Breaking News

လင်းလက်နွေဦး - မီးခိုးတန်း ခိုစီးလာတဲ့ ဧည့်သည်များ


မီးခိုးတန်း ခိုစီးလာတဲ့ ဧည့်သည်များ
လင်းလက်နွေဦး
(မိုးမခ) ဇွန် ၁၁၊ ၂၀၂၄

ကျနော့်ကို တိုင်နေသလိုကြီး ပြောနေပုံက ‘ဘယ်သူမှ ထွက်မပြေးနဲ့၊ လူမရှိတဲ့အိမ် မီးနဲ့ရှို့မယ်’ တဲ့။
 လက်နက်ကြီးတွေ တကားကားနဲ့၊ လူအင်အားတွေ အလုံးအရင်းနဲ့ ရောက်ချလာပြီး ရွာသားတွေအကုန် စုခိုင်းတယ်၊ ‘ဒီနယ်တဝိုက်မှာ ဗုံးသံ၊ သေနတ်သံ ဘာမှ မကြားချင်ဘူး၊ အေး... ကြားရလို့ကတော့ မင်းတို့ရွာ ပြာဖြစ်ပြီမှတ်’တဲ့ လေ။ မဆီမဆိုင်။ ကျမတို့ကပဲ သေနတ်တွေ လက်ပစ်ဗုံးတွေ ရှိနေသလိုလို။ သေနတ်ဆိုလို့ သရက်သီးရှားတဲ့နှစ်မို့ သရက်သီးသနပ်တောင် မသိပ်နိုင်တဲ့ဘဝတွေ။ မိုးလေးကျလို့ နှမ်းကြဲ ပြောင်းကြဲမလို့ရှိသေး၊ ခုတော့ ရှိတာလေး ပိုက်ပြီး ခိုးထွက်ခဲ့ရတယ်။ မပြေးလို့လည်း မရဘူး၊ ဘေးရွာတွေမှာ ကောင်းကောင်းကန်းကန်းပစ္စည်းတွေအကုန် ကားကြီးကားငယ်နဲ့ အကုန်ထိုးတင်၊ ပြီးတော့မှ မလောင်မချင်း မီးရှို့ကြတာ။ ကိုယ့်အိမ်ကိုယ့်ယာလေး မီးထဲပါတာ မကြည့်ရက်တဲ့သူတွေက မီးဝင်ငြှိမ်းတော့ ပစ်အသတ်ခံရပြီး မီးထဲထည့်ရှို့ခံရတယ်။

ရွာက ဘုန်းကြီးကျောင်းမှာ ရွာပေါင်းစုံမီးဘေးဒုက္ခသည်တွေ...။ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀၀)ကျော်နဲ့ စစ်ကြောင်းထိုး တွေ့သမျှ ရွာတွေ မီးတင်ရှို့နေလို့။ ဘုန်းကြီးခမျာ ပြာပြာသလဲနေရာထိုင်ခင်း ချပေး၊ ရှိတာလေးတွေ ချကျွေး။ တချို့က ကြိုတင်ပြေးခဲ့ကြတော့ အဝတ်အစားနဲ့ ဆန်လေးဆီလေး ပါရဲ့။ တချို့ခမျာ  အသက်မသေရေး ဦးစားပေးခဲ့ရတော့ အဝတ်တစ်ထည် ကိုယ်တစ်ခု။ လေယာဉ်နဲ့ မီးလောင်ဗုံးအချခံရတဲ့ ရွာတွေ၊ လေအတင် တောင်ရပ်ကနေဗုံးကျဲတော့၊ လူနေစိပ်တော့ မီးက တစ်ရွာလုံးကို ခဏတွင်း ဝါးမြိုသွား သတဲ့လေ။ ရွာအဝင်လမ်းဆီမှာ တစ်တန်းကြီး၊ ဆိုင်ကယ်တွေ အများစုပေါ့လေ။ တချို့က ခွေးဘီလူးကားလေးနဲ့၊ လိုက်ထရက် ကားလေးနဲ့၊ သုံးဘီးလေးနဲ့။ အရေးကြီးသုတ်ပြာ။ တိုးတိုးဝှေ့ဝှေ့။ နိုင်သလောက်။

ဘုန်းကြီးလည်း အားလုံးပြည့်စုံအောင် မထားနိုင်တော့ အနီးနားက မီးလွတ်ရာ ကျေးရွာတွေဆီ လှည့် အလှူခံရတယ်။ ဘယ်အသင်း ဘယ်အဖွဲ့ကမှ ဦးမဆောင်ကြသေးတဲ့အချိန်။ ပရဟိတအဖွဲ့တွေကလည်း အခြေအနေအရပ်ရပ် သုံးသပ်နေကြဟန် တူရဲ့။ မြို့ကြီး ရွာကြီးတွေကလည်း ဆိုင် ရာဆိုင်ရာ မီးသတင်းမေးကြသူ တွေလည်း ရှိပါရဲ့။ လတ်တလော အဆင်ပြေအောင် ဆန်လေး ပဲလေး အလှူခံနေရတယ်။ ရွာတွေထဲ နှစ်ပတ် သုံးပတ် ဆိုတော့၊ ဘုန်းကြီးကျောင်းတွေ တလှည့် အကူအညီတောင်းရပြန်တယ်။ သူဋ္ဌေးဘုန်းကြီးကျောင်းတွေ အားကိုးရမှာပေါ့။ သူတို့မြို့ပေါ်ဆိုတာ ဆွမ်းကွမ်းပြည့်စုံတယ် မဟုတ်လား။

ကျနော်လည်း ဒီအခြေအနေတွေကို သိပြီး အတော် စိတ်မကောင်းဖြစ်ရတယ်။ ကျနော်တို့ရွာလေးကလည်း တကယ်တမ်းတော့ လုံခြုံတဲ့အရပ်တော့ မဟုတ်။ မီးခိုးတလူလူတန်းတွေကို ဒီအတိုင်း လှမ်းမြင်နိုင်တဲ့ ရွာ။ ရွာလေး နည်းနည်းကြီးလို့၊ ဆိုင်လေးကနားလေးတွေနဲ့ဆိုတော့ ဝယ်ရခြမ်းရ အဆင်ပြေနေလို့။ ဟိုဘက် ဒီဘက် နှစ်ဘက် စလုံးက မျက်စိကျတဲ့နေရာလေးမို့ အချိန်မရွေး စစ် တလင်း ဖြစ်လာနိုင်ပါတယ်။ ခုတော့ စစ်ဘေးရှောင်တွေ လက်ခံထားတဲ့ ရွာ။ ဘုန်းကြီးကလည်း သဘောမနော ကောင်းတဲ့ ဘုန်းကြီး။ ကျောင်းဝိုင်းကလည်း အတန်အသင့် ကျယ်ဝန်းလို့။ မီးဘေးသင့်သူတွေကလည်း အသိအကျွမ်းရှိတဲ့ မြို့တွေ ရွာတွေ ဆက်သွားကြတာလည်း ရှိရဲ့။ အေးလေ၊ မဟုတ်ရင် ကျနော်တို့ရွာလေး အတော်ဝန်ပိလာမှာပဲ။

တနေ့က ဘုန်းကြီးကျောင်း သွားပြီး ဆန်(၅)ပြည် လှူခဲ့တယ်။ သမီးဖြစ်သူကလည်း သူ့အင်္ကျီလေးတွေ ခွဲဝေပေးချင်သတဲ့။ ပေးပေါ့။ တချို့က စီးလာတဲ့ ဆိုင်ကယ်ပဲ ပါတာကိုး။ တချို့က ခေါ်တဲ့ကားပေါ် ဒီအတိုင်း တက်လိုက်လာကြသတဲ့။ ကျောင်းရောက်လို့ နေရာထိုင်ခင်းလေး မကျခင်၊ ‘ဟာ... အိမ်ကနွားတွေ ကြိုး မဖြုတ်ခဲ့ရဘူးနဲ့၊ ဆိတ်လေးတွေ လွှတ်ခဲ့ရမှာကွာ’နဲ့ နောင်တ ရနေရှာတယ်။ အော်..ဒုက္ခ...ဖြစ်ရလေ။ ဟုတ်မှာပေါ့လေ၊ သူတို့လည်း ကြားမှာပေါ့၊ တချို့ရွာတွေမှာ စစ်ကြောင်းထိုး မီးရှို့ခံရပြီးချိန် ရွာထဲပြန်ဝင်ကြတော့ သူတို့ မွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ပစ်အသက်ခံရ၊ မီးလောင်ခံရ။ ‘ငါတို့နွားလေး ကြိုးချည်ထားခဲ့မိလို့ အသေဆိုးနဲ့ သေရှာပြီ’ ငိုလို့ မဆုံး၊ ပြောမဆုံးပေါ့။ အညာမှာ နွားဆိုတာ ‘နွား’မဟုတ်ဘူး။ ‘သား’။ ကိုယ့်ကို လုပ်ကျွေးနေတဲ့ သား။ ကိုယ်နဲ့ ဒိုးတူဘောင်ဖက် လုပ်ငန်းခွင် ဝင်နေတဲ့ သား။ ‘အား’ဆိုလည်း ဟုတ်တယ်။

အိမ်တစ်အိမ်မှာ နွားမရှိကြည့်၊ လှည်းမရှိကြည့်၊ ရေလည်း မရှိဘူး၊ မီးလည်း မရှိဘူး၊ ဆီလည်း မရှိ ဆန်လည်း မရှိ။ ကိုယ့်သာရေးနာရေးရှိလို့မှ သူများမျက်နှာကြည့်နေရမှာပေါ့။ လယ်လေး ယာလေး ထွန်ရေးချချင်လို့၊ နှမ်းခင်းလေး မှုန်းချင်လို့၊ ပဲစဉ်းငုံရိုးလေး တိုက်ချင်လို့ ဘယ်မှာ အဆင်ပြေမလဲ။ စက်ထယ် ထယ်ရအောင် တစ်နာရီ ဘယ်လောက်မှတ်လို့လဲ။ နှမ်းခင်း ရိတ်၊ နှမ်းရိုး စည်း၊ နှမ်းပင်တွေ တလင်းထဲရောက်ဖို့ အကုန် ပုစဉ်းခေါင်း ခေါ်နေရရင် အရင်နှစ်တွေလိုတောင် ကိုယ့်ဆီနဲ့ စားအုန်းဆီ လဲစားနိုင်မယ် မထင်ဘူး။ အဲဒီ သားတွေ၊ အဲဒီ စီးပွားရေးတွေ၊ အဲဒီ ရှိစုမဲ့စု အိုးအိမ်လေးတွေ ခုတော့ ...။

အေးဗျာ၊ စိတ်မကောင်းပါဘူး။ ထိခိုက်ဒဏ်ရာတွေရော ရကြသေးလား၊ မေးကြည့်တော့ ‘ချော်လဲလို့ ဒူးပြဲ ပေါင်ပြဲတော့ထားလိုက်ပါတော့ဗျာ၊ ဟိုမှာ အဘိုးကြီးအဘွားကြီးတွေအမောဆို့လို့ ရောဂါအခံရှိလို့ ဆေးပြတ်လို့၊ ဟိုမှာ ကလေးငယ်တွေ လန့်ဖျား ဖျားနေလို့... ဆိုတော့၊ ရွာရောက်နေတဲ့ ဆရာမလေးတစ်ယောက်က ကြည့်ပေးနေ ရဲ့။ သွေးကျဆေး၊ ဆီးချိုကျဆေး ပေးရဲ့။ ပါရာစီတမော တိုက်ရဲ့။ ဆေးထည့် ပတ်တီး စည်းရဲ့။ အော်... ဆရာမလေး တောင် ပြေးလာတာ (၂)နှစ် ရှိပြီ။ တာဝန်ကျဆရာလေးလည်း ရှောင်နေတာ (၃)နှစ်ကျော်သွားပြီ။ ဆရာတော်ကို ဆေးလေးဘာလေး ဝယ်ပေးဖို့ လျှောက်ထားအုံးမှပဲ။ ဒီဧည့်တွေက ရွှေကျီးမအာဘဲ ရောက်လာတဲ့ ဧည့်တွေလေ။

စစ်ကိုင်းဘက်နဲ့ မတူဘူး၊ ကျနော်တို့ရွာဘက်က ပရဟိတ အားနည်းတယ်၊ ကာကွယ်ရေးတပ် အားနည်းတယ်။ ကိုယ့်နယ်ကိုယ်ချစ်ကြတော့၊ မျိုးချစ်လူငယ်တွေ စုစည်းပြီး ပီဒီအက်ဖ်အဖွဲ့လေး ဘာလေး ဖွဲ့ကြ။ အစက တော့ ဖွဲ့လိုက် ထွက်လိုက် ပျက်လိုက်ပေါ့လေ။ မြေပြန့်ဒေသ စစ်ကောင်စီ လက်လှမ်းမှီရာလည်း ဖြစ်ပြန်၊ စစ် အင်အားကလည်း တောင့်တင်း၊ ဒလန်ဒလျှိုတွေကလည်း ပေါဆိုတော့ ဒေသခံကာကွယ်ရေးသမားတွေခမျာ မနည်း ကျားကန်နေရတယ်။ ဟိုကပ် ဒီကပ်၊ ဟိုအကူအညီတောင်း ဒီအကူအညီတောင်း၊ ဟိုနယ် ဒီနယ်တွေမှာ ဝင် ကူပေးရင်း တပ်အင်အားကို ထိန်းသိမ်းစုစည်းထားရတာကိုး။ လူအင်အား လက်နက်အင်အား ရှိလာပြန်တော့လည်း ကျည်မပြည့်စုံလို့ ကျည်ခြွေတာရလို့ ကျည်ကုန်သွားလို့အသာလက်ပိုက်ကြည့်နေရတဲ့အချိန်တွေ ရှိသတဲ့။  မိုင်း တစ်ခါ ဆွဲဖို့၊ ဒရုန်းဗုံး တစ်ခါ ချဖို့၊ ခင်ရာ ခင်ရာ၊ တတ်နိုင်ရာ တတ်နိုင်ရာ၊ လက်သင့်ရာ လက် သင့်ရာ အာပေါက်မတတ် အလှူခံနေရတာကိုး။ ဒလန်မှော်ရုံတောထဲ မောနေကြတာပေါ့။

နယ်ချင်းစပ်၊ မဟာမိတ်တပ်တွေနဲ့ စုပေါင်းပြီး ပွဲကရတယ်။ ကိုယ့်နယ်ထဲ စစ်ခွေးမရှိအောင် နည်းမျိုးစုံသုံး တိုက်ထုတ်ကြတယ်။ ဒါပေမယ့် စစ်ခွေးတွေက စစ်သားမပီသဘူး။ ရခိုင်မနိုင် အညာ ငြိုး ဆိုသလို၊ ပီ မနိုင်လို့ ကျီ တွေ မီးရှို့လိုက်ကြတယ်။ သူတို့ တပ်စွဲနေတဲ့ ရွာတွေမှာ ဘယ်ရွာသားမှ ထွက်မပြေးရဘူး။ ထွက်ပြေးတာ မြင်ရင် ပစ်သတ်မယ်၊ ခင်ဗျားတို့ မဟုတ်တာလုပ်ထားလို့ ပြေးတာပေါ့တဲ့၊ အိမ် လူမရှိရင် မီးရှို့ပစ်မယ်နဲ့ ကြုံး ဝါးထားတယ်။ တပ်စွဲပြီးလို့ စစ်ကြောင်း ထွက်မယ်ဆိုရင် တွေ့သမျှ လူ အကုန် ပေါ်တာဆွဲ၊ လူသားဒိုင်း လုပ်တယ်။ ရွာကိုတော့ မီးတိုက်ပစ်ခဲ့တယ်။ အေး... ငါတို့ကို လာပစ်လို့ကတော့ တွေ့သမျှ အကုန်သတ်မယ်၊ ရွာမီးရှို့မယ်။ မိုင်းဆွဲခံရရင် အနီးဆုံးရွာကို မီးရှို့မယ်။ ဒါပဲ။

‘လက်နက်ကိုင် အချင်းချင်း ပစ်ကြ ခတ်ကြပါလားဗျာ၊ ခုတော့ မဆီမဆိုင် ကျနော်တို့ကို ရန်လာရှာ နေတယ်၊ ကျနော်တို့မှာ ကြောက်လွန်းလို့ လေးဂွအိတ်တောင် မလွယ်ရဲတာ ကြာပါပြီ’တဲ့။ ဟုတ်ပါရဲ့၊ ကျနော့် ဖြင့် ‘ဟဲ့ ခွေး’လို့တောင် မငေါက်ရဲဘူး။ ကြာပေါ့။

လင်းလက်နွေဦး
၁၀.၆.၂၀၂၄ 
ညနေ ၃ နာရီ ၂၁ မိနစ်
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar