Breaking News

ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၇) ပြည်သူချစ်တဲ့ အနုပညာရှင်ဆိုတာ

ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ (၇) ပြည်သူချစ်တဲ့ အနုပညာရှင်ဆိုတာ  

(မိုးမခ) ဇွန် ၁၃ ၊ ၂၀၂၄

လွတ်လပ်ရေးရပြီးချိန်ကနေ အခုထိ မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ်ကို ကြည့်လိုက်ရင် ရာခိုင်နှုန်းအပြည့်နီးပါးက အာဏာရှင်စနစ်နဲ့ အာဏာရှင်တပိုင်း အုပ်ချုပ်ရေးစနစ်ပဲရှိပါတယ်။ ဒီလို အာဏာရှင်သက်ဆိုးရှည်တာကြောင့်ပဲ အာဏာရှင်အဆက်ဆက်က သူတို့ကိုယ်သူတို့ တိုင်းပြည်ကို ကယ်တင်သူတွေလိုလို၊ တိုင်းပြည်ကို သူတို့မအုပ်ချုပ်ရင်ပဲ ပျက်စီးမလိုလို အပြောအဆို အပြုအမူတွေနဲ့ သူတို့ရဲ့အမွေဆိုင်ပစ္စည်းလို အာဏာလက်ဆင့်ကမ်းလာခဲ့ကြတာ တိုင်းပြည်ရဲ့ သယံဇာတတွေ ဆုံးရှုံးခဲ့ရသလို တိုင်းပြည်ကလည်း မွဲတေပြီး အောက်တန်းနောက်တန်းကျတဲ့အထိ ဖြစ်နေပါပြီ။ 

အာဏာရှင် ဆိုတာက သူတို့ အာဏာတည်မြဲဖို့ ဘာမဆို လုပ်ကြတာမို့ တိုင်းပြည်နေ ပြည်သူအများစုက အလုံပိတ် ငါးကန်ထဲက ငါးတွေလို မလွတ်မလပ်ဖြစ်ရုံသာမက ပြင်ပကမ္ဘာနဲ့ပါ နှစ်ပေါင်းများစွာ အဆက်ဖြတ်ထားခြင်း ခံခဲ့ရပါတယ်။ အထူးသဖြင့် သမိုင်းမသိ၊ နိုင်ငံရေးမသိအောင် လုပ်ထားပြီး တော်လှန်ရေးမျိုးဆက်ပြတ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြတာပါ။ ပြည်သူလူထုကို ပညာမတတ်အောင်၊ ကိုယ်ကျင့်တရား ပျက်စီးအောင် လုပ်လိုက်တာနဲ့ အထက်ကပြောခဲ့တာတွေ အလိုလို ပြည့်စုံသွားမှာပါ။ ဒါကို ကျော်လွှားဖို့ ပြည်သူလူထုဟာ အာဏာရှင်တွေ၊ လူလိမ်လူကောက်တွေရဲ့ လှည့်ဖြားမှု မခံရအောင် အသိပညာ အတတ်ပညာပြည့်ဝဖို့ ပညာဆည်ပူးခြင်း၊ စာဖတ်ခြင်းတွေကို ကိုယ့်အသိစိတ်နဲ့ကိုယ် လုပ်ဆောင်ကြရပါလိမ့်မယ်။ ဒါမှသာ အနာဂတ် နိုင်ငံတော်သစ်မှာ ကိုယ်လိုချင်တဲ့ အစိုးရကို ရွေးချယ်နိုင်သော၊ အစိုးရကို ထိန်းကျောင်းနိုင်သော ပြည်သူလူထု ဖြစ်လာမှာပါ။ မဟုတ်ရင် တော်လှန်ရေးလုပ်လိုက်၊ အာဏာရှင်နွံထဲ နစ်လိုက်နဲ့ ဒီသံသရာက ထွက်နိုင်တော့မှာ မဟုတ်ပါဘူး။

တော်လှန်ရေးတွေ အကြိမ်ကြိမ် ပေါ်ပေါက်ခဲ့တဲ့ ကျနော်တို့ တိုင်းပြည်မှာ ခေတ်အဆက်ဆက် မအောင်မြင်ခဲ့ရခြင်း အကြောင်းရင်းထဲ အဓိက အချက်တစ်ခုက အမြဲတမ်း ဘက် ၂ ဖက် အင်အားကြီးမားစွာရှိနေခြင်းပါပဲ။ တော်လှန်ရေးအင်အားစုဘက်မှာ ရှိတဲ့အင်အားကို ကြည့်လိုက်ရင် အားလုံးလိုလိုက အာဏာရှင် ပြုတ်ကျလိုသူတွေ၊ တိုင်းပြည်ရဲ့အနာဂတ် ကောင်းစားစေချင်သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဆန့်ကျင်ဘက်အင်အားစုမှာတော့ အာဏာရှင်နဲ့ အပေါင်းပါတွေ၊ ကိုယ်ကျိုးရှာ အတ္တသမားတွေ၊ အသိအမြင် မှိုင်းမိနေသူတွေနဲ့ အသိတရား ခေါင်းပါးသူတွေကို တွေ့ရပါလိမ့်မယ်။ ဘယ်သူပဲတက်တက် တက်လာတဲ့အစိုးရဟာ ကိုယ့်အစိုးရ ဆိုသူတွေနဲ့ ဘယ်ဘက်မှမလိုက်ဘူးဆိုတဲ့ ကြားနေများကလည်း အာဏာရှင် သက်ဆိုးရှည်အောင် တနည်းတဖုံ အားဖြည့်နေသူတွေဖြစ်ပါတယ်။

ဒီနေရာမှာ အမြဲတမ်း ၂ ဖွဲ့ဖြစ်တတ်တဲ့ အနုပညာသည်များအကြောင်း တွေးမိပါတယ်။ သတင်းစာဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာစတဲ့ စာပေနဲ့ စာနယ်ဇင်းသမားများမှာတော့ ခေတ်အဆက်ဆက် အဖြူအမည်း ကွဲကွဲပြားပြား ရှိခဲ့ပေမယ့် ရုပ်ရှင်၊ ဂီတနဲ့ သဘင်ဘက်မှာတော့ ပြည်သူနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်သူတွေက ထင်ထင်ရှားရှား ရှိသလောက် ဟိုလိုလို သည်လိုလို ပုဂ္ဂိုလ်တွေကလည်း အများသား။ အနုပညာကလွဲလို့ ကျန်တာမလုပ်တတ်ဘူးတို့၊ အဖြူရောင်အနုပညာသည်ပါလို့ ပါးစပ်ထဲရှိရာပြောရင်း အနေချောင်ဖို့ ကြိုးစားနေသူတွေကို တွေ့ရပါလိမ့်မယ်။ "ပြည်သူ့ကိုယ်စား ပါးစပ်အငှားနဲ့ ပြောနေရတာပါ" လို့ ပြည်သူ့ဘက်တော်သား လူရွှင်တော်တွေက ပြောနေချိန် "နိုင်ငံရေးပြက်လုံး လုံးဝ မပြက်ဘူး" ဆိုတဲ့ လူရွှင်တော်တစ်ယောက်ရဲ့ စကားကိုကြားရတော့ အံ့သြမိပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘယ်အကြောင်းကိုပဲပြောပြော နိုင်ငံရေးနဲ့ဆက်စပ်နေတာမို့ လူရွှင်တော်က နိုင်ငံရေးနဲ့ပတ်သက်တာတွေ မပြက်ရင် ပုဂ္ဂိုလ်ရေးနဲ့ ခါးအောက်ပိုင်းပြက်လုံးတွေပဲ ပြက်ရမယ့်သဘောပါ။ ဒီလို လူတွေက အနုပညာရှင်ဆိုတဲ့ခေါင်းစဥ်အောက်မှာ ခိုပြီး ပရိသတ်ကို လှည့်စားနေတာပါ။ တနည်းအားဖြင့် ပရိသတ်ကို အထင်သေးလို့ ဒီလို ပြုမူ ပြောဆို နေထိုင်တာဖြစ်ပါတယ်။ သူတို့ ဘယ်လိုပဲနေနေ၊ ဘာတွေပဲပြောပြော အားပေးနေသူများက ရှိတာကိုး။

"အနုပညာသည် ပြည်သူ့အတွက်" ပဲပြောပြော "အနုပညာသည် အနုပညာအတွက်" ပဲဆိုဆို အထက်ကပြောခဲ့တဲ့ အနုပညာသည်တွေဟာ ပရိသတ်အားပေးမှ၊ ပြည်သူအားပေးမှ ရပ်တည်လို့ရမှာပါ။ ပြည်သူက ဒဏ်ခတ်တာကို မခံရသေးလို့ တွေ့ကရာ ပြောနေတာပါ။ ဇွတ်အတင်း အမိန့်နဲ့စေခိုင်းခံရလို့မဟုတ်ဘဲ သူတို့ကိုယ်နှိုက်က ပြည်သူကို ကျောခိုင်းထားသူတွေကို ပြည်သူတွေက ဒဏ်ခတ်သင့်ပါတယ်။ အထူးသဖြင့် အခုလို နေရာအနှံ့ ပြည်သူတွေနှိပ်စက်ခံနေရချိန်မှာ တကိုယ်စာ အနေချောင်အောင် အနုပညာ ဗန်းပြနေသူများကိုတော့ ကျောင်းမှန်းကန်မှန်းသိအောင် လုပ်ပြဖို့လိုပါတယ်။ ကိုယ် ဘယ်လောက်ပဲကြိုက်ကြိုက် သူတို့ပွဲကို မသွားဘူး၊ သူတို့ ပါတဲ့ရုပ်ရှင်ကို သွားမကြည့်ဘူးဆိုရင် ပရိသတ်ကို သူတို့ အထင်သေးရဲမှာ မဟုတ်သလို နိုင်ငံရေးဆိုတာ ဘာလဲလို့ သိလာကြပါလိမ့်မယ်။ 

နိုင်ငံရေးဆိုတာ လျှော့တွက်လို့မရတဲ့အကြောင်း ဇာတ်မင်းသားကြီး ဦးဖိုးစိန်ရဲ့ အဖြစ်အပျက်နဲ့ ဥပမာပြချင်ပါတယ်။ ဦးဖိုးစိန်က နှယ်နှယ်ရရ အနုပညာရှင်မဟုတ်ပါဘူး။ နာမည်မှာ Great ဆိုတဲ့စာလုံးတပ်ပြီး ဂရိတ်ဦးဖိုးစိန်လို့ ခေါ်ခဲ့သလို တကယ်လည်း ပညာရော အောင်မြင်မှုပါ လျှမ်းလျှမ်းတောက်ခဲ့သူပါ။ ရန်ကုန်မြို့ သူနေထိုင်ခဲ့ရာ "တာမွေလမ်း" ကို "ဖိုးစိန်လမ်း" လို့ ခေါ်တွင်ခဲ့ရာက ဖိုးစိန်လမ်းအဖြစ် အမည်တွင်ခဲ့တာကိုကြည့်ရင်ပဲ သူ့ရဲ့ထင်ရှားမှုကို မှန်းဆနိုင်ပါတယ်။  (မြန်မာ့စွယ်စုံကျမ်းနဲ့ ဆရာမင်းယုဝေရဲ့ ပထမမြန်မာများစာအုပ်မှာ ဦးဘိုးစိန် လို့ ရေးခဲ့ပေမယ့် လမ်းနာမည်နဲ့ လူထုဒေါ်အမာရဲ့ "အောင်ဗလ ဖိုးစိန် စိန်ကတုံး" စာအုပ်မှာ သုံးထားတဲ့အမည် စာလုံးပေါင်းအတိုင်း ဒီဆောင်းပါးမှာ သုံးထားပါတယ်။) ဦးဖိုးစိန်ဟာ မြန်မာပြည်ရဲ့ ပထမဆုံး ခေတ်သစ်ဇာတ်ဆရာဖြစ်ပါတယ်။ အက၊ အသံ၊ အပြော ဘက်ပေါင်းစုံက တော်တာကြောင့် အလွန်ကျော်ကြားသူဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်တွေကိုကြည့်ပြီး ဇာတ်လမ်းထဲက တချို့အရာတွေကို အပြင်မှာ လိုက်လုပ်တဲ့အထိ ပရိသတ်ရဲ့စွဲလမ်းမှုနဲ့ အနုပညာစွမ်း ထက်မြက်သူဖြစ်ပါတယ်။ ဘယ်လောက်အထိ အောင်မြင်သလဲဆိုရင် ၂ ထပ်မီးသင်္ဘောတစ်စီး ကိုယ်ပိုင်ဝယ်ပြီး နယ်လှည့်ကပြခဲ့ရသလို အင်္ဂလိပ်အင်ဂျင်နီယာကို မီးသင်္ဘောတာဝန်ခံ၊ အင်္ဂလိပ်နဲ့ ကပြားအမျိုးသားတွေကို လက်မှတ်ရောင်းတို့ အပေါက်စောင့်တို့ ခန့်ထားနိုင်ခဲ့သူပါ။ ရုပ်ရှင် သဘင်လောကမှာ ဦးဖိုးစိန်ရဲ့ ဝင်ငွေစံချိန်ကို ချိုးနိုင်သူမပေါ်သေးဘူးလို့ ဆရာမင်းယုဝေက "ပထမမြန်မာများ" စာအုပ်မှာရေးသားခဲ့ပါတယ်။ ဒီလောက်အောင်မြင်သူဖြစ်ပေမယ့် သူက ပရိသတ်ကို အရမ်းလေးစားပါတယ်။ ဒါကြောင့် ပရိသတ်ကလည်း သူ့ကို သိပ်ချစ်ကြပါတယ်။

၁၉၂၀ မှာ ပေါ်ပေါက်ခဲ့တဲ့ ပထမကျောင်းသားသပိတ်အတွင်း ဦးဖိုးစိန်ကို အရမ်းချစ်ကြတဲ့ ပရိသတ်ကပါ သူ့ကိုသပိတ်မှောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ယူနီဗာစီတီအက်ဥပဒေကို ပြည်လုံးကျွတ်သပိတ်မှောက်ချိန်မှာ ဦးဖိုးစိန်က မန္တလေးမှာ က နေပါတယ်။ မန္တလေး ကျောင်းသားတွေက သကျသီဟဘုရားဝင်းအတွင်း သပိတ်စခန်းချကြတော့ ကျောင်းသားတွေရဲ့ စားရေးသောက်ရေးအတွက် မြို့ခံသူဌေးများနဲ့ လူထုက ပံ့ပိုးကြပါတယ်။ ကျောင်းသားတွေ နယ်လှည့်စည်းရုံးဖို့ ရန်ပုံငွေလိုတဲ့အခါ ကုန်သည်ကြီးတွေပါတဲ့ ၁၃ ယောက်အဖွဲ့က ဦးဖိုးစိန်ဆီ သွားရောက်အလှူခံပါတယ်။ ပိုးကုန်သည် ဦးဘဌေးက "ကျောင်းသားလေးတွေက သနားစရာပဲ ကျောင်းကိုဘွိုင်းကောက်လုပ်ပြီး အခု သကျသီဟဘုရားထဲ ရောက်နေရှာပြီ။ ဒါကြောင့် ဇာတ်ဆရာက ကုသိုလ်ပါဝင်ပါ" လို့ပြောနဲ့အခါ ဦးဖိုးစိန်က "သူတို့မိဘတွေ ပြည့်စုံကြသားပဲ ကျောင်းသားတွေကို ဘာသနားစရာရှိတုံး" လို့ပြောပြီး ငွေအနည်းအပါးပဲ ပေးလိုက်သတဲ့။ တကယ်တော့ ဦးဖိုးစိန်က အင်္ဂလိပ်အစိုးရ ငြိုငြင်မှာစိုးလို့ပါ။ သူဒီလို ပြောလိုက်တာကို ရန်ပုံငွေရှာတဲ့အဖွဲ့တွေ ပြန်မရောက်ခင် သပိတ်စခန်းက သိသွားပြီး "ဖိုးစိန်ပွဲ မကြည့်ကြနဲ့" ဆိုတဲ့စာတွေရေးပြီး သပိတ်မှောက်ကြပါတော့တယ်။ ဖိုးစိန်ကို အင်မတန်ကြိုက်တဲ့ မြို့ခံတွေက ကျောင်းသားတွေရဲ့စကားကိုနားထောင်ပြီး ပွဲမကြည့်ဘဲနေကြပါတယ်။ 

မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင် မြို့ကြီး ၄ မြို့က သပိတ်မှောက်လိုက်ကြတာ ကျောင်းသားတွေ လူကြီးတွေကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပြီး တောင်းပန်ရတဲ့အထိပါပဲ။ ဒီဖြစ်ရပ်ကို ဒီကနေ့ တွေ့ကရာပြောနေကြတဲ့ အနုပညာသည် ဆိုသူတွေ သိထားသင့်ပါတယ်။ ပြည်သူချစ်တဲ့အနုပညာသည်ဆိုတာ ပြည်သူကို မျက်နှာမူရပါတယ်။ "ပရိသတ်ဆိုတာ ကိုယ့်ရဲ့ထမင်းရှင်ပါ" လို့ ပြောဖို့မလိုပါဘူး။ အပြန်အလှန် ချစ်ခင်လေးစားဖို့ပဲ လိုပါတယ်။ အထူးသဖြင့် အရှိန်အဟုန်နဲ့စီးဆင်းနေတဲ့ တော်လှန်ရေး ရေစီးကြောင်းထဲမှာ ကိုယ် ဖက်တွယ်တဲ့အရာက ဖြိုချတိုက်စားခြင်းခံရမယ့်အရာ ဖြစ်နေမယ်ဆိုရင်တော့ ကိုယ်လည်း သူတို့နဲ့အတူ ပါသွားနိုင်ပါတယ်။

တော်လှန်ရေးဆိုတာ စင်ပေါ်မှာတင်ပြီး ကရတဲ့ ပြဇာတ် မဟုတ်ပါဘူး။ ကိုယ်တိုင်ကိုယ်ကျ အသက်နဲ့ ဘဝကိုရင်းပြီး ပါဝင်ကပြရတဲ့ သမိုင်းဇာတ်လမ်းတစ်ခုပါ။ ကိုယ် ဖြတ်သန်းနေတဲ့ တော်လှန်ရေးရေစီးကြောင်းမှာ ပရိသတ်အဖြစ်ပဲ နေလို့မရတာကတော့ အသေအချာပါပဲ။ ။

👉ထိန်လင်း - နိုင်ငံသစ်သို့ အတွေးများ

၂၁၊ ၅၊ ၂၀၂၄

ရည်ညွှန်း

၁။ ပထမမြန်မာများ - မင်းယုဝေ (ရာပြည့်စာအုပ်တိုက်) ၂၀၀၃

၂။ အောင်ဗလ ဖိုးစိန် စိန်ကတုံး - လူထုဒေါ်အမာ (လူထုကြီးပွားရေးစာအုပ်တိုက်) ၁၉၆၇

(ဦးဖိုးစိန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေက စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် ထပ်ပြီး ရေးပါဦးမယ်)


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar