Breaking News

လေခဏီ - ငါတို့ခံနိုင်ရည် ၊ ငါတို့ကူညီမှု

လေခဏီ - ငါတို့ခံနိုင်ရည် ၊ ငါတို့ကူညီမှု

(မိုးမခ) ဇူလိုင် ၁၉ ၊ ၂၀၂၄

နှစ် ၇၀ ကျော် စတန်းဒတ်အာမီကြီးလည်း တိုက်ရင် ရတာပဲလို့ တကယ်တိုက်ကြည့်လိုက်တဲ့ ညီနောင်သုံးဖော်က ထုတ်ဖော်လိုက်တယ်။ ခုတော့ စတန်းဒတ်အာမီကြီးက မတိုက်လည်း ရတာပဲလို့ ဝနဲ့ SSPP က သက်သေပြလိုက်ပြန်ပြီ။ အဲဒါမြင်တော့ MNDAAက အလင်းဝင်ပေါက်ဈေးထကြေညာတယ်။ ဆယ်သိန်းကနေ သိန်းတသောင်းထိနော်။ လေယာဉ်နဲ့က ဈေးအမြင့်ဆုံးပေါ့။ AA ကလည်း သင်္ဘောသီးတလုံး သုံးကျပ်ဘာညာနဲ့ ဘယ်နေ့ သင်္ဘောပေါက်ဈေးတွေ ကြေညာမယ်မသိ။

အေးလေ တပ်ထဲမှာ အသေခံနေမယ့်အစား ထွက်ခဲ့ကြပေါ့။ လာတောင် ကြိုဦးမယ် ပြောထားသာဘဲ။ ကိုယ့်မိသားစုလေးနဲ့ကိုယ် အပူအပင်မရှိ နောက်ကျောလုံလုံနဲ့ အရှည်သဖြင့် လူလိုသူလိုရပ်တည်နေထိုင်ဖို့ အစစအရာရာ ဖန်တီးပေးတဲ့ စေတနာတွေကို အချိန်ရှိတုန်း နားလည်ကြလေ။ ဂဠုန်‌စောလက်သစ် မဖြစ်ဖို့က သိပ်အရေးကြီးတယ် မဟုတ်လား။ ကိုယ့်သားစဉ်မြေးဆက် လူရှေ့သူ့ရှေ့ထွက်ရဲဖို့ဆိုတာ မင်းအောင်လှိုင်လို စောက်ရူးမိသားစု အသက်ရှည်ဖို့ထက် အရေးကြီးတယ်လေ။ အဲကောင် မြန်မြန်သေလေ အေးလေ။ မင်းတို့ကသာ အသက်ရင်းနေတာ၊ သရေကြိုးက လစာတောင် နပ်မှန်အောင်ထုတ်ပေးချင်တာ မဟုတ်၊ သူ့သားကလဲ အသက်အာမခံကြေးထုတ်ပေးချင်တာမဟုတ်တဲ့အပြင် မိသားစုလိုက် လစ်ဖို့က ပြင်ပြီးသား။ ခု သူပြေးမယ့်ဧလာလေဆိပ်ကို ခနခန ထုပြီဆိုတော့ ဧလာဟာ သေရွာဖြစ်နိုင်သမို့ လောလောဆယ် နင်တို့ကိုပဲ ဇွတ်အသေခံခိုင်းဘို့နဲ့ ဗုံးကြဲခိုင်းဖို့သာရှိတော့တာလေ။ ဒီခေတ်မှာ သောက်အနဲ့ သောက်နကလဲ နင်တို့ဘဲ ရှိတော့တာမဟုတ်လား။ မောင်မောင်ခေါ်တုန်း ဗျာထူး သိန်းတထောင်ဆုကြီးတွေ သိန်းတသောင်းဆုကြီးတွေ ဆွတ်ခူးလိုက် ပြည်သူလည်း စိုပြေ ကိုယ်လည်း အိုကေ။ ဟိုသားအဖကတော့ သေချင်တဲ့နေရာသေပေါ့။ သူတို့မသေရင် နင်တို့သေနေရတာမဟုတ်လား။ သူများတွေလည်း နင်တို့လိုက်သတ်၊ နင်တို့ကိုလဲ သူများကသတ် သူတို့သားအဖကတော့ ကုမ္ပဏီတောင် ပတ်ထောင်နေလိုက်သေး။ 

နင်တို့သာ ရှေ့ကနေ အူကြောင်ကြောင်နဲ့ ရပ်ခံမပေးရင် ဒီငနာ ခုလို ပေါတောတောတွေလုပ် မမီမကမ်းတွေပြောနေတာ မြင်ရကြားရမှာမဟုတ်တော့ဘူး။ ခုတော့ ငပေါဒဏ် စုခံနေကြရတယ်။

သူခိုင်းလို့လုပ်လဲ သူထင်သလိုဖြစ်မလာရင် တပ်မမှူးတွေ တိုင်းမှူးတွေ တိုင်းမှူးပကုတ်ဗိုလ်ချုပ်တွေတောင် ထောင်ဒဏ် သေဒဏ်။ နင်တို့တော့ ထောင်ထဲတောင် အရောက်မခံဘူး မဟုတ်လား။ ပြည်သူ့အတွက် လုပ်တာမဟုတ်တော့လဲ ဘယ်တပည့်ကမှ ကယ်မယ် ပြုမယ်လဲ ရှိတာ မဟုတ်။ ပေးတဲ့ပြစ်ဒဏ် ငုတ်တုတ်ခံရတာပဲ။ မိသားစုကလည်း ဘယ်ဘက်ကကြည့်ကြည့် သစ္စာဖောက်။ သူရဲကောင်းဖြစ်နိုင်ပါလျက် အဖြစ်ခက်၊ အသိခေါက်ခက် အဝင်နက်၊ သတ္တိကြောင်လျက် အမှောင်ဖက်၊ မထွက်သာ အသက်ပါပေးနေကြရတာများ ရှက်စရာသွေးတွေ စီးနေတာပဲပေါ့။ ဘာရှိရအုံးမလဲ။ 

သရေကြိုးပေးတဲ့ဒုက္ခ ဆိုတာ မိခင်ဝမ်းတွင်းက သန္ဓေသားကစ ခံရတာ။ မွေးဖို့မလွယ်၊ အာဟာရပြည့်ဖို့မလွယ်၊ မွေးလာရင်လည်း ကျွေးဖို့မလွယ်၊ ကာကွယ်ဆေးထိုးဖို့ မလွယ်၊ တပြည်လုံးမလဲ ‌တီဘီ HIVလို ဆေးယဉ်ပိုးတွေ ဘယ်လောက်ပျံ့‌နှံ့နေမယ် တွက်မရ။ နောက်ထပ် နှစ်ပေါင်းဘယ်လောက် ပြန်လည်ထိန်းကျောင်း ကုသပေးရမယ်လဲ မသိ။ ဆေးမသောက်ရလို့ သေဆုံးလာသူတွေလဲရှိလာ၊ လူ့အဖွဲ့အစည်းတခုလုံး ဧရာမဝန်ထုပ်ဝန်ပိုးကြီးကို လွယ်ထားရတော့တာ။ ရှိနေတဲ့ မင်းဘေး မီးဘေး ပျူဘေး စစ်သားဘေးအပြင် ရန်သူမျိုးငါးပါးထဲမှာ ကျန်‌နေတဲ့ ရေဘေးပါ ခု ထပ်ဆိုက်လာတယ်။ ဒီခွေးသူခိုးလက်ထက်မှာဘဲ ရန်သူမျိုးငါးပါး ပြုံဆိုက်တာလေ။ ဆေးမရှိ၊ ဆေးကုစရာ မရှိ၊ ဆန်မရှိ ဆီမရှိ ဆားမရှိ။ စိုက်မရ၊ စက်ကိရိယာ လှည်း နွား မီးတိုက်ဖျက်ဆီးသတ်ဖြတ်၊ စိုက်ထားသမျှ ရေလွှမ်း။

မဲစာရင်းမှားလို့ ရွာစဉ်လှည့် လူသတ်ခိုင်းနေတဲ့ကောင်နဲ့ လူလှည့်သတ်နေတဲ့ကောင်တွေ၊ မဲစာရင်းမှားလို့ တပြည်လုံး ဗုံးပတ်ကြဲခိုင်းနေတဲ့ ကောင်နဲ့ ဗုံးပတ်ကြဲနေတဲ့ ကောင်တွေ၊ မဲစာရင်းမှားလို့ တပြည်လုံး မီးတိုက်ခိုင်းနေတဲ့ကောင်နဲ့ မီးတိုက်နေတဲ့ကောင်တွေနဲ့အပြိုင် သဘာဝကပေးတဲ့ ဒုက္ခတွေဆိုတာ တိုင်းတာမရလောက်အောင်ဘဲ။ ဒါပေမဲ့ ငါတို့ခံနိုင်ရည်နဲ့ ငါတို့ကူညီမှု၊ ငါတို့မြေယာနဲ့ ငါတို့စာနာမှု၊ ငါတို့အင်အားနဲ့ ငါတို့ကြံရည်ဖန်ရည်၊ ငါတို့ဓမ္မနဲ့ ငါတို့ယုံကြည်မှုက ဒီဒုက္ခဆိုးတွေကို တွန်းလှန်ရှင်းလင်း ဖောက်ထွင်းချီတက် ရှေ့ကို တလှမ်းပြီးတလှမ်း ထိုးထွက်နေတာပဲ မဟုတ်လား၊ အေးဆေးပါ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar