Breaking News

ဝင်းတင့်ထွန်း - အရုဏ်ဦးခရီးသည်တဦးရဲ့နောက်ဆုံးနေဝင်ချိန် (ရဲဘော်ငွေ (ခေါ်) ဆရာမကြီး ဒေါ်ငွေ သို့ အမှတ်တရ)


Photo- Credit

အရုဏ်ဦးခရီးသည်တဦးရဲ့နောက်ဆုံးနေဝင်ချိန်
(ရဲဘော်ငွေ (ခေါ်) ဆရာမကြီး ဒေါ်ငွေ သို့ အမှတ်တရ)
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၄

 
( ၁ )

ကျွန်တော့်ဘဝမှာ  လိုက်ပါ ပို့ဆောင်ချင်ပါလျက် လိုက်မပို့ဖြစ်ခဲ့ရတဲ့ ဈာပနပေါင်းများစွာ ရှိခဲ့သလို၊ ဆန္ဒနဲ့ထပ်တူကျစွာ လိုက်ပါပို့ဆောင်နိုင်ခွင့်ရခဲ့တဲ့ ဈာပနတွေလည်း အတန်အသင့်ရှိခဲ့ပါတယ်။ အဲဒီလို လိုက်ပါပို့ဆောင်နိုင်ခွင့် ရခဲ့တဲ့ ဈာပနတွေထဲမှာမှ ကျွန်တော့်ဘဝမှာ ဘယ်တော့မှ မမေ့နိုင်အောင်ဖြစ်ခဲ့ရ ခံစားခဲ့ရတဲ့ ဈာပနတခုကတော့.. ရဲဘော်ငွေ (ခေါ်) ရဲဘော်ကြည်လေး (ခေါ်) ဆရာမကြီးဒေါ်ငွေရဲ့ဈာပနပါပဲ။ ရဲဘော်ငွေကို ကျွန်တော်တို့အားလုံးလိုလိုက ‘ဆရာမကြီး’ လို့ပဲ ခေါ်ကြလေ့ ရှိပါတယ်။

ဆရာမကြီးရဲ့ဈာပနကိုမှ ဘာလို့မမေ့နိုင်အောင် ဖြစ်ခဲ့ရသလဲဆိုတော့.. တိုက်တိုက်ဆိုင်ဆိုင် မမေ့နိုင်စရာ အမှတ်ရစရာတွေကလည်း တော်တော်လေး ရှိနေလို့ဖြစ် ပါတယ်။ ပထမဆုံး မှတ်မှတ်ရရ ဖြစ်ရတာကတော့ ...၂၀၁၄ မတ်လ (၇) ရက်နေ့ ညနေပိုင်းမှာ အဝေးရောက်နေတဲ့ ကျွန်တော့်ရဲ့သားထံကိုဖုန်းနဲ့ဆက်ပြီး စကားတွေ အရှည်ကြီးပြောဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ..မတ်လ (၇) ရက်နေ့ဟာ သားရဲ့မွေးနေ့ ဖြစ်တဲ့ အတွက်၊ (၁၉) နှစ်ပြည့်သားကြီးကို အဲဒီနေ့ညနေပိုင်းကမွေးနေ့ အမှတ် တရအဖြစ် ခါတိုင်းထက်ပိုပြီး၊ ဖုန်းနဲ့ ရှည်ရှည်ဝေးဝေး စကားတွေ ပြောနေခဲ့မိပါတယ်။ သားရဲ့မွေးနေ့ကို ရောက်တိုင်းရောက်တိုင်း၊ သားရဲ့မွေးနေ့နဲ့ပတ်သက်ပြီး သားကိုယ်တိုင်က သား လူမှန်းသူမှန်းသိတတ်စ အရွယ်လောက်ကစပြီး ပြုံးစေ့စေ့နဲ့ပြောတတ် ဆိုတတ်တာကိုလည်း ကျွန်တော့်ဟာကျွန်တော် မကြာခဏပြန်ပြန်သတိရနေခဲ့မိပါတယ်။ အဲဒါက ဘာလဲ ဆိုတော့  “သားမွေးနေ့က မတ်လ (၇) ရက်နေ့ဖြစ်သွားလို့  တရက်ပဲ ကပ်ပြီးစောသွားလို့၊ လပ်ကီးဆဲဗင်း လပ်ကီးဆဲဗင်း လို့ ပြောလို့ဆိုလို့ ရသွားတယ်။ ကံကောင်း သွားတယ်။ တရက်သာနောက်ကျသွားရင်မတ်လ (၈) ရက်နေ့သာ ဖြစ်သွားရင်၊ တရုတ် လို ‘ စန်းပါး ဖူ နွီး ကျယ်’ လို့ခေါ်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ကြီး ဖြစ်သွားမယ်။ သားက ယောက်ကျားလေး ဖြစ်ပြီး၊ ကိုယ့်မွေးနေ့ပွဲတို့ဘာတို့များ လုပ်မယ်ဆိုရင်.. ဘယ့်နှယ်ဒီကောင်က ယောက်ကျားလေးဖြစ်ရက်သားနဲ့ကမ္ဘာ့အမျိုးသမီးနေ့ပွဲ ကျင်းပနေရတာလဲလို့ သူငယ်ချင်းတွေက နောက်စရာ စ"စရာ ဖြစ်သွားနိုင်တယ်၊ အခု တော့ တော်သေးလို့- တော်သေးလို့ တရက်ပဲ ကပ်ပြီး လွဲသွားတာအဖေ ”  လို့ ပြုံးစစနဲ့ ပြောခဲ့ဖူးတာကိုလဲ ကျွန်တော့်ဘာသာ သတိရနေခဲ့မိပါတယ်။ သားနဲ့ဖုန်းပေါ်ကတဆင့် သားရဲ့မွေးနေ့နဲ့ပတ်သက်ပြီး အမှတ် တရစကားတွေပြောခဲ့ဆိုခဲ့ကြပြီးနောက် သိပ်မကြာခင်လောက်မှာပဲ၊ ကျွန်တော့်ဆီကို ‘မနွယ်’ ဆီ က ဖုန်းဆက်လာတာနဲ့ကြုံရပါလေတယ်။ အကြောင်းကတော့ ...
        “ကဗျာဆရာကြီးရေ  .. အခု ဒီနေ့ ကြည်ကြည်တို့အိမ်မှာ ဆရာမကြီးရောက်လာတယ်။ အဲဒါ ကဗျာဆရာကြီးမိန်းမ မာဇွဲကိုလည်းပြောဖြစ်အောင် ပြောဖို့ပဲ။ မနက်ဖြန် ကျွန်မတို့ အမျိုး သမီးများနေ့လေ။ အဲဒီအတွက် အမျိုးသမီးများနေ့အခမ်းအနားကို ဆရာမကြီးကိုယ်တိုင်ဦးဆောင်ပြောဆိုပြီး အမှတ်တရလုပ်မလို့၊ မာဇွဲ လာဖြစ်အောင် လာဖို့ပဲ။ အဲဒါ လှမ်းပြောတာ ”  တဲ့။ 

‘မနွယ်’ ဆိုတာက ကျွန်တော်တို့ရဲဘော်တဦးရဲ့ဇနီးပါပဲ။ ဆရာမကြီးနဲ့ ကာလပေါင်းများစွာ အနီး ကပ်အရင်းနှီးဆုံး နေခဲ့ထိုင်ခဲ့ဖူးသူ ဖြစ်သလို၊ ဆရာမကြီးရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ဆေးထိုးဆေးသွင်းကိစ္စတွေကိုလည်း အမြဲလိုလိုလုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ ဆေးဝါးကျွမ်းကျင်နား လည်သူ ဆရာဝန်တဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်က တယ်လီဖုန်းကို  ကျွန်တော့်အနီးမှာရှိနေတဲ့ ကျွန်တော့်ဇနီးထံကမ်းပေးလိုက်တော့ သူတို့ မိန်းမသားအချင်းချင်း မိနစ်အနည်းငယ်ဆက်ပြီးစကားပြောကာ၊ အချိန်နာရီကိစ္စတွေ အချိန်းအချက်လုပ်နေကြတာ ကြားရပါတယ်။ ဖုန်းချပြီးတဲ့အချိန်မှာတော့ မိန်းမကလည်း တက်တက်ကြွကြွ ဖြစ်နေပါတယ်။ မနက်ဖန်မနက်ပိုင်းမှာ ဆရာမကြီးရောက်နေတဲ့ ကြည်ကြည်တို့အိမ်ကို သွားမယ်။ အဲဒီမှာ ဆရာမကြီးတို့နဲ့အတူ၊ မနွယ်တို့ ကြည်ကြည်တို့နဲ့အတူ အမျိုးသမီးနေ့အခမ်းအနားမှာ သူလည်းပါဝင်မယ်လို့ တက်တက်ကြွကြွပြောဆို စိုင်းပြင်းနေခဲ့ပါတယ်။ 

ကျွန်တော့်မိန်းမဟာလည်း ဆရာမကြီးကို ချစ်ခင်လေးစားသူဖြစ်တဲ့အပြင်၊ ဆရာမကြီးနဲ့လည်း မဆုံဖြစ်တာ လနဲ့ချီကြာနေပြီဖြစ်တဲ့အတွက်၊ အမျိုးသမီးနေ့အခမ်းအနားကိုလည်း တက်၊ ဆရာမကြီးနဲ့အေးအေးလူလူ ပြန်တွေ့ရမှာကိုလည်း မျှော်လင့်နေရင်း ရွှင်ရွှင်လန်းလန်း ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီနေ့က စောစောစီးစီး အိပ်ရာဝင်သွားခဲ့ရာ၊ မတ်လ (၈) ရက်နေ့အကူး၊ မနက်စောစော စီးစီးကြီးမှာပဲ၊ အနားက လက်ကိုင်တယ်လီဖုန်းခေါ်သံကြောင့် နှစ်ယောက်စလုံးလန့်နိုးခဲ့ရပါတယ်။ ဖုန်းက မနွယ်ထံက ဖုန်းပါပဲ။ “ဆရာမကြီး အခုလေးတင်ပဲ ဆုံးသွားပြီ ...”တဲ့။ အသံက ကြေကွဲရိပ်နဲ့ တုန်ရီနေသလို၊ မောလျမှုနဲ့ ဆို့နင့်နေပါတယ်။ မနေ့ညဦးပိုင်းကပဲ ကနေ့တွေ့ကြဖို့ လိုက်လံချိန်း ဆိုနေသေးတယ်၊ အခုမနက် စော စောစီးစီးကြီးမှာပဲ ဆုံးသွားပြီဆိုတော့ တကယ်ကို မယုံနိုင်စရာကောင်းအောင် အဖြစ်အပျက်တွေက မြန်ဆန်လွန်းနေခဲ့ပါတယ်။ ဘယ်လိုဖြစ်တာတုန်း... လို့မေး မြန်းကြည့်လိုက်မိတော့၊ မနေ့ညပိုင်းကပဲ ဆရာမကြီးရဲ့ ကျန်းမာရေးက ရုတ်တရက် ထဖောက်လာတဲ့အတွက် ဆေးရုံကြီးကို ကမန်းကတန်းပို့လိုက်ကြရာ၊ ဆေးရုံပေါ်မှာပဲ ကနေ့မနက်စောစော ကြီးမှာပဲ ဆုံးသွားတာ...တဲ့။ ကြားရချက်ကတော့ တကယ် ကို စိတ်ထိခိုက်ကြေကွဲစရာပါပဲ။ ဘဝတသက်တာလုံးတော်လှန်ရေးထဲမှာပဲ ဘဝကိုမြှုပ်နှံလာခဲ့တဲ့ တော်လှန်တဲ့အမျိုးသမီးကြီးဖြစ်ခဲ့တဲ့ ဆရာမကြီးဟာ ‘ကမ္ဘာ့အမျိုးသမီးများနေ့’ကို ဦးဆောင်ကျင်းပဖို့၊ ဘဝတူအမျိုးသမီး ရဲဘော်ကြီးငယ်တွေအများစုရှိတဲ့ ရွှေလီကိုဆင်းလာရင်း၊ ကမ္ဘာ့အမျိုးသမီးများနေ့ မတ်လ (၈) ရက်နေ့မနက် စောစောစီးစီးကြီးမှာပဲ တိုက်တိုက်ဆိုင်ဆိုင် နောက်ဆုံးထွက်သက်ကို လေးလေးပင်ပင် ချသွားခဲ့ရှာပါတယ်။ ကွယ်လွန်ဆုံးပါးသွားတာဖြစ်ခဲ့ရပါတယ်။ သေသေချာချာအကွက်ချ ပန္နက်ရိုက်ပြီး စီစဉ်ထားတဲ့ ပြဇာတ်တပုဒ်ထက်တောင်မှ ပိုမိုပြဇာတ်ဆန်နေသလိုပါပဲလား။ တကယ်တော့ ..ဆရာမကြီးကိုယ်တိုင်ကလည်း အော်ပရာနဲ့ ပြဇာတ်ပေါင်းများစွာကို ပိုင်ပိုင်နိုင်နိုင် ကပြ အသုံးတော်ခံခဲ့ဖူးတဲ့ တကယ့်ပြဇာတ်မင်းသမီးတဉီး၊ တကယ့် ပြဇာတ်သရုပ်ဆောင်တဉီးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ဖြစ်တည်ခဲ့ဖူးသူမဟုတ်လား။ 

ဆရာမကြီးဟာ မိန်းမသားပေမယ့် ငယ်စဉ်အပျိုပေါက်အရွယ်ကတည်းက လက်နက်ကိုင်တော် လှန်ရေးနယ်ထဲကို ခြေစုံပစ်ရောက်ရှိလာခဲ့ပြီး၊ ခက်ခဲကြမ်းတမ်းလှတဲ့ တော်လှန်ရေးခရီးကြမ်းကြီးပေါ် ဝံ့ဝံ့စားစားလျှောက်လှမ်းခဲ့ဖူးသူဖြစ်သလို၊ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့တော်လှန်နယ်မြေက တော်လှန်ဇာတ်ခုံတွေပေါ်မှာ တော်လှန်ရေးပြဇာတ် ကဇာတ်ပေါင်းများစွာကို ရှေ့တန်းအခန်းကနေ ကိုယ်တိုင်ပါဝင်ကပြခဲ့တဲ့ တော်လှန်ပြဇာတ် မင်းသမီးစစ်စစ် (တကယ့်ကို ပြဇာတ်မင်း သမီးစစ်စစ်) တဦးလည်း ဖြစ်ခဲ့ဖူးသူ မဟုတ်လား။ ဒီတော့ အခုလည်း ဘဝနေဝင်ချိန်မှာ ကွယ်လွန်ဆုံးပါးသွားတာကိုက၊ အချိန်နဲ့နေရာတွေပါ တိုက်တိုက်ဆိုင်ဆိုင်ရွေးချယ်ခေါင်းချသွားတာကိုက တကယ့်ပြဇာတ်တပုဒ်ထဲက ဇာတ်သိမ်းခန်းတခုလိုဖြစ်နေတာဟာ တကယ်ကို ပြဇာတ်ဆန်ဆန်ဖြစ်နေခဲ့ပါတယ်။ တကယ်ကို မှတ်မှတ်ရရဖြစ်စရာ လွမ်းမောစရာပါပဲ။

နောက်ထပ် သည့်ထက်အမှတ်ရစရာဖြစ်ရပြန်တာကတော့ ... ကျွန်တော့်ဘဝမှာ ဈာပနတခုအတွက် ‘အခေါင်းတလား’ တလုံးကို ပထမဆုံးလိုက်လံရှာဖွေ ဝယ်ရဖူးတာဟာလဲ  ‘ဆရာမကြီးရဲ့ဈာပန’ ပါပဲ။ အဲဒီနေ့က မတ်လ(၈)ရက်နေ့က ဆရာ မကြီး ရဲ့ရုပ်ကလာပ်ကို ထည့်သွင်းနိုင်ဖို့ လို အပ်တဲ့အခေါင်း (ခေါင်းတလား) တလုံးကိုရဲဘော် (ကို) ချစ်အောင်နဲ့အတူလိုက်လံရှာဖွေခဲ့ရပါတယ်။ ပထမတော့ ရွှေလီမြို့စွန်က သစ်အကြမ်းထည်တွေ သစ်ပြားပျဉ်ပြားရောင်းရာနေရာတွေဆီကို နှစ်ယောက်သား သွားပြီးရှာကြပါတယ်။ ဟိုးအရင်က အဲဒီနားတဝိုက်မှာ သစ်ပြားတွေပျဉ် ပြားတွေနဲ့အခေါင်းစပ်ထားတာတွေ၊ အသင့်လုပ်ပြီးသား ခေါင်းတလားတွေကိုတွေ့ဖူးမြင်ဖူးတဲ့အတွက် အခုလည်းပဲ ရှိဉီးမယ်၊ ရောင်းနေသေးတယ်ထင်ပြီး သွားရှာကြတာပါ။ ရွှေလီကနေ ကျန်းဖုန်းဖက်ကိုထွက်တဲ့လမ်းမှာ ရွှေလီမြို့စွန်ဖက်မှာ သွားပြီးရှာကြတာပါ။ ဒါပေမဲ့ အဲဒီနားမှာ အဲသလို ခေါင်းတလားရောင်းတဲ့ဆိုင်တွေက တခုတလေမှမရှိတော့ မတွေ့ရ တော့ပါ။ အနီးအနားတဝိုက်ဆီ ဟိုကြည့်သည်ကြည့်၊ သစ်ခွဲစက်နဲ့ ပကာပြားရောင်းတဲ့ဆိုင်တွေမှန်သမျှဆီ လှည့်ပတ်ကြည့်ရင်းနဲ့ပဲ နှစ်ယောက်သားမောပြီး ခြေဆုတ်ပြီး ပြန်ခဲ့ရပါတယ်။ နောက်တော့ ထော်လာဂျီတစီးနဲ့အတူ နှစ်ယောက်သား ကျယ်ကောင်ဖက် ဆက်ထွက်ခဲ့ရပါတယ်။ ကျယ်ကောင်တံတားကြီးနားက ရပ်ကွက်လေးတခု အတွင်းကိုငှားစီးသွားတဲ့ထော်လာဂျီမောင်းသမားနဲ့အတူ၊ ကိုချစ်အောင်နဲ့ကျွန်တော်ရောက်ရှိသွားခဲ့ပါတယ်။ နောက်ဆုံးတော့ ဟိုမေးသည်မေးနဲ့ပဲ၊ ခေါင်းတလား ရောင်းတဲ့အိမ်လေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းတလားစပ်တဲ့ရောင်းတဲ့အိမ်ကိုရောက်သွားပြန်တော့လည်း ဒီအခေါင်းတလားတွေကိုလက်တွေ့လုပ်ကိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်ရောင်းချနေတဲ့ပိုင်ရှင်အဘွားကြီးက အိမ်မှာမရှိ။ ချွေးမဖြစ်တဲ့ ကောင်မလေးကပဲ အိမ်မှာ ရှိနေကာ၊ အဲဒီကောင်မလေးရဲ့အဆိုအရ၊ ဈေးသွားနေတယ်ဆိုတဲ့ သူ့ယောက္ခမ အဘွားကြီးလာအောင် ကျွန်တော်တို့နှစ်ယောက်သား ထော်လာဂျီ ကားသမားနဲ့အတူ ထိုင်ပြီး စောင့်ကြရပြန်ပါတယ်။ အဘွားကြီး ဈေးကပြန်လာမှ အဘွားကြီးကိုယ်တိုင် သော့ဖွင့်ပြတဲ့၊ အခေါင်းတွေစပ်တဲ့ အလုပ်ခန်းလေးထဲက အသင့်လုပ်ထားပြီး ခေါင်းတလားတွေကိုကြည့်ရှုကာ သင့်လျော်မယ်ထင်တဲ့ခေါင်းတလားတလုံးကို ကိုချစ်အောင်က ငွေပေးချေဝယ်ယူပြီး နှစ်ဉီးသား သုတ်ချေတင် ပြန်ခဲ့ရပါတယ်။ ထော်လာဂျီပေါ်မှာ ခေါင်းတလားကြီးကို ဒီအတိုင်းတင်၊ ခေါင်းတလားကြီးရဲ့ ဘေးတဖက်တချက်မှာ ရဲဘော်ချစ်အောင်နဲ့ ကျွန်တော်က ခေါင်းတလားကြီးကို ထိန်းကိုင်လိုက်ပါခဲ့ရရင်း၊ ထော်လာဂျီရဲ့ ဖွတ်ချက်ဖွတ်ချက်စက်သံနဲ့အတူ၊ ကျယ်ကောင်ကနေ ရွှေလီဆီအချိန်မီအောင် ပြန် လာခဲ့ရတဲ့အဖြစ်အပျက်ဟာ  ကျွန်တော့်ဘÿမှာတော့ ဘယ်တော့မှ မမေ့နိုင်အောင်ပါပဲ။ ထော်လာဂျီမောင်းသမားက ရှေ့ကနေ တဒုတ်ဒုတ်နဲ့ တွင် တွင်မောင်း၊ အမိုးအကာမရှိတဲ့ထော်လာဂျီကိုယ်ထည်အိမ်ပေါ်မှာ အခေါင်းကြီးတလုံးနဲ့ ဘေးတဖက်တချက်က လူနှစ်ယောက်ရဲ့ရုပ်ပုံဟာ ဘယ်လိုဖြစ်နေမလဲဆိုတာတော့ မှန်းဆပြီးတော့သာကြည့်ကြပါတော့။ ဒါကြောင့်  ကျွန်တော့်ဘဝမှာ မမေ့နိုင်တဲ့လိုက်ပါ ပို့ဆောင်ဖြစ်ခဲ့တဲ့ ဈာပနတွေထဲမှာ ဆရာမကြီးရဲ့ဈာပနဟာ တကယ့်ကို မှတ်မှတ်ရရလို့ ဆိုလိုက်ချင် ပါတယ်။

( ၂ )

အဲဒီနေ့က ဆရာမကြီးရဲ့ရုပ်ကလာပ်ရှိရာ ဆေးရုံရေခဲတိုက်ဆီကို ကိုချစ်အောင်နဲ့ ကျွန်တော်ဟာ ထော်လာဂျီကားနဲ့တန်းပြီး ဝင်ခဲ့ကြတော့၊ ရေခဲတိုက်ရှိရာနေရာမှာ လူတွေလည်း အထိုက် အလျောက်ရောက်ရှိနေကြပါပြီ။ ဆရာမကြီးကို ချစ်ခင်လေးစား ကြတဲ့ ရဲဘော်ရဲဘော်မတွေအပြင်၊ ဆရာမကြီးရဲ့ချီပိုး ချော့မြူဆိုဆုံးမပညာပေးမှုတွေနဲ့ မကင်းခဲ့တဲ့၊ ဆရာမကြီးကို ချစ်ခင်တွယ်တာကြတဲ့ ဆရာမကြီးရဲ့မြေးငယ်မြေးရွယ် လေးတွေလည်း အသင့်အတင့်လောက်တော့ ရောက်ရှိနေကြပါပြီ။

တကယ်ကဆရာမကြီးရဲ့အသက်အရွယ် ဂုဏ်ဒြပ်အစဉ်အလာနဲ့ လိုက် လျောညီထွေအောင်ဆိုလျှင်၊ ဒါမှမဟုတ် အရင်ကလို ပန်ဆန်းဗဟိုလို လွတ်မြောက်နယ်မြေဒေသမျိုးမှာဆိုရင်၊ ဒါမှမဟုတ် မိခင်ဗမာပြည်ကြီးထဲက ရန်ကုန်လို မန္တလေးလို ဆရာ မကြီးရဲ့ဇာတိ ပဝတ္တိနေရာဒေသတခုခုမျိုးမှာဆိုရင်၊ ဆရာမကြီးရဲ့ဈာပနဟာ သည့်ထက်အဆပေါင်းများစွာ စည်ကားသိုက်မြိုက်နေမှာ သေချာလှပါတယ်။ အခုတော့ ကိုယ့်နိုင်ငံမဟုတ်တဲ့ရေခြားမြေခြား ဒေသတခုမှာ ...

အမျိုးသမီးရဲဘော်မတွေကတော့ ဆရာမကြီးရဲ့ရုပ်ကလာပ်ကို အကောင်းဆုံးဖြစ်အောင် အလှပဆုံးပြင်ဆင်ပေးထားကြပါတယ်။ မတ်လ(၈)ရက်နေ့ ကမ္ဘာ့အမျိုး သမီးနေ့မှာမှဝတ်မယ်ဆိုတဲ့ ချိတ်ထမီ အဝါရောင်လေးကိုဆင်မြန်းပေးထားရုံမက ရင်ဘတ်ပေါ်မှာ ပန်းတွေလည်း တင်ပေးထားတာတွေ့ရပါတယ်။ ပန်းတွေကို သိပ်ချစ်တတ်လွန်းတဲ့ ဆရာမကြီးကို ရဲဘော်မတွေက ဆရာမကြီး အကြိုက် ပန်းတွေနဲ့လည်း နောက်ဆုံးဂါရဝပြုလိုက်ဘိတဲ့အလား ရင်နင့်စရာခံစားလိုက်ရပါတယ်။
     
ကျွန်တော်က ဆရာမကြီးရဲ့အိမ်လေးထဲက ပန်းရုံတောကြီးထဲက ပန်းပင်မျိုးစုံ ပန်းပွင့်မျိုးစုံကိုပြေးပြီး မြင်ယောင်မိနေပြန်ပါတယ်။ အများစုက ပန်းရိုင်းနှင်းဆီတွေပါ။ ရာသီချိန်ရောက်ရင် နှင်းဆီရိုင်းတွေဟာ ရဲနေဝေနေအောင် ပွင့်တတ်ပါတယ်။ အဲဒီ နှင်းဆီ ပန်းရုံကြီးရဲ့ရှေ့မှာ ကျွန်တော်တို့တတွေဟာ အမှတ်တရ ဓာတ်ပုံတွေလဲ အများအပြားရိုက်ခဲ့ကြဖူးပါတယ်။ ဆရာမကြီးနဲ့ဆရာမကြီးရဲ့ခင်ပွန်းသည် ရဲဘော် (ကို)သိန်းဝင်းတို့နေထိုင်ရာ အဲဒီအိမ်လေးဟာ ကျွန်တော်တို့နေထိုင်ရာ ရွှေလီနဲ့ဆိုရင် မိနစ် (၃၀) ဝန်းကျင်လောက်သွားရတဲ့ တခြားနယ်စပ်မြို့လေးတမြို့ထဲမှာရှိတာဖြစ်တဲ့အတွက်၊ ခဏခဏတော့မရောက်ဖြစ်ပေမယ့် ရံဖန်ရံခါတော့ ရောက်လေ့ရှိရာမှာ၊ ပန်းတွေပွင့်တဲ့ရာသီဆိုရင်  ဆရာမကြီးက ပန်းတွေကိုတပွေ့တပိုက်ကြီး ခူးပြီး၊ ‘ဆရာတို့အိမ်အတွက်’ ဆိုပြီး ပြုံးပြုံးပြုံးပြုံးနဲ့ပေးလိုက်လေ့ရှိတာကိုလည်း ဖျတ်ခနဲ ဖျတ်ခနဲ သတိရနေမိပါတယ်။ တခြား သူတွေကို...‘ကို’ ‘ ဦး ’ ‘ ရဲဘော်’ စသဖြင့် ရှေ့ကခံပြီး သူတို့ရဲ့နာမည်အလိုက်နာမည်တွေကိုပဲ အပြည့်အဝခေါ်ဝေါ် သုံးစွဲလေ့ရှိပေမယ့် ဆရာမကြီးဟာ ကျွန်တော့်ကိုတော့ ‘ဆရာ’ လို့ပဲ ခေါ်ဝေါ်သုံးစွဲလေ့ရှိတာကိုလည်း ကျွန်တော်သတိထားမိပါတယ်။ ကျွန်တော့်သားနဲ့သမီးလေးတွေရဲ့ ကျောင်းဖွင့်ချိန် ကာလမျိုးမှာဆိုရင်၊ ဆရာမကြီးတို့ လင်မယားဟာ သူတို့ဟာသူတို့ ချွေချွေတာတာ ခြစ်ခြစ်ချုပ် ချုပ်မစားရက်မသောက်ရက်နဲ့ စုဆောင်းသိုမှီးထားရတဲ့ မရှိမဲ့ရှိမဲ့ ငွေကြေးလေးအနည်းငယ်ထဲကနေ သားနဲ့သမီးကို မကြာခဏဆိုသလို မုန့်ဖိုးကျောင်းဖိုးပေးခဲ့တတ်တာတွေကိုလည်း ကျွန်တော့်မှာ လွမ်းမောကြေကွဲစွာ သတိရနေ အောက်မေ့နေမိပါတယ်။
       
ဆရာမကြီးတို့အိမ်ကို သွားတိုင်း၊ ဆရာမကြီးတို့ နေထိုင်ရာခြံဝင်းလေးထိပ်ကိုရောက်ပြီဆိုရင်  ‘ဆရာမကြီး ..ဆရာမကြီး’ လို့အသံကျယ်ကျယ်နဲ့ လှမ်းပြီး အသံပြုရလေတိုင်း၊ ‘ လာပြီ လာပြီ-’ ဆိုတဲ့ ဆရာမကြီးရဲ့အသံနဲ့အတူ၊ ခွေးဟောင်သံ တဝုတ်ဝုတ်ကိုလည်း ကြားရလေ့ ရှိပါတယ်။ ဆရာမကြီးက ခွေးတွေကို ထိန်းရင်း မောင်းရင်းက ခြံထံခါးကို ဖွင့်ပေးတတ်ပါတယ်။ အဲဒီအခါ တိုင်း ကျွန်တော်က “ ဆရာမကြီးတို့အိမ်ကို လာရတာ၊ ဟိုးတုန်းက ဒေါ်ဒေါ် ဒေါ်ခင်မျိုးညွန့်တို့နေတဲ့အိမ်လေးကို သွားလည်ရတာနဲ့ သိပ်တူတယ်။ အဲဒီမှာလဲ ဒေါ်ဒေါ်ဒေါ်ခင်မျိုးညွန့်တို့က သခင်အုံးမြင့်တို့ရဲ့ ခြံထဲမှာ နေရတာဆိုတော့ ဝင်းပေါက် သံတံခါးဝကနေ ‘ဒေါ်ဒေါ် ..ဒေါ်ဒေါ်’လို့လှမ်းြုပ အသံပြုလိုက်ရင် ..အခုလိုပဲ လူသံရဲ့အရင်၊ သခင်အုံးမြင့်ရဲ့ခြံထဲက ခွေးကြီးရဲ့အသံက အရင် ထွက်လာလေ့ရှိတယ်” လို့ပြောမိတော့၊ ဆရာမကြီးက အားပါးတရပြုံးလေ့ရှိပါတယ်။ ဆရာမကြီးဟာ ဗိုလ်မှူးချစ်ကောင်းရဲ့ဇနီး ဒေါ်ဒေါ်ဒေါ်ခင်မျိုးညွန့်ကိုလည်း အင်မတန်မှ ချစ်ခင် သံယောဇဉ်ရှိသူဖြစ်လေတော့၊ အဲသလို အစဖော်ပေးလိုက်ရင် မကြာခဏ ရှေးဟောင်းနှောင်းဖြစ်တွေလည်း  လွမ်းလွမ်းဆွေးဆွေး ပြန် ပြောတတ်လေ့ရှိပါတယ်။

ဆရာမကြီးဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးကြီး နိဒါန်းဦးကာလ ၁၉၄၉ ခုနှစ် ဧပြီလထဲကတည်းက အသက် (၁၄)နှစ် ကျော်ရုံကလေးမျှနဲ့ပါတီထဲကိုရောက်ရှိလာခဲ့သူဖြစ်တဲ့အတွက်၊ ‘ပါတီရဲ့ငယ်မွေးခြံပေါက်’ လို့တောင် ဆိုနိုင်သူဖြစ်ပါတယ်။ ဥက္ကဋ္ဌသခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်၊ သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်ဖေတင့်၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်အောင်၊ ဗိုလ်ပု၊ ဗိုလ်မှူးချစ်ကောင်း..တို့လို တကယ့်အစဉ်အလာရှိခေါင်းဆောင်ရဲဘော်ကြီးတွေနဲ့သာမက၊ အဲဒီခေါင်းဆောင်ကြီးတွေရဲ့အိမ်သူဇနီးတွေ၊ သားသမီးမိသားစုဝင်တွေနဲ့ပါ လက်ပွန်း တတီး ရင်းရင်းနှီးနှီးကျင်လည်ဖြတ်သန်းနေထိုင်လာသူဖြစ်တဲ့အတွက်၊ အဲဒီ ရှေး ဟောင်းနှောင်းဖြစ်တွေအကြောင်းကို ထဲထဲဝင်ဝင် အသိဆုံးလူတဉီး ဖြစ်ခဲ့သလို၊ အဲသလိုအတွင်းကျကျသိခဲ့ရဖူးသူဖြစ်တဲ့အလျောက်၊ အဲဒီခေါင်းဆောင်ကြီးတွေရဲ့စိတ်နေစိတ်ထားနဲ့ တကယ့်အရည်အချင်းတွေကို ကောင်းကောင်းကြီးသိမြင်ကာ၊ ပါတီအပေါ် အလေးနက်ဆုံးသံယောဇဉ်ကြီးခဲ့သူတယောက်လည်းဖြစ်နေခဲ့တာ ဆရာမကြီးရဲ့လက်တွေ့ဘဝကနေ သက်သေပြပြီးဖြစ်ပါတယ်။ ဆရာမကြီးဟာ ဆရာမကြီးရဲ့ဘဝနေဝင်ချိန် ဆည်းဆာတကွေ့မှာ၊ ဆရာမကြီးကိုယ်တိုင်ဖြတ်သန်းလာခဲ့ရတဲ့တော် လှန်ရေးဘဝလက်တွေ့အတွေ့အကြုံတွေကို ‘ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ’ အဖြစ်ကြိုးစားပမ်း စားရေးသားသွားခဲ့ပါတယ်။ ၂၀ဝ၅- ၂၀ဝ၆ လောက်တုန်းကတည်းက တရွေ့ရွေ့ရေးသားသွားခဲ့တာပါ။ ဘဝနေဝင် ဆည်းဆာ ချိန်ရောက်မှ ရေးသားသွားတာဖြစ်ပေမဲ့၊ ဆရာမကြီးက သူ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ‘အရုဏ်ဦးခရီးသည်’ လို့ခေါင်းစီး တင်ခဲ့ပါတယ်။ အသက်အရွယ်အားဖြင့် ဇရာရောက်ပေမယ့် အတွေးအခေါ်အား ယုံကြည်ချက်အားကတော့ သစ်လွင်နုပျိုနေဆဲဖြစ်တာကို ထင်ဟပ်နေခဲ့သလို၊ ကွန်မြူနစ်တယောက် တော်လှန်ရေးသမားတယောက်အဖို့၊ လူ့အဖွဲ့ အစည်းဟောင်း စနစ်ဟောင်းတွေကို တွန်းလှန်ဖယ်ခွင်းပြီး၊ တောက်ပထွန်းလင်းတဲ့လူ့အဖွဲ့အစည်းသစ်တရပ်ဆီကို ဦးတည်ရှေးရှုပြီး ချီတက်ဖြတ်သန်းနေရတာဟာ အမှောင်ကိုခွင်းပြီး အလင်းဆီ သွားနေရတဲ့ခရီးတရပ်..လို့ပဲ ရှုမြင်ခံယူလိုက်ရင်းက၊ အဲသလိုဆိုရင်.. သူဟာ ဘာခရီးသည်လဲ၊ ဘယ်လိုခရီးသည်လဲ၊  “အရုဏ်ဦးခရီးသည်”လို့ ခံယူသတ်မှတ် ဆိုလိုချင်ပုံရပါတယ်။

‘အရုဏ်ဦးခရီး သည်’ ထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ အထင်ကရခေါင်းဆောင်ကြီးငယ်တွေရဲ့ လေးစားဖွယ်ပုံရိပ်တွေ အများအပြားပါဝင်ခဲ့သလို သူတို့တွေရဲ့ဇနီးသားမယားတွေ မိသားစုတွေရဲ့ ပုံရိပ်တွေကိုလည်း အလျဉ်းသင့်သလို ဖော်ညွှန်းသွားခဲ့တာတွေ့ရပါတယ်။ ဒီထဲမှာ ဆရာမကြီးကိုယ်တိုင် ခရီးသည်ကိုယ်တိုင်ရဲ့ ဘဝတကွေ့အလင်းအမှောင် အဆင်းအတက်တွေကိုလည်း တတ်နိုင်သမျှ ပုံပေါ်အောင် ရေးသားတင်ဆက်သွားခဲ့ပါတယ်။ တော်လှန်ရေးနယ်မြေက တော် လှန်ရေး ဇာတ်ခုံတွေပေါ်မှာ တော်လှန်တဲ့ ကဇာတ်သမ၊ ပြဇာတ်သမအဖြစ် ပိုင်ပိုင်နိုင်နိုင် ကပြသရုပ်ဆောင်ခဲ့ဖူးတဲ့ဆရာမကြီးဟာ၊ ဆည်းဆာ နေညိုချိန်မှာလည်း ဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးကာလဘဝအတွေ့ အကြုံတွေကို စာမျက်နှာတွေပေါ်ကနေ မမေ့မလျော့ တာဝန်ကျေအောင်ရေး သားတင်ဆက် မှတ်တမ်းတင်ပေးသွားခဲ့တာကိုလည်း ကျွန်တော်ကတော့ လေးလေးစားစား အမှတ်ရနေမိပါတယ်။ 

အဲဒီကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်တဲ့ “အရုဏ်ဦးခရီးသည်” ကို စတင်ရေး သားနေစဉ်ကတည်းက ဆရာမကြီးက သူ့ရဲ့မူရင်းလက်ရေးစာမူကို ကျွန်တော့်ကိုလည်း ပေးဖတ်ခဲ့ပါတယ်။ “ဆရာရေ .. ကျွန်မရေးထားတာကို ဖတ်ပေး ဝေဖန်ပေးပါဦး” လို့ လည်း စိတ်ထားနှိမ့်နှိမ့်ချချနဲ့ ရိုးရိုးသားသား ပြောဆိုခဲ့ဖူးပါတယ်။ ကျွန်တော်က ကောင်းမယ်ထင်သလို ပြောဆို ထောက်ပြတာတွေကိုလည်း ဝေဖန်ရေးကို လိုလားသူပီပီ ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ခံခဲ့တာတွေဟာ တကယ်ကို အမှတ်ရစရာတွေပါပဲ။ ဗလာစာအုပ် လေးထဲမှာ ဘောလ်ပင်နဲ့ရေးထားတဲ့ ဆရာမကြီးရဲ့လက်ရေးလေးတွေဟာ တော်တော်ကို ဂရုတစိုက်နဲ့ကြိုးစားပမ်းစား ရေးထားရတာမှန်း သိသာနေခဲ့ပါတယ်။ အသက်(၇၀) လောက်မှာမှ ကျန်းမာရေးကလည်း သိပ်မကောင်းလှတော့တဲ့အချိန်ထဲမှာမှ  ဒီ ‘ အရုဏ်ဦးခရီး သည်’ ဆိုတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိရှည်ကြီးကို တရွေ့ရွေ့ကြိုးစားပမ်းစား ရေးသားသွားပုံဟာ ဆရာမကြီးရဲ့ဇွဲနဲ့စိတ်ဓာတ်ကို အတိုင်းသား ဖော်ပြနေခဲ့သလိုပါပဲ။

ဆရာမကြီးရဲ့ ဘဝကောက်ကြောင်း တစေ့တစောင်းကို ပြန်ကြည့်မယ်ဆိုရင် ဆရာမကြီးရဲ့ဇာတိဟာ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက် နက်ကိုင်တော်လှန်ရေးကြီး အရှိန်အဟုန်ကြီးကြီးနဲ့ အခြေချခဲ့ရာ‘ပျဉ်းမနား’ ပါ။ ဆရာမကြီးရဲ့ မွေးသက္ကရာဇ်ဟာ ၁၉၃၅ မတ်လ (၂၈) ရက်နေ့ပါ။ ၁၉၄၈ မတ်လ (၂၈) ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်နက်ကိုင်တော်လှန်ရေးကြီး စတင်ပေါ်ထွန်းလာခဲ့ရချိန်မှာ ဆရာမကြီးရဲ့အသက်ဟာ (၁၃) နှစ်တိတိ ပြည့်တဲ့နေ့ဖြစ်ပါတယ်။ မတ်လ (၂၈)ရက်နေ့ ဟာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တော်လှန်ရေးနေ့ဖြစ်သလို၊ ဆရာမကြီးအဖို့မှာတော့ တော်လှန်ရေးနေ့လည်းဖြစ်၊ ကိုယ်ကိုယ်တိုင်ရဲ့မွေးနေ့လည်းဖြစ်ခဲ့ရပြီး နှစ်ထပ်ကွမ်း မင်္ဂလာယူစရာ ထူးထူးခြားခြား တိုက်ဆိုင်နေခဲ့ပါတယ်။ အပျိုပေါက်အရွယ် အသက် (၁၄) နှစ်ပြည့်ပြီးစ ၁၉၄၉ ဧပြီ လကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် တော် လှန်ရေးထဲ  ရဲရဲရင့်ရင့် ခြေစုန်ပစ်ဝင်လာသူတဦးဖြစ်ခဲ့သလို၊ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့အမျိုးသမီးသမဂ္ဂဝင်တဉီးလည်း ဖြစ်လာခဲ့ပါတယ်။ အရွယ်ရောက်တဲ့အချိန်မှာ ပျဥ်းမနားမြို့နယ် အမျိုးသမီးသမဂ္ဂအလုပ်အမှု ဆောင်တင်တဦးဖြစ်လာခဲ့သလို၊ ပါတီရဲဝါဒဖြန့်ချိရေးဌာနမှာ တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ‘ဗဟိုပြည်သူ့သဘင်’ အဖွဲ့မှာ အပျိုတော်က၊ ယိမ်းသမ အဆင့်ကနေ အော်ပရာနဲ့ ကဇာတ်ပါမကျန်၊ နောက်ဆုံးမှာ ပြဇာတ်မင်းသမီး( ပြဇာတ်သမ)၊ ကဇာတ်မင်းသမီး (ကဇာတ် သမ) အထိ ကျရာအခန်းကနေ အောင်အောင်မြင်မြင် သရုပ်ဆောင်ကပြခဲ့သူလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းကြီးတလျှောက်လုံးအတွင်းမှာ တော်လှန်တဲ့စိတ် ဓာတ်နဲ့ ပြတ်ပြတ်သားသား ဖြတ်ကျော်ချီတက်ခဲ့သူတဦးဖြစ်သလို၊ အနုပညာအသည်းနှလုံးနဲ့ အနုပညာရည်ရှိသူတဦးလည်းပဲ ဖြစ်ပါတယ်။ ဆရာမကြီးဟာ ၁၉၅၉ အိမ်စောင့် စစ်အစိုးရ လက် ထက်အတွင်း၊ ရန်သူ့ထိုးစစ်ကို ရှောင်တိမ်းရင်းက ရန်သူ့စစ်ကြောင်းနဲ့တွေ့ပြီး အဖမ်းအဆီးခံခဲ့ရတဲ့အတွက်လည်း ပုဒ်မ ၁၇/၁ နဲ့ ထောင်ချ ခံခဲ့ရဖူးသူ ဖြစ်ခဲ့ရရုံမက ထောင်တွင်းတိုက်ပွဲတွေမှာ ပါဝင်ဆင်နွဲခဲ့ဖူးသူလည်း ဖြစ်ခဲ့ရပြန်ပါတယ်။

ထောင်ကလွတ်လာတော့လည်း ဗမာပြည်ကွန်မြူနစ်ပါတီရှိရာ လက်နက်ကိုင်တော်လှန်ရေးဆီ ပြန်သွားနိုင်ရေးကိုပဲ အားထုတ်နေခဲ့ပြီး၊ အထူးဆက်သားတာဝန်နဲ့ မြေအောက်ယူဂျီလုပ်ငန်းတာ ဝန်တွေကို ပိပိရိရိထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ နောက်တော့ ပါတီကိုယ်တိုင်က ပြန်လည်ခေါ်ယူတဲ့အခါ၊ ပါတီရဲ့လက်နက်ကိုင်တော်လှန်ရေးနယ်မြေအတွင်း မရောက် ရောက်အောင် ပြန်သွားခဲ့သူဖြစ်ပါတယ်။ ရောက်ရာနေရာ ကျရာအရပ်မှာ ပေးအပ်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း၊ ဝါရင့်ကေဒါရဲဘော်မကြီးတဦးဖြစ်ခဲ့ပါတယ်။ ပဲခူးရိုးမ လက်နက်ကိုင်တော်လှန်ရေးခေတ်ကနေအရှေ့ မြောက်လွတ်မြောက်နယ်မြေ လက်နက်ကိုင်တော်လှန်ရေးခေတ်အထိ၊ ခေတ်အဆက်ဆက် လက် နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေထဲမှာ တောက်လျှောက် ကာလကြာရှည်စွာ စွဲစွဲမြဲမြဲ ပါဝင်ခဲ့သူတဦးအဖြစ် စံနမူနာထူသွားခဲ့ပါတယ်။ အရှေ့မြောက် လွတ်မြောက်နယ်မြေ ခေတ်ရဲ့နောက်ဆုံးကာလတွေမှာတော့ အရှေ့မြောက်စစ်ဒေသ စစ်ဆေးရုံကြီးရဲ့ ဒုနိုင်ငံရေးမှူးဟာ ရဲဘော်ငွေ လို့ခေါ်ကြတဲ့ ဆရာမကြီးပါပဲ။ 

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ကံဆိုးမိုးမှောင်ကျမှုကာလကြီးဖြစ်တဲ့ ၁၉၈၉ ခုနှစ်ကနေ- ၁၉၈၉ ရဲ့ နောက်ပိုင်းကာလတွေမှာကော...။ ဖြိုသူက ဖြို၊ ဖျက်သူက ဖျက်နဲ့ အဆက်မပြတ် ဒုက္ခပေါင်းစုံ သင့်ကြရတဲ့အချိန်မှာကော ...။ 
ဗမာပြည်ကွန်မြူနစ်ပါတီ ဆိုတဲ့ တူတံစဉ်အလံကိုပဲ ဆုပ်ကိုင်၊ တူတံစဉ်အလံကိုပဲ သစ္စာကြီးလှစွာ ပါတီနဲ့မကွာ စွဲစွဲမြဲမြဲ ရဲရဲရင့်ရင့်ရပ်တည်ဖော်ပြသွားခဲ့တဲ့ မှတ်တမ်းတင်ထားရမယ့် သူတွေထဲမှာ ဆရာမကြီးဟာ ရှေ့ဆုံးတန်းက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ တကယ့်ကိုစံပြုအပ်တဲ့အမျိုးသမီးရဲဘော်ကြီးပါပဲ။
    ကျွန်တော်က ဆရာမကြီးရဲ့နောက်ဆုံးသော ရုပ်ကလာပ်ကို ဂါရဝစိတ်အပြည့် နဲ့ ထပ်ပြီး ကြည့်မိပါတယ်။
       
အသက် (၈၀) နီးပါး ရှိနေပြီဖြစ်တဲ့ ဆရာမကြီးဟာ အပြစ်ကင်းစင်လှတဲ့ မျက်နှာနဲ့ ကလေးငယ်လေးတဉီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလိုပါပဲ။

ခဏတာမျှ ကြာတော့.. ပါသင့်ပါထိုက် လာသင့်လာထိုက်တဲ့ ရဲဘော်တွေလည်း စုံလင်လောက်ပြီဖြစ်တဲ့အချိန်မှာ၊ ကျွန်တော်တို့တွေအားလုံးဟာ ဆရာမကြီးရဲ့ရုပ်ကလာပ်ကို တဦးချင်းစီ တန်းစီ တပတ်ပတ်ပြီး နောက်ဆုံးဂါရဝ ပြုခဲ့ကြပါတယ်။
ကျွန်တော်ဟာ ဆရာမကြီးကို လေးလေးစားစားနဲ့ ‘အလေးနီ’  ပြုခဲ့၊ ဦးညွှတ်ခဲ့ပါတယ်။

( ၃ )

နောက်ဆုံးတော့ ဆရာမကြီးရဲ့ရုပ်ကလာပ်ကိုပြာချဖို့ရာ မီးသင်္ဂြိုဟ်စက်ရှိရာ နောက်ထပ်တမြို့အထိ ထပ်မံသယ်ယူပို့ဆောင်တော့လည်း ကျွန် တော်တို့ဇနီးမောင်နှံနှစ်ဦးလုံးဟာ အစအဆုံးလိုက် ပါပို့ဆောင်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဆရာမကြီးကို တန်ဖိုးထားမှုလေးစားမှုကြောင့်၊ ဆရာမကြီးရဲ့နောက်ဆုံးဈာပနခရီးကိုတော့ ရုပ်ကလာပ်ပြာကျပြီးတဲ့အထိ လိုက် လံပို့ဆောင်မယ်ဆိုတဲ့အရင်းခံစိတ်ဓာတ်နဲ့ မဖြစ်ဖြစ်အောင် လိုက်ပါပို့ ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရှားရှားပါးပါး သက်ကြီးဝါကြီးအမျိုးသမီးတော်လှန်ရေးသမားကြီးတဦးလည်းဖြစ်၊ ဗမာပြည်ကွန် မြူနစ်ပါတီရဲ့အမျိုးသမီးသမဂ္ဂမှာ ၁၉၄၉ ခုနှစ်ကတည်းက သမဂ္ဂဝင်အဖြစ် နိုင်ငံရေးလုပ်ငန်းတာ ဝန်တွေကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့ဖူးသူတဦးလည်း ဖြစ်တဲ့ ဆရာမကြီးရဲဘော်ငွေကို ထိုင်းနိုင်ငံအခြေစိုက် ‘မြန်မာ့အမျိုးသမီးသမဂ္ဂ ’Burmese Women’s Union(BWU)’ ကနေ သူတို့တွေရဲ့လစဉ်ထုတ်စာစောင် ‘ချိုးလင်းပြာ’ အတွက် အင်တာဗျူးတခု လုပ်ခဲ့ဖူးတာကိုလည်း ကျွန် တော် မှတ်မှတ်ထင်ထင် သတိရနေ ခဲ့မိပါတယ်။ ဒီဖက်မှာရှိတဲ့ (BWU) အမှုဆောင်အမျိုးသမီးကလေးတယောက်ကနေ၊  ကျွန်တော့်ဆီကတဆင့် ဆရာမကြီးနဲ့ဆက်သွယ်ပြီး အင်တာဗျူးလုပ်ခဲ့တာပါ။ ၂၀ဝ၆ ခုနှစ် နွေဦးကာလကြီးထဲမှာပါ။ အဲဒီမှာ အင်တာဗျူးမှာ မေးခွန်းရှင်ရဲ့အမေးကို ပြန်ဖြေရင်း ...ဆရာမကြီးပြောခဲ့တဲ့စကားလေးတပိုဒ်ကိုလည်း လမ်းခရီးမှာ ကျွန်တော် လတ်လတ်ဆတ် ဆတ်ကြီး ပြန်လည်သတိရနေမိပါတယ်။ အဲဒီမှာ-ဆရာမကြီးက ဘယ်လိုပြောသွားသလဲဆိုတော့ ...

 “ ... တော်လှန်ရေးလုပ်တယ်ဆိုတာ အရာရာ အားလုံးကို စွန့်လွှတ်ရတာ။ ကိုယ်ကျိုးကို နောက်မှာထားပြီး၊ ပြည်သူရဲ့အကျိုးကိုဦးထိပ်ပန်တဲ့ သဘောထားနဲ့ လုပ်ရတဲ့အခါကျတော့ကိုယ့်ကိုယ်ကို ဘယ့်လောက် ကြိုးစားပြီးတော့ ဘယ်လိုအနစ်နာခံလုပ်တယ်ဆိုတာကို အမြဲမပြတ် ပြန်သုံးသပ်ကြည့်ကြပါ  ..” တဲ့။ 

       ဖြည်းဖြည်းဆေးဆေးနဲ့ လေသံအေးအေးလေးနဲ့ ပြောတတ်ဆိုတတ်လေရှိတဲ့ ဆရာမကြီးရဲ့လေသံကိုပါ ကျွန်တော့်စိတ်ထဲပြန်လည်ကြားယောင် မြင်ယောင်ဖြစ်နေခဲ့မိပါတယ်။
      မီးသင်္ဂြိုဟ်စက်ရှိတဲ့ မြို့ကြီးကိုရောက်ဖို့ဟာ မော်တော်ကားနဲ့ကို သုံးနာရီ ကျော် လောက် သွားကြရပါတယ်။ မီးသင်္ဂြိုဟ်စက်ကြီးရှိတဲ့ နယ်မြေဝင်းအတွင်း ကားဘီးကို ဖြည်းဖြည်းချင်း လှိမ့်ပြီး ဝင်လိုက်တဲ့အခါ၊ ဘေးနားတဝိုက်က ထင်းရူးတော အုပ်အုပ်လေးဟာ နွေနေအောက်မှာတောင် မှိုင်းညို့ဆိုင်းအုံ့နေခဲ့ပါတယ်။

နောက်ဆုံးပြာချခါနီးမှာလည်း ဆရာမကြီးရဲ့ရုပ်ကလာပ်ကို ကျွန်တော်တို့တွေဟာ နောက်ဆုံးထပ်မံကြည့်ခြင်းအဖြစ်နဲ့ နောက်ဆုံးထပ်မံ ကြည့်ရှုခဲ့ကြပါတယ်။ ပြီးတော့ ...နောက်ဆုံးထပ်မံအလေးပြုခြင်းအနေနဲ့ ဒုတိယအကြိမ်မြောက် ထပ်မံဦးညွှတ်ခဲ့ရပြန်ပါတယ်။
ကျွန်တော့်ဘဝမှာ မှတ်မှတ်ရရ နှစ်ကြိမ်နှစ်ခါ ဦးညွှတ်အလေးပြုခဲ့ရတဲ့ဈာပန...လို့လဲ မှတ်တမ်းတင်လိုက်ရပါတယ်။
ရင်ထဲမှာတော့ ..အထပ်ထပ်အကြိမ်ကြိမ် အခါခါပါပဲ ဆရာမကြီးရေ ...
ဝင်းတင့်ထွန်း
( ၃၀၊ ၈၊ ၂၀၁၅ )

(၂၀၁၄- မတ်လ (၈) ရက်နေ့က ကွယ်လွန်သွားခဲ့ရရှာတဲ့၊ ဆရာမကြီး ရဲဘော်ငွေ - သို့အမှတ်တရပြုချက် ဖြစ်ပါတယ်။)
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက်  တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။

မိုးမခ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar