အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၀ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၀ )
(မိုးမခ) ဇူလိုင် ၁၉ ၊ ၂၀၂၄
18/7/24
Diary in the darkness
ဒီရက်ပိုင်း အင်တာနက်က ပြတ်တောင်း ပြတ်တောင်း ဖြစ်နေ။
၁၆ ရက်နေ့က ဧလာလေဆိပ် ကို တော်လှန်ရေးတပ်သားတွေရဲ့ တိုက်ခိုက်မှုမှာ လေယာဉ် အနည်းဆုံး ၄ စင်း ပျက်စီး၊ စစ်ကောင်စီ အရာရှိနဲ့တပ်သား ၃၄ ဦး သေဆုံး။ အဆိပ်ငွေ့ဗုံးဂိုဒေါင်တွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရ။
မိုးကုတ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်။ အရပ်သား ထိခိုက်မှုတွေလည်း ပိုမိုများပြားလာ။ ရှမ်းတော၊ ဟတ်ဖလား၊ နဂါးရုံဘုရားဘက်၊ မင်းတံတား၊ စတဲ့ လူနေရပ်ကွက်တွေပေါ် လက်နက်ကြီးကျ။ မောနေယ ဘုန်ကြီးကျောင်းနောက်ဖက်မှာ စစ်တပ်က ခံတုတ်ကျင်းတူး ခံစစ်ပြင်ထားတယ်လို့ အရပ်သားတွေက ပြောပါတယ်။
၁၆ ရက်နေ့က ကြေညာထားတဲ့ လေးရက်တာ အပစ်ရပ်ရေး ကြေညာချက်ထွက်ပေါ်လာပေမယ့် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ။
စဉ့်ကူးမြို့ကိုတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဘတပြန် ကျားတပြန် သိမ်းပိုက်။ တိုက်ပွဲတွေပြင်းထန်။ အဆက်မပြတ် ဗုံးကြဲခံနေရ။ အဆိုတော် တသသ အပါအဝင် အချုပ်ထဲကထွက်ပြေးလာတဲ့ ဓာတ်ပုံတွေ လူထုကွန်ရက်ပေါ် တက်လာ။ မတ္တရာမှာ စစ်ကောင်စီလက်ရုံးတပ်တွေနဲ့ ပြည်သူ့စစ်တွေက ပြေးပေါက်ပဲ ရှာနေတယ်လို့ စစ်ကောင်စီလော်ဘီ ပေါက်ကိုယ်တော်က လူမှုကွန်ယက်မှာ ပြောပါတယ်။ တရုတ်ပိုင် အယ်ဖာ ဘိလပ်မြေစက်ရုံမှာ ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီတပ်တွေ ထွက်ပြေးကုန်ပြီ။ စဉ့်ကူးတမြို့လုံး ဗုံးကြဲခံနေရတယ် ဆိုတဲ့သတင်းတွေ တက်လာတယ်။
နောင်ချို၊ ကျောက်မဲ၊ သီပေါက် ဘက်တွေမှာလည်း စစ်တပ်က ပြန်လည်ထိုးစစ်ဆင်နေ။ မိုးမိတ်မှာတော့တော်လှန်ရေးတပ်တွေ အပေါ်စီးရနေ။ တော်လှန်တပ်သားတွေ အနိုင်ရတဲ့ သတင်းတွေ အများအပြား လူမှုကွန်ရက်ပေါ် တက်နေ။
လားရှိုးစခန်းတခု သိမ်း။ ကလေးစစ်သား အပါအဝင် စစ်ကောင်စီ စစ်ကောင်စီသုံ့ပန်း ၃၀ ဖမ်းမိ။ မိသားစုတွေ ပြန်လွှတ်ပေး။
KIO က တန်ဖိုးမဖြတ်နိုင်တဲ့ပိသာချိန် သုံးရာကျော်ရှိ ကျောက်စိမ်းအရည်ကျောက် ရရှိ။
ရခိုင်သံတွဲကိုတော့ AA က ထိန်းချုပ်ထားမိပါပြီ။ သံတွဲဟာ ရခိုင်ပြည်နယ်အတွက် ရှေးယခင်ကတည်းက အရေးပါခဲ့ပြီး မြောက်ဦးရှိ ရခိုင်ဘုရင်များက ၎င်း၏လူယုံများကိုသာ နယ်စား မြို့စားများအဖြစ် ခန့်ထားကာ စစ်တကောင်းသို့ စစ်ချီရာရန် ရခိုင်စစ်သည် အများအပြား စုဆောင်းရရှိ စေခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ ယခုခေတ်မှာလည်း စစ်ကောင်စီ မင်းဆက်များနှင့် ခရိုနီမျိုးဆက်များရဲ့ တိုက်ရာပါ၊ ခိုးရာပါ ဓနဥစ္စာများ ရင်းနှီးမြှုပ်နှံရာ နေရာတခုအဖြစ် ထင်ရှားပါတယ်။
မောင်တောဘက်မှာတော့ စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာပြီး ဘင်္ဂလားဘက်ကို စက်လှေနဲ့ ထွက်ပြေးတယ်။ ဘင်္ဂလားအစိုးရက လက်မခံလို့ စစ်ကောင်စီတပ်တွေ ပင်လယ်ထဲမှာ မျှောနေတဲ့ ပုံတွေ တက်လာတယ်။ တနေ့က ဘင်္ဂလားကို ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဘင်္ဂလားစစ်တပ်က သေနတ်နဲ့ လိုက်ပစ်တယ်၊ ဒီလုပ်ရပ်ဟာ စစ်အစိုးရက သူ့တပ်ပြေးတွေကို မိရင်ပစ်သတ်ဖို့ ဘင်္ဂလားကို ပြောထားဟန်တူတယ်လို့ စစ်တပ်လော်ဘီ တယောက်က နာနာကြည်းကြည်း အင်တာနက်ပေါ်က ပြောတယ်။ စခန်းစွန့်ခွာရင် အသေပစ်သတ်ဖို့ အမိန့်ထုတ်ထားတယ် ဆိုတဲ့ သတင်းတွေလည်း ပြန့်နေတယ်။
နေ့စဉ်ရက်စက် သတင်းဆိုးတွေပဲ ကြားနေရတော့ စိတ်တွေလည်း ကယောင်ချောက်ချား ဖြစ်လာတယ်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိဘူး။ ဒီ နေ့စဉ်မှတ်တမ်းကို အားတင်းပြီး ရေးနေရတယ်။ အရူးတစ်ယောက်ရဲ့ လက်အောက်မှာ နေရတဲ့ ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ နှောင်းလူတွေသိဖို့ပါ။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar