်ရက်တွင် TNLAက UWSA ဦးဆောင်သည့် လက်နက်ကိုင် ၇ ဖွဲ့ပါဝင်ဖွဲ့စည်းထားသော FPNCC ဟု အတိုကောက်ခေါ်ဆိုသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးနှင့် ညှိနှိုင်းရေးအဖွဲ့ထံ ဖြေရှင်းပေးဖို့ တိုင်ကြားထားသည့် သတင်းပေါ်ထွက်လာခဲ့သည်။
FPNCC ကို ၂၀၁၆ ခုနှစ်မှာ အာဏာရလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလတွေမှာ NLDအစိုးရ၊ စစ်တပ်တို့နဲ့ ငြိမ်းချမ်းရေးစကားပြောဆိုဆွေး နွေးရာမှာ အင်အားစုတခုထည်း အသံတသံထည်းထွက်နိုင်ဖို့ရည်ရွယ်ကာ မြောက်ပိုင်း လက်နက် ကိုင် ၇ ဖွဲ့ကို UWSA က ဦးဆောင်ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခင်း အကျင်းမှာတော့ FPNCC ရဲ့ အခန်းကဏ္ဍနဲ့ လှုပ်ရှားမှုက သိပ်များများစားစားမတွေ့ရပါဘူး။
အဆိုပါ ၇ ဖွဲ့ထဲက ၃ ဖွဲ့က သီးခြားမြောက်ပိုင်း ညီနောင် ၃ ဖွဲ့အဖြစ် ထပ်မံဖွဲ့စည်းခဲ့တာ တွေ့ရပါတယ်။ အခုလို FPNCC အဖွဲ့ဝင် ၇ ဦးထဲက TNLA က ဖြေရှင်းပေးဖို့ တိုင်ကြားလိုက်တာ ဖြစ်ပြီး ၄င်းအဖွဲ့နဲ့ KIA တို့အကြား မကြာခဏ ဖြစ်ပွားနေတဲ့ အောက်ခြေက လက်နက်ကိုင် အဖွဲ့ဝင်အချင်းချင်း ပွတ်တိုက်မှု၊ ပဋိပက္ခဖြစ်မှုတွေကို ဖြေရှင်းပေးစေလိုတာလည်းဖြစ်ပါတယ်။
FPNCC က ဘယ်လိုအဖြေရှာဆွေးနွေးမလဲဆိုတာတော့ လောလောဆယ်မှာ မသိရှိနိုင်သေးတဲ့ အနေအထားဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ရေးအရ စုစည်းညီညွတ်စွာပူးပေါင်းတိုက် ခိုက်နိုင်ခဲ့ကြတဲ့လှုပ်ရှားမှုတရပ် ဖြစ်ပြီး နိုင်ငံရေးအရနဲ့ အကျိုးစီးပွားအရ ဘယ်လောက်ထိ စုစည်း ညီညွတ်မှုရှိသလဲဆိုတဲ့အပေါ်မှာ မေးခွန်းတချို့ ရှိနိုင်ပြီး ညီနောင် ၃ ဖွဲ့ထဲမှာပင်လျှင် TNLA နဲ့ MNDAA အကြား အောက်ခြေ ပွတ်တိုက်မှုတချို့ ရှိခဲ့တာ ပြီးခဲ့တဲ့ လပိုင်းတွေမှာ ကြားသိခဲ့ရတာ ဖြစ်ပါတယ်။ ညီနောင် ၃ ဖွဲ့ ထဲမပါဝင်တဲ့ SSPP/SSA တို့နဲ့ TNLA အကြား သော်လည်းကောင်း KIA နဲ့ TNLA အကြားသော်လည်းကောင်း ပွတ်တိုက်မှုတွေလည်း ရှိနေတာ တွေ့နေရတာဖြစ်ပါတယ်။
ညီနောင် ၃ ဖွဲ့မှာ AA အနေနဲ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်ဖို့ ရည်ရွယ်ချက်မရှိသလို ကျိုးကြောင်းဆီလျော်မှုလည်းမရှိတဲ့အနေအထားဖြစ်ပြီး ၄င်းအနေနဲ့ အခြားသာ တိုင်းရင်း သားလက်နက်ကိုင် မဟာမိတ်တွေကို ကူညီတိုက်ခိုက်ပေးတဲ့သဘောလို့ နားလည်ကြတာဖြစ်ပါတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ထဲက ကျန် ၂ ဖွဲ့ ဖြစ်တဲ့ TNLA နဲ့ MNDAA ကသာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ထိန်းချုပ်နယ်မြေတွေရှိနေကြတာဖြစ်ပြီး ၄င်းတို့လူမျိုးစုတွေနေထိုင်ရာဒေသနဲ့ စစ်ရေးအရ တိုက်ခိုက်သိမ်းယူထားတဲ့ဒေသတွေမှာ အုပ်ချုပ်ရေးထူထောင်ကာ အခွန်ကောက်ခံတာ၊ စစ်သားစုဆောင်းတာတွေ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
သို့ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရဲ့ ပထဝီဝင်အနေအထား၊ သမိုင်းဆိုင်ရာနောက်ခံ၊ လူမှု နေထိုင်ပြောင်းရွှေ့မှုတွေအရ လူမျိုးစုတွေနေထိုင်ရာတွေကိုရိုးရိုးရှင်းရှင်းခွဲခြားသတ်မှတ်ဖို့မလွယ် ကူတဲ့အနေအထားဖြစ်ပါတယ်။ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်တို့လိုမြို့နယ်တွေမှာ တအာန်း(ပလောင် ) လူမျိုး၊ ရှမ်းလူမျိုး၊ ကချင်လူမျိုးတွေ အစဥ်အဆက်က ရောနှောနေထိုင်နေကြတာဖြစ်ပြီး ကိုလိုနီခေတ်မတိုင်ခင်၊ ကိုလိုနီခေတ် အင်္ဂလိပ်က သတ်မှတ် အုပ်ချုပ်ခဲ့တာ၊ လွတ်လပ်ရေးရပြီးနောက် အနေအထား စသဖြင့် နှစ်ကာလတွေ ပြောင်းလဲလာတာနဲ့အညီ အချို့သောလူမှုရေးအခြေအနေ လူများစု လူနည်းစု စသဖြင့် ပြောင်းလဲလာနေတာလည်း ဖြစ်ပါတယ်။
ဒီနယ်မြေတွေမှာ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က အုပ်ချုပ်သင့်သလဲ ဆိုတာကို စစ်ရေးအရအနိုင်ရမှု သိမ်းယူနိုင်မှုအပေါ် မူတည်ဆုံးဖြတ်မလား၊ သို့မဟုတ် လူမှုရေးပထဝီသွင်ပြင်သမိုင်း ကြောင်းတွေနဲ့ ဆုံးဖြတ်မလား စတဲ့မေးခွန်းတွေလည်းရှိနေတာဖြစ်ပြီး လက်နက်ကိုင်တပ်တွေကြား နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးပြောဆိုကြနိုင်ဖို့အရေးကြီးတာပါ။ ဒီထက် နောက်တဆင့် ဒီမိုကရေစီကျကျ လွတ်လပ်တဲ့နိုင်ငံရေးပတ်ဝန်းကျင်အောက်မှာ လူထုဆန္ဒခံယူပွဲလုပ်နိုင်ရင် အကောင်းဆုံးဖြစ်ပေမယ့် လက်ရှိအခြေအနေမှာ အဲလောက်ဒီမိုကရေစီ နိုင်ငံရေး ပတ်ဝန်းကျင် ပေါ်ထွန်းဖို့ မမျှော်လင့်နိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
လက်နက်နဲ့ အုပ်ချုပ်တဲ့ စစ်အာဏာရှင်ကိုလက်နက်ကိုင် တော်လှန်ခဲ့ကြပြီး နောက်တဆင့်မှာ လက်နက်အင်အားရှိသူ စစ်ပွဲအောင်နိုင်သူကိုသာ အုပ်ချုပ်ခွင့်ရသင့်တယ်ဆိုတဲ့အမြင်မျိုးတွေ ဖယ်ရှားပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ လူထုပါ ပါဝင်ဆုံးဖြတ်ခွင့်ပေးတဲ့ နိုင်ငံရေး စနစ်မျိုးနဲ့ အုပ်ချုပ်တဲ့ ရည်မှန်းချက်ပန်းတိုင်ထိသွားနိုင်ဖို့ အရေးကြီးပြီး စစ်လက်နက်ကိုင်တပ်အင်အားနဲ့ စကားပြောတဲ့အစဥ်အလာတွေ စွန့်လွှတ်သင့်ကြပြီ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar