Breaking News

စစ်ပွဲ၊ အခွန်အကောက်နဲ့ ဖြတ်တောက်ပိတ်ဆို့လာကြတဲ့ လမ်းပန်းခရီးတွေနဲ့ လူထုရဲ့ အသက်ရှင်သန် နိုင်ရေး အကျပ်အတည်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၂ မြင်ကွင်း

(မိုးမခ) ဇွန် ၁၃၊ ၂၀၂၄

စစ်ပွဲ၊ အခွန်အကောက်နဲ့ ဖြတ်တောက်ပိတ်ဆို့လာကြတဲ့ လမ်းပန်းခရီးတွေနဲ့ လူထုရဲ့ အသက်ရှင်သန်နိုင်ရေး အကျပ်အတည်း 

မြန်မာနိုင်ငံက လူထုတွေအဖို့ တချို့သောဒေသတွေမှာ တနာရီ၊ တနေ့တာ အသက်ရှင်သန်ကျန်ရစ် နိုင်ရေးက မရေရာတဲ့အနေအထားမျိုးကြုံကြရသလို အချို့သော ဒေသတွေက သူတွေအဖို့ တလတာ၊ တနှစ်တာကို ဘယ်လိုအသက်ရှင်ကျန်ရစ်ဖို့ လုပ်ဆောင်ရပါ့မလဲဆိုတဲ့အနေအထားမျိုးနဲ့ ကြုံနေကြရတာမျိုး ဖြစ်ပြီး အနည်းငယ်လက်တဆုပ်စာမျှသော လူထုအနေနဲ့သာ စုဆောင်းထားတဲ့ငွေကြေးနဲ့ စစ်ဘေးအန္တရာယ်၊ လက်နက်နဲ့သတ်ဖြတ်ခံရနိုင်တဲ့အန္တရာယ်၊ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေ လွတ်ကင်းရာမှာ အချိန်ကာလတခုထိနေထိုင်ဖို့ တတ်နိုင်သူတွေ ဖြစ်ကြပါတယ်။ 

နွေဦးတော်လှန်ရေး ဆိုတဲ့ စကားလုံးက အချို့သောသူတွေကို နိုင်ငံရေးအရ မျှော်လင့်ချက်တွေ၊ အနာဂတ်စိတ်ကူး အိပ်မက်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းပေမယ့်လည်း အချို့သောသူတွေ အဖို့တော့ စစ်ပွဲ၊ အသက်ဆုံးရှုံးခြင်း၊ ရှိစုမဲ့စု ပိုင်ဆိုင်မှု ဆုံးရှုံးခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ် အကိုင်ဆုံးရှုံးခြင်းနဲ့ ငတ်မွတ်ခြင်းတွေက နေ့စဥ် ဘဝတွေလို ဖြစ်လာနေကြတာ ဖြစ်ပါတယ်။ 

စစ်ရေးအရ ခုခံကာကွယ်ဖို့၊ စစ်ရေးအရ နေရာယူ သိမ်းပိုက်နိုင်ဖို့ လက်ရှိအနေအထားကို ထိန်းထားဖို့ သို့မဟုတ် ပိုကျယ်ပြန့်တဲ့ ဒေသကို ထိန်းချုပ်ဖို့ရာအတွက် ကုန်သွယ်ရေးလမ်းတွေ၊ လူသွားလာမှုတွေ ပိတ်ဆို့ကြတာ ဖြစ်သလို ပိတ်ဆို့ခြင်း မရှိတဲ့အခြေအနေမျိုးမှာပင်လျင် လမ်းခရီးမှာ သွားလာတဲ့ယာဥ်၊  ကုန်စည်ကူးသန်းကြတဲ့ ကားတွေ ကုန်ပစ္စည်းတွေ အပေါ် ပုံမှန်ကာလတွေမှာ မကောက်ခံဖူးတဲ့ နှုန်းထားတွေနဲ့ ကောက်ခံနေကြတာ ဖြစ်ပါတယ်။ မြဝတီ-ဖားအံ၊ မော်လမြိုင် ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်းကို သာဓက အနေနဲ့ ကြည့်လျှင်ကိုပင် ကုန်ကားတစီးကို ကျပ်ငွေ သောင်းဂဏန်းကနေ သိန်းဂဏန်းနဲ့ ကောက်ခံနေကြတာ ဖြစ်ပါတယ်။ ဘယ်အဖွဲ့က ကောက်ခံတာလဲလို့ စေ့ငုကြည့်ရင် လက်နက်ကိုင်ထားတဲ့အဖွဲ့တိုင်းက လက်နက်ကိုင်အဖွဲ့ရပ်တည်ရေး စစ်လက်နက်ပစ္စည်းဝယ်ယူနိုင်ရေး တို့အတွက် ကောက်ခံကြတာ ဖြစ်ပြီး လက်နက်ကိုင်ထားတဲ့ သူတွေကောက်ခံတာကြောင့် ဘယ်ကုန်ကား၊ ဘယ်ခရီးသည်ကားကမှ အခြေအတင် အငြင်းအခုံ မလုပ်ရဲကြပဲ ပေးကြရတာ ဖြစ်ပါတယ်။ 

မြဝတီ-ဘားအံ လမ်းပိုင်းတခုတင်မက ရှမ်းပြည်နယ်တောင်ပိုင်းရော မြောက်ပိုင်းမှာ ကချင်၊ စစ်ကိုင်း၊ ချင်း၊ မကွေး မွန်၊ ကရင် အစရှိတဲ့ တနိုင်ငံလုံးလမ်းပိုင်းတွေမှာ အခွန်ကောက်ခံတဲ့ နှုန်း၊ ကောက်ခံတဲ့ဂိတ်အရေအတွက်က မကြုံဖူးလောက်အောင် များပြားလာတာကြောင့် နယ်စပ်ကုန် သွယ်ရေးက ဝင်ရောက်လာတဲ့ကုန်စည်တွေသာမက တနယ်နဲ့ တနယ်သယ်ဆောင်ကြတဲ့ ဆန်၊ ကုန်စိမ်းတွေအထိ မကြုံဖူးတဲ့ စျေးနှုန်းတွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်၊ ခရမ်းချဥ်သီး စတဲ့ နယ်အသီးသီးကိုတင်ပို့ကြတဲ့ ကုန်စိမ်းစျေးတွေက အရင်ကမကြားဖူးတဲ့ စျေးနှုန်းတွေ ဖြစ်လာတာကြောင့် ကုန်စိမ်းစိုက်ပျိုးသူတွေ စျေးကောင်းရမယ်လို့ယူဆလို့မရဘဲ ကုန်စည်သယ် ဆောင်မှု စရိတ်တွေ၊ စွန့်စားသွားလာရတဲ့အတွက် စွန့်စားမှုအမြတ်တင်တဲ့ ပမာဏတွေကို စားသုံး သူတွေက ကျခံကြရတဲ့သဘောဖြစ်ပြီး စိုက်ပျိုးသူတွေက ထူးခြားတဲ့အကျိုးအမြတ်မရှိကြပဲ၊ ကုန် စည်ကူးသန်းသယ်ဆောင်တဲ့ ပမာဏလျော့ကျ လာတာကြောင့် ဝယ်လိုအားနဲ့ ထုတ်လုပ်မှုတွေပါ လျော့ကျလာကြတဲ့သဘောဖြစ်ပါတယ်။ ချုံ့ပြောရရင် စီးပွားရေးက ပိုမိုထုတ်လုပ်ပြီး အကျိုး အမြတ်ပိုမိုရရှိကြ သယ်ဆောင်မှု နဲ့ ဖြန့်ဖြူးမှု အကျိုးအမြတ်က ပါးပါးသာရှိပြီး စားသုံးသူတွေ အကျိုးခံစားကြရတဲ့ ခေတ်အခြေအနေမျိုး မဟုတ်တော့ပဲ ဆုံးရှုံးနိုင်ခြေ အန္တရာယ်ကြားမှာ စွန့်စားမှုနဲ့ ကုန်သွယ်ကြတဲ့ ခေတ်ဖြစ်လာတဲ့ သဘောဖြစ်ပါတယ်။ 

တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကိုကြည့်ရင်လည်း မူဆယ်-လားရှိုး-မန္တလေး ပင်မလမ်း ကြောင်းကို အသုံးချနိုင်ခြင်း မရှိပဲ အခြားသော မြေသားလမ်းတွေ၊ ရှည်လျားတဲ့ လမ်းကြောင်းတွေ၊ ရှမ်းအရှေ့ မိုင်းလားကတဆင့် လမ်းကြောင်း စတာတွေကို အသုံးပြုနေကြတာ ဖြစ်လို့ ကုန်ကျစရိတ်၊ အချိန် ပိုမိုကုန်ကျပြီး ကုန်ပစ္စည်းတွေစျေးနှုန်း ကြီးမြင့်လာကြတာ ဖြစ်ပါတယ်။ ပြည်တွင်းက ထုတ်လုပ်တဲ့ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းလည်း အချိန်ကြာတာ သယ်ယူစရိတ်ကြီးတာကြောင့် ယခင်ကလို မတင်ပို့နိုင်ကြတော့တာ တွေ့ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူထုတွေအဖို့  ထုတ်ကုန်ပစ္စည်း အရင်လိုစိုက်ပျိုးထုတ်လုပ်ခြင်းမပြုနိုင်တဲ့ အနေ အထားအောက်မှာ စားသုံးရတဲ့၊ ဝယ်ယူရတဲ့ ကုန်ပစ္စည်းစျေးက ယခင်ထက်အဆများစွာကြီးမြင့်လာတာကြောင့် နှစ်ဖက်လွှနဲ့ ဖြတ်ခံရသလို ဝင်ငွေရော ထွက်ငွေ ၂ ခုစလုံး ပြောင်းပြန် သက် ရောက်မှု ခံစားနေကြရတာ ဖြစ်ပါတယ်။ အခုလို ကာလမှာ ကြီးပွားဖို့ ၊ ချောင်လည်ဖို့ထက် အသက်မသေဖို့ နဲ့ မငတ်အောင် စားသောက်နိုင်ဖို့ နေစရာ လုံလုံခြုံခြုံနဲ့ စိတ်ချလက်ချ အိပ်နိုင်ဖို့ ဆိုတဲ့ အခြေခံ လိုအပ်ချက်တွေ မပြည့်မှီနိုင်တဲ့ သူတွေ သန်းနဲ့ချီ ရှိနေကြတာလည်း ဖြစ်ပါတယ်။ အရေအတွက် ၃ သန်း ကျော်သွားပြီးဖြစ်တဲ့ စစ်ဘေးရှောင်ဦးရေ၊ သောင်းဂဏန်း ကျော်လာပြီးဖြစ်တဲ့ အရပ်သား အသက်ဆုံးရှုံးမှု၊ သိန်းဂဏန်းနား နီးလာတဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုတွေက မြန်မာနိုင်ငံရဲ့  လက်ရှိ အခြေအနေကို ထင်ဟပ်နေပြီး ဒီအခက်အခဲတွေ၊ ခါးစည်းခံစားရမှုတွေကို နောက်ထပ် ဘယ်လောက်ကြာကြာ ရင်ဆိုင်ရဦးမလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်တဲ့ အနေအထားလို့ ဆိုချင်ပါတယ်။ ဘယ်လောက်ကြာနိုင်သလဲဆိုတဲ့ အချက်က ဘက်တဘက်ထဲ အပေါ်မှာမူတည်နေတာမဟုတ်ပဲ ၂ ဦးထက်မကသော player တွေ နဲ့ ဖြစ်ပေါ်နေတဲ့ အခင်းအကျင်း ဖြစ်တာကြောင့် နေ့ချင်း ညချင်း အောင်မြင်မယ်၊ အောင်ပွဲရမယ်၊ အာဏာသိမ်း စစ်တပ်ကို မကြာခင် အောင်မြင်ပြီး ပြဿနာအားလုံး ပြေလည်သွားမယ်ဆိုတဲ့ လက်တွေ့ မကျတဲ့ မျှော်လင့်ချက်တွေနဲ့ ကြံ့ကြံ့ခံဖို့ ပြောဆိုခြင်းထက် လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ လူထုရဲ့ ခံစားနေရတဲ့ အသက်ဘေး၊ စားနပ်ရိက္ခာ ဖူလုံမှုဘေးတွေက နေတတ်နိုင်သမျှ လျော့နည်းအောင်နည်းလမ်း လုပ်ဆောင်မှုတွေကိုလည်း ပြည်သူလူထုကို စာနာတဲ့ အဖွဲ့အစည်းတိုင်းက လုပ်ဆောင်ကြဖို့ လိုပါတယ်။ 

နောက်တချက်က တော်လှန်ရေး အင်အားစု၊ တော်လှန်ရေး လက်နက်ကိုင်လို့ မိမိတို့ကို မိမိတို့ ခံယူထားတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ လူထုနဲ့ တမြေထည်း၊ တသားထည်း နေထိုင်ပြီး လူထုရဲ့ ခံစားမှု ဒုက္ခကို မျက်မှောက်ပြုပြီး နားလည် လုပ်ဆောင်နိုင်ဖို့လည်း အရေးကြီးပါတယ်။ လူထုကို အပေါ်စီးကနေ ကြည့်ပြီး နားလည် ခံစားကြည့်တာမျိုးထက် လူထုနဲ့ တသားထည်းနေထိုင်ကာ အနာဂတ်ကို ဖေါ်ဆောင်နိုင်တဲ့ စိတ်နေစိတ်ထားမျိုး ခံယူကျင့်သုံးမှုမျိုးလည်း မရှိမဖြစ် လိုအပ်တာဖြစ်ပြီး အဲလို နေထိုင်လုပ်ကိုင်နိုင်မှလည်း တော်လှန်ရေး ဆိုတဲ့ စကားလုံးနဲ့ ခေါ်ယူခံဖို့ ဆီလျော်မယ်လို့လည်း ဆိုချင်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar