Breaking News

မာတီနာ - မြို့ပြခိုများ



မြို့ပြခိုများ
မာတီနာ
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၄

ခိုများသည် ခပ်ဖြည်းဖြည်းရွေ့လျားနေသည်။ 
အဝိုင်းအလယ်တွင်တည်ထားသော ရွှေရောင်ဖလားကြီးသည် နေရောင်အောက်တွင် ဝင်း၍နေ သည်။ ဖလားကိုဝန်းရံလျက် အတန်းလိုက်စိုက်ထားသောပန်းပင်များတွင်ခရမ်းရောင်၊ အဝါရောင်၊ အဖြူရောင်၊ ပန်းရောင် ပန်းပွင့်များဝေ၍နေသည်။ ပန်းပင်များအကြားရှိမြက်ခင်းမှာစိမ်းစိုနေပြီး ဇူလိုင်မိုးရေစက်များကြောင့် နေရောင်တွင် တလက်လက် ဖြစ်နေသည်။ ဖလားကြီးပေါ်တွင် နားနေသောကျီးကန်းသုံးကောင်သည် ဦးခေါင်းတလှုပ်လှုပ်ဖြင့် ဟိုဟိုသည်သည် ကြည့်နေသည်။ ပျဉ်းမပင်များတွင် ခရမ်းရောင် ပျဉ်းမပန်းများ၊ အစိမ်းပုပ်ရောင် ပျဉ်းမသီးကလေးများက ထိုးထိုး ထောင်ထောင်။ 
ခိုများသည် ခပ်ဖြည်းဖြည်းရွေ့လျားနေသည်။ 

အမွှေးစုတ်ဖွားဖွားနှင့် အရောင်အဆင်းမပေါ်တော့သည့် ခိုတကောင်သည် မဆလာပုံကိုနှုတ်သီးဖြင့် လှန်လှော မွှေနှောက်နေသည်။ သူ့အနားတွင် သူလိုပင်အရောင်အဆင်းရှိသောခိုတကောင်သည် မဆလာသယ်သည့် ဗန်းအနီးတွင် ရပ်နေသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် အသေးစားတိမ်ကော်စက်တစီးသည် တဒီးဒီးအသံပေးလျက် လမ်းခင်းထားသောတိမ်သားများကိုကော်ထုတ်နေသည်။ ဦးခေါင်းတခုသာဖြူနေသောခဲပြာရောင် ခိုတကောင်သည် တောင်ပံကြားတွင် စာရွက်အချို့ညှပ်ထားပြီး မြေကော်စက် ခေါင်မိုးပေါ်တွင် စီးနင်းလိုက်ပါနေသည်။ မြေကော်စက်၏နောက်ဘက်တွင် ရွှံ့များ၊ ရေများပေလူးလျက်ရှိသောခိုနှစ်ကောင်သည် တိမ်စိုင်ခဲများကိုနှုတ်သီးဖြင့် ထိုး၍ ရွှေ့နေကြသည်။  
ခိုများသည် ခပ်ဖြည်းဖြည်း ရွေ့လျားနေသည်။ 

အမွှေးအတောင် မွဲခြောက်ခြောက်နှင့် ပိန်လှီလှီဖြစ်နေသော ခိုထီး၊ ခိုမ၊ ခိုသားပေါက်များသည် လမ်းဘေးတွင် စု၍ ရပ်နေသည်။ ဝပ်လက်စခိုဥများကိုသယ်လာကာ တောင်ပံကြားတွင် ဖြစ်သလိုညှပ်ထားသောခိုမများလည်းပါသည်။ သူတို့၏ ရှေ့တွင် တလီတာရေသန့်ဗူးခွံများထည့်ထားသည့် ပလတ်စတစ် ခြင်းရောင်စုံအရွယ်စုံ၊ ပုံစံမျိုးစုံက အတန်းလိုက်ရှိနေသည်။ သူတို့၏နောက်ကျောဘက်တွင် ရှိသောဆိုင်ခန်းများမှာ ဖွင့်တချို့၊ ပိတ်တချို့။ သူတို့ အားလုံးမျက်နှာမူထားရာနေရာရှိဆိုင်ခန်းမှာလည်း ပိတ်ထားဆဲ။ ဆိုင်ခန်း၏တံခါးတွင် စားအုန်းဆီအရောင်းဆိုင်ဟုရေးထားသောအပြာရောင်ဗီနိုင်းစကို ကပ်ထားသည်။ 
ခိုများသည် ခပ်ဖြည်းဖြည်းရွေ့လျားနေသည်။ 

ဒူးရင်းသီးများသယ်လာသောခိုကြီးများ၊ နာနတ်သီးများထမ်းလာသည့် ခိုငယ်များသည် လမ်းကိုဖြတ်ကူးနေသည်။ ခြင်းတောင်းကိုတောင်ပံတွင် ချိတ်လျက်၊ တဖက်ကထီးကောက်ကိုင်ထားသောခိုမအချို့သည် နာနတ်သီးသယ်သည့် ခိုနှင့်အတူ လမ်းကိုခပ်သုတ်သုတ် ဖြတ်ကူးကြသည်။ ကြက်သားဝက်သားရောင်းသောခိုများသည် တို့သည် ဣန္ဒြေရရထိုင်၍ လမ်းပေါ်ရှိဖြတ်သွားဖြတ်လာများကိုကြည့်နေသည်။ ဆိတ်သားသည် နံဘေးတွင် ဝင်းဝါနေသောသရက်သီးများကိုစီနေသည့် ခိုတကောင် ရှိနေသည်။ ပိန်လှီနေသောခိုမတကောင်သည် မြေပေါ်တွင် ပီနန်အိတ် တခုခင်း၍ ကန်စွန်းရွက်၊ ပီလောရွက်၊ မှိုနတိုစသည့် အလေ့ကျ အရွက်အညွန့်များကို ခင်းကျင်းနေသည်။ မြီးရှည်ခိုတကောင်က ခေါင်းစည်းကြိုး၊ ကလစ်၊ ပရုတ်လုံး၊ ဘီး စသည့် တိုတိုထွာထွာကုန်ကလေးများတင်ထားသည့် တွန်းလှည်းကိုမှီ၍ရပ်နေရာမှ ခပ်ဖိုင့်ဖိုင့် ခိုကြီးတကောင်တိုးဝင်လာ၍ နေရာရွှေ့ပေးရန် ပျင်းရိပျင်းတွဲဖြင့် လှုပ်ရှားနေသည်။  ငါးသည်ခိုကြီးများက ဓားမနှင့်စဉ်းနှီးတုံးကိုတဒုတ်ဒုတ် ခုတ်သံပေးလျက် နှုတ်မှလည်းလာနော်၊ လာနော်၊ တထောင်တည်း တထောင်တည်းဟု အော်နေသည်။ ဈေးခွေးသုံးလေးကောင်သည် အသားသည်များအနီးယောင်လည်လည်လုပ်နေ သည်။ တပတ်ရစ်ငှက်မွှေးတုများရောင်းသည့် ဆိုင်ရှေ့တွင် ခိုမသုံးလေးကောင်သည် အမွှေးတုများကိုဖြန့်ကာဖြန့်ကာလုပ်၍ ကောင်းနိုးရာရာရွေးချယ်နေကြသည်။ 
ခိုများသည် ခပ်ဖြည်းဖြည်းရွေ့လျားနေသည်။ 

စက္ကူလေတံခွန်နှင့် ပစ္စည်းသယ်ပေးသည့်  ခိုဗလကြီးသည် ဘေးချင်းယှဉ်၍ ဂိတ်ထိုးထားသောစက်တပ် လေတံခွန်များကိုငေးကြည့်နေသည်။ စက်တပ်လေတံခွန်မောင်းသူခိုများသည် လေ တံခွန်ပေါ်တွင် ခွလျက်သော်လည်းကောင်း၊ ခရီးသည် ခုံတွင် ထိုင်လျက်သော်လည်းကောင်း ဖုန်းကိုယ်စီပွတ်နေကြသည်။ သူတို့၏ မွဲညစ်ညစ် နက်ပြာရောင် ကျောကုန်းပေါ်တွင် နံပါတ်တချို့နှင့် မြို့နယ် အမည်ကိုရေးထားသည်။ သူတို့၏အမြီးများ၊ တောင်ပံများသည်လည်း မွဲညစ်ညစ်။ သူတို့ ဂိတ်ထိုးထားရာနေရာရှေ့ရှိတိမ်သားလမ်းမျက်နှာပြင်သည် ကွမ်းသွေးကွက်များစွန်းပေနေသည်။ 
ခိုများသည် ခပ်ဖြည်းဖြည်းရွေ့လျားနေသည်။ 

သယ်ယူပို့ဆောင်ရေးမှတ်တိုင်တွင် အဆင်အသွေးစုံ၊ အရွယ်စုံခိုများစောင့်ဆိုင်းနေကြသည်။ သူတို့၏ တောင်ပံများတွင် ထမင်းဗူး၊ ထီး၊ စာအုပ်၊ ရေဗူးစသည်တို့ ထည့်ထားသည့် ခြင်းတောင်းငယ်၊ ဆွဲအိတ်ငယ်များဆွဲထားသည်။ တချို့ခိုများကလက်တော့ကွန်ပျူတာအိတ်၊ မိန်းမကိုင်ပိုက်ဆံအိတ် စသဖြင့် လွယ်ထားသည်။ အချို့ကကျောပိုးအိတ်များလွယ်ပိုးထားသည်။ အမွေးအတောင် အရောင်ကွဲပြားကြသော်လည်းသူတို့၏ မျက်နှာများတဖက်တည်းသို့ လှည့်၍ မျှော်ကြည့်နေကြပုံမှာနေရောင်လာရာဘက်ကိုလှည့်၍ပွင့်သည့် နေကြာပန်းများသဖွယ်။ 
ခိုများသည် ခပ်ဖြည်းဖြည်းရွေ့လျားနေသည်။ 

ခိုဖြူ၊ ခိုပြာ၊ ခိုနက်၊ ခိုကြား၊ ခိုမီးခိုး၊ အစုံပါသောခိုအုပ်သည်ဘဏ်ရှေ့တွင် တန်းစီ၍ ရပ်နေကြသည်။ အချို့ကထီးဆောင်းလျက်၊ အချို့ကယပ်တဖျပ်ဖျပ်ခပ်လျက်။ အမွေးအရောင် တောက် တောက်ပြောင်ပြောင် ရှိသည့် ခိုများပါသလိုသူလိုငါလိုသာမန်မွဲခြောက်ခြောက် ခိုများလည်းပါ သည်။ ဘဏ်လုံခြုံရေးကျီးကန်းသည်ဘဏ်ရှေ့တွင်ချထားသောသံဆူးကြိုးအဆီး အတား၏ နောက်တွင်အသင့်အနေအထားဖြင့် နားနေသည်။ဘဏ်ကားမဖွင့်သေး။ 
ခိုများသည် ခပ်ဖြည်းဖြည်းရွေ့လျားနေသည်။ 

လမ်းဘေးအအေးဆိုင်အတွင်းမှ ထွက်လာသောခိုတကောင်သည် ယိုင်တိယိုင်ထိုးဖြင့် ရွေ့လျားနေသောခိုများအကြားဖြတ်သွားရန် ကြိုးစားနေသည်။ အအေးဆိုင်အတွင်းခိုထီးအချို့ ထိုင်နေသည်။ အအေးဆိုင်ရှင်ခိုမသည် ဖွားစုပ်စုပ် အမွေးများကြားတွင် ပန်းတပွင့်ကို ထိုးပန်ထားသည်။ ဆိုင်ရှေ့တွင် ရပ်ထားသောစက်တပ်လေတံခွန်ကိုခွ၍ ရပ်နေသည့် နက်ပြာရောင်ခိုတကောင်သည် ကွမ်းတံတွေးများကိုလမ်းပေါ်သို့ ပစ်ခနဲထွေးချလိုက်သည်။ မဲနက် ဝဖြီးနေသောမြေကြွက်ကြီးတကောင်သည် စားပွဲခုံများအောက်မှ လှစ်ခနဲဖြတ်ပြေးသွားသည်။ အအေးဆိုင်၏ နံဘေးရှိကွမ်းယာဆိုင်မှာကွမ်းယာရောင်းသူခိုမလေးသည် ခုံပေါ်တွင် ကွမ်းရွက်များဖြန့်ခင်း၍ ထုံး၊ ဆေး၊ ကွမ်းသီး စသည်တို့ဖြင့် ကွမ်းယာယာနေသည်။ ခိုမလေး၏ အနားတွင် ခိုထီးအချို့ နားနေကြသည်။ ကွမ်းယာခုံ၏ ထောင့်တွင် သစ်သားတုတ်တချောင်းစိုက်ထားပြီး ထုံးချိုးများအပုံလိုက် ကပ်ကာပုံပျက် ပန်းပျက်ဖြစ်နေသည့် ထုံးအိုးကြီးရှိသည်။ ကွမ်းယာခုံသည်လည်းကောင်း၊ ကွမ်းယာအတွင်းထည့်သည့် ပစ္စည်းအမယ်များထည့်သည့် ဗူးများပုလင်းငယ်များသည်လည်းကောင်း ထုံးစက်များဖြင့် ညစ်ပေ ၍ နေသည်။ နှုတ်သီးတွင် ဆေးရုံသုံးရာဘာအစွပ်ကိုစွပ်ထားသည့် ကွမ်းယာရောင်းသူခိုမလေးသည် နှပ်ထားသောဆေးရွက်ကြီးများကိုနှုတ်သီးဖြင့်နှိုက်ကာကွမ်းယာများထဲသို့ လိုက်ထည့်နေသည်။ 
ခိုများသည် ခပ်ဖြည်းဖြည်းရွေ့လျားနေသည်။ 

ဦးခေါင်းအဖြူရောင်၊ နက်ပြာရောင်အမြီးနှင့် ကက်ဦးထုပ်ဆောင်းထားကာခိုယောင်ဆောင်ထားသောကျီးကန်းနှစ်ကောင်သည် တိမ်လမ်းဘေးတွင် ရပ်နေသည်။ ခပ်လှမ်းလှမ်းတွင် သူတို့လိုအရောင်တူသော်လည်း ကက်ဦးထုတ်မပါသည့် ကျီးကန်းသုံးကောင်ကလမ်းတဖက်မှလာသောခိုများကိုတားနေသည်။ သူတို့ သုံးဦးရပ်နေသောနေရာအနီးမှကုက္ကိုပင်ပေါ်တွင်လက်နက်ကိုင်ကျီးကန်းတကောင်သည် နားနေပြီးစူးရှသောမျက်လုံးများဖြင့် စောင့်ကြည့်နေသည်။ ကုက္ကိုပင်နံဘေးရှိပျဉ်းမပင်ပေါ်တွင် နောက်ထပ်လက်နက်ကိုင် ကျီးကန်းနှစ်ကောင်က တရွေ့ရွေ့သွားနေသောခိုများကို ကြည့်နေသည်။ ကျီးကန်းတကောင်၏ နှုတ်သီးတွင် အသားတစ်တခုကိုကိုက်ချီထားသည်။ 
ခိုများသည် ခပ်ဖြည်းဖြည်းရွေ့လျားနေသည်။ 

မာတီနာ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar