နေပြည်တော်သိမ်းအောင် - အတုသံသရာထဲက ရုန်းမထွက်နိုင်ကြတဲ့သူတွေ
နေပြည်တော်သိမ်းအောင် - အတုသံသရာထဲက ရုန်းမထွက်နိုင်ကြတဲ့သူတွေ
(မိုးမခ) ဇူလိုင် ၁၉ ၊ ၂၀၂၄
၂၀၁၂ ခုနှစ်လောက်က အမေရိကန် ဆီးနိတ်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာရလဒ်တခုကို သွားသတိရမိတယ်။ အမေရိကန်စစ်တပ်မှာ အသုံးပြုနေတဲ့ လျှပ်စစ်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေဟာ အတုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကော်မတီဖွဲ့ ပြီး နှစ်ချီစစ်ဆေးမှုက သုံးစွဲနေတဲ့ အမျိုးအစား ၁,၈၀၀ ကျော်မှာ ဒီလို ပစ္စည်း အတုတွေ တွေ့ရှိခဲ့တာပါ။ ဘယ်နိုင်ငံကလုပ်တယ်ဆိုတာ ထည့်ပြောဖို့ လိုအပ်ပါ့မလား။
ဒီလိုဆိုမှတော့ ကြက်ဥအတု၊ ဟင်းခတ်မှုန့်အတုတို့ကအစ ကလေးနို့မှုန့်တု အလယ်၊ ငှက်ဖျားဆေးလို မကြံကောင်း မစည်ရာ အသက်ကိုအန္တရာယ်ပြုနိုင်တဲ့ ဆေးဝါးတွေအထိ နိုင်ငံငယ်လေးတွေမှာ တွေ့ရကြုံရတာ အဆန်းလို့ ဘယ်လိုလုပ် ပြောနိုင်ပါ့မလဲ။
ဒီဇိုင်နာပစ္စည်းမျိုးစုံ၊ တန်ဖိုးကြီး အမှတ်တံဆိပ်မျိုးစုံတို့လည်း ဒီလို အတုလုပ်ကြတာကို အလူးအလဲ ခံကြရတာပါ။ နာမည်ကြီး ရှားပါးပန်းချီကားတွေလည်း အလွတ်ပေး မခံရပါဘူး။ အခုဆိုရင် နေအတု၊ လအတုတို့ကိုတောင် စမ်းသပ်နေကြပြီ၊ ဒါကတော့ ပိုထင်ရှားအောင် စကားအဖြစ် ထည့်ပြောရတာ၊ အကောင်းဘက်နွယ်တဲ့ သုတေသနလည်း ဖြစ်နိုင်ပါတယ်။
ကဲ ဒီတော့၊ ကြိုက်တာသာ လက်ညှိုး ညွှန်လိုက်၊ အတုမရရအောင် လုပ်ပြမယ်လို့တောင် စိန်ခေါ်ရဲတဲ့ နိုင်ငံကြီး၊ အတုအယောင်တွေနဲ့ လုံးလည်ပတ်ချာ လိုက်နေတဲ့ နိုင်ငံကြီးလို့ပဲ ဆိုရတော့မှာပေါ့။
အခု နောက်ဆုံးပေါ် အတုကိစ္စကတော့ ရွှေမြန်မာတို့နဲ့ တိုက်ရိုက်သက်ဆိုင် လာပါတယ်။ ဘေးအိမ်မှာ စိတ်မသက်သာစရာတွေ မြင်နေရတော့ အိမ်နီးချင်းကောင်း ပီသချင်သူကြီးက၊ တမျိုးပြီးတမျိုး လုပ်လာနေတာ သတင်းတွေမှာ တွေ့ရတယ်။
တရုတ်ကွန်မြူနစ်ပါတီက စကစဆီမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ လေးခုကို လာရောက်ဖို့ ဖိတ်ကြားလိုက်ပါသတဲ့။ ဘယ်ပါတီတွေလဲလို့ ကြည့်လိုက်တော့ ရှေ့ဆုံးက ပါတီနံမည်က အရပ်သားစစ်စစ်လို တုပပြီး၊ ယူနီဖောင်း အသာလဲ၊ ပြည်သူတရပ်လုံးကို ကိုယ်စားပြုသလို ဟန်ပြလုပ်ထားတဲ့ ပါတီတုကြီး ဖြစ်နေတယ်။
ပြည်သူ့ဆန္ဒ အစစ်အမှန်ကြောင့် ခွက်ခွက်လန်အောင် မဲရှုံးကြတဲ့နောက်၊ မဲစာရင်းမမှန်၊ မဲခိုးမဲလိမ် စွပ်စွဲချက်အတုတွေ ကိုယ်တိုင်လည်းပြော၊ သံယောင်လည်းလိုက်ကြပြီး ပြည်သူအစစ်အမှန်တွေနဲ့ ဆန့်ကျင်ရာဘက်ဆီကို ပိုပိုရောက်သွားကြတဲ့ နိုင်ငံရေးပါတီတု။
နောက်ပါတီကျပြန်တော့လည်း ၈၈ မျိုးဆက်တွေ၊ စစ်အာဏာရှင် ဆန့်ကျင်ကြသူတွေကို ကိုယ်စားပြုသလိုလို တုပထားတဲ့ ပါတီတုတခု ဖြစ်နေပြန်ရော။ စစ်ဆိုရင် ရေကိုတောင် စစ်မသောက်ချင်ရာကနေ အခုတော့ စစ်ဖိနပ်နံ့သင်းတဲ့ လမ်းအိုလေးမှာမှ ပါးလေးမှေးတင်ပြီး အိပ်မောကျချင်စရာလို့ ပြောင်းလဲသွားကြတဲ့သူတွေ။
အဲဒါကြောင့် ပြောကြတာပေါ့၊ ‘လာရာကို မကြည့်နဲ့ လားရာကိုပဲကြည့်’ ဆိုတာ။ လာရာကိုသာ ကြည့်ရရင်တော့ တလျှောက်လုံး အာဏာရှင်ဆန့်ကျင်ရေး လုပ်ခဲ့တဲ့ ကိုကိုးကျွန်းပြန်၊ ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်တဖြစ်လဲ အခုကျတော့ အာဏာသိမ်းချိန်ကစပြီး နိုင်ငံတော်အဆင့်
နကစအဖွဲ့ဝင် လုပ်နေသူကြီးရဲ့ ဓာတ်ပုံကို နေ့တိုင်း အရင် ဦးညွှတ်ကြပြီးမှ တော်လှန်ရေးစကား ပြော၊ တော်လှန်ရေးအလုပ် လုပ်ကြရမလိုတောင် ဖြစ်နေလိမ့်မယ်။ ဘာတွေ လုပ်ခဲ့တယ် ဆိုတာထက် ဘာတွေကို ဆက်လုပ်နေတယ် ဆိုတာက ပိုအရေးကြီးတာကိုသက်သေပြလိုက်တာပါပဲ။
နောက်ပါတီ ၂ ခုကျပြန်တော့ ကိုယ့်တိုင်းရင်းသားထုကို ကိုယ်စားပြုသယောင်တုထားတဲ့ တိုင်းရင်း သားပါတီတု ၂ ခုဖြစ်နေပြန်ရော။ နိုင်ငံအရှေ့ခြမ်းက ပါတီက သူတို့တိုင်းရင်းသားလူမျိုးတွေ အင် တိုက်အားတိုက် ထောက်ခံတဲ့ပါတီ မပါဝင်တဲ့ ရွေးကောက်ပွဲမျိုးကျမှ အမတ်နေရာတွေရပြီး သူတို့ကပဲ ကိုယ်စားပြုပါတီ ဖြစ်သယောင်ယောင်နဲ့ အတုက အစစ်ဟန် လုပ်ပြတဲ့ပါတီတု။
နိုင်ငံအနောက်ခြမ်းက ပါတီကျပြန်တော့လည်း သူတို့ဌာနေတိုင်းရင်းသားတွေ တခဲတနက်ထောက် ခံကြတဲ့ တော်လှန်ရေးအင်အားစုကြီး သိမ်းထားလိုက်နိုင်တဲ့ ကြယ်ငါးပွင့်ဟိုတယ်ကြီးတွေ ရှေ့နားကနေ၊ ပါတီရင်ထိုး တံဆိပ်လေးတပ်ပြီး ခိုးကြောင်ခိုးဝှက်တောင် ဖြတ်မလျှောက်ရဲတဲ့ပါတီတု။
အင်းလေ၊ နိုင်ငံ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ဘယ်လို အလှမ်းဝေးကြပေမယ့် ကိုယ့်တိုင်းရင်းသားအများစုကို ကိုယ်စားမပြုဘဲ ပြုသယောင် လှည့်ဖြားလိုတဲ့ အ ခါမှာတော့ ပါတီတုတွေက ဒီလိုနေရာမှာ နီးကပ်သွားပြန်ရော။
အဲဒီလို အတုတွေနဲ့ လုံးချာလိုက် ၊ ပြည်သူကိုကိုယ်စားပြုသယောင် ဟန်ဆောင်ထားတဲ့ ပါတီတုတွေကို လှမ်းဖိတ်တဲ့ နိုင်ငံကြီးက တာဝန်နှစ် စေ့လို့ ပြန်တော့မယ့် သံအမတ်က ရွေးကောက်ပွဲအတု ကျင်းပနိုင်ရေးကိစ္စ၊ စကစ ခေါင်းဆောင် ဝန်ကြီးချုပ်အတုနဲ့ ဆွေးနွေးတယ်ဆိုတာ ဘာများဆန်းတာမှတ်လို့။
လုပ်မယ်ဆိုရင်တောင် တနိုင်ငံလုံးမှာလည်း လုပ်ခွင့်ရမှာ မဟုတ်သလို၊ လုပ်ခွင့်ရတဲ့ နေရာတွေမှာလည်း၊ ပြည်သူ့ ဆန္ဒအစစ်အမှန် ဖော်ထုတ်ပြသနိုင်မှာမဟုတ်တဲ့ ရွေးကောက်ပွဲအတုကို ရေးကြီးခွင်းကျယ် လုပ်ပြနေတာကတော့ လက်တွေ့မကျသလို စိတ်ကူးယဉ်ဆန်လွန်းပါတယ်။
အဲဒီလို စိတ်ကူးယဉ်ဆန်ဆန်သာ ချပြရစတမ်း ဆိုရင် တခြားပြောလို့ ရတဲ့နည်းလမ်းတွေ ရှိတာပေါ့။ စိတ်ကူးယဉ်လို့သာ ပြောတာပါ၊ နိုင်ငံတကာမှာ လက်တွေ့ကျင့်သုံးကြပါတယ်။
ပြောရရင် အလွန်အရေးကြီးတဲ့ နိုင်ငံတခုရဲ့ လွတ်လပ်ရေးအတွက်တောင် အသုံးပြုပါတယ်။ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆိုတာပေါ့။
ယူဂိုဆလားဗီးယားတို့၊ ဆိုဗီယက်ယူနီယံတို့ကနေ တိုင်းပြည်တွေ ခွဲထွက်ပြီး လွတ်လပ်ရေးယူခါနီးမှာ လုပ်ခဲ့ကြပါတယ်။
အခု နေ့စဉ်လိုလို သတင်းမပြတ်ဖြစ်နေတဲ့ ယူကရိန်းလည်း ၁၉၉၁ ခုနှစ်မှာ လုပ်ခဲ့တာပဲ။ အဲဒီနှစ်ထဲမှာ ဆန္ဒခံယူပွဲလုပ်ပြီး သီးခြားနိုင်ငံ ဖြစ်လာကြတဲ့ တိုင်းပြည်တွေက အများအပြားပါ။
တံခါးဖွင့်လိုက် ပိတ်လိုက် လုပ်နေတဲ့ ကုလသမဂ္ဂလည်း ဝင်ပါတာတွေ ရှိပါတယ်။ ဥပမာ ဘာရိန်းနိုင်ငံ။ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂကြီးကြပ်အတည်ပြုမှုနဲ့ ဆန္ဒခံယူပွဲလုပ်၊ လွတ်လပ် ရေးယူခဲ့တာမျိုးပေါ့။ အရှေ့ တီမော လွတ်လပ်ရေးတုန်းကလည်း ကုလသမဂ္ဂ အစီအစဉ်နဲ့ပါပဲ။
လွတ်လပ်ရေးကိစ္စက ရှင်းခနဲ မြင်နိုင်လို့ ဥပမာ ပေးလိုက်တာ၊ နိုင်ငံတခုရဲ့ ပြည်သူလူထုကြီး ပါဝင်ဆုံးဖြတ်ဖို့ လိုအပ်တဲ့ အရေးကိစ္စတွေမှာလည်း ဆန္ဒခံယူပွဲ နည်းလမ်းကို သုံးကြတာပါပဲ။
‘ရက်စ်နဲ့ နိုး’ မဲပေးပြီး လက်ခံ၊ မခံ သဘောထားပေးကြတာပေါ့။
ဒီတော့ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံကြီးက မြန်မာနိုင်ငံအတွက် အမှန်တကယ် စိတ် ကောင်းစေတနာထားပြီး ရေရှည်တည်ငြိမ်ရေးကို ရှေးရှုဆောင်ရွက်လိုတယ်ဆိုရင်တော့ အထက် က ဥပမာပြခဲ့သလို ကုလသမဂ္ဂ အစီအစဉ်နဲ့ ဆန္ဒခံယူပွဲတခုပြုလုပ်ဖို့ ကမကထ အဆိုပြုပေးပေါ့။
ဆန္ဒခံယူပွဲ မေးခွန်းဆိုတာက တမျိုးမက ထည့်သွင်းလို့ရပါတယ်။ ဆိုပါတော့ မြန်မာ့နိုင်ငံရေးမှာ စစ်တပ် လုံးဝ ပါဝင်ပတ်သက်မှုမရှိရေး ဆိုတဲ့ မေးခွန်းပေါ့၊ ပြည်သူတွေက သဘောတူပါသည်၊ မတူပါ ဖြေကြ။ အများစုကမှ စစ်တပ် ဆက်ပါစေချင်တယ်ဆို သေတပန် သက်တဆုံး အုပ်ချုပ်ကြပေတော့။
ဘာကန့်ကွက်ဖို့ ရှိမှာလဲ။ မေးခွင့်ရှိရင်တော့ နောက်မေးခွန်းမှာ အသွင်ကူးပြောင်းရေးကာလ တရားစီ ရင်ရေးကို လိုက်နာကြဖို့ဆိုတာ ထပ်ဖြည့်လိုက်ဦးမယ်။ အဲဒီကျမှ ကိုယ့်လည်ပင်း ကိုယ်ပြန်စမ်းပြီး ထမင်းအိုးလေး တည်ပါရစေဦး လာမလုပ်ကြနဲ့။
ဆန္ဒခံယူပွဲရလဒ်က ပြည်သူ့ဆန္ဒအမှန်ကို ထင်ဟပ်စေပါတယ်။ စိတ်ကူးယဉ်ဆန်ကောင်း ဆန်ပေမယ့်ရွေးကောက်ပွဲအတုထက်တော့ လက်တွေ့ပိုကျတယ်။ ကုလသမဂ္ဂ အစီအစဉ်နဲ့ ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒကောက်ယူလိုက်၊ နည်းပညာ၊ ငွေကြေး၊ ကြားဝင်ကြီးကြပ်နိုင်တဲ့အရင်းအမြစ် များစွာရှိတဲ့အဖွဲ့ကြီးပဲ၊ လုပ်လို့ မရနိုင်စရာမရှိပါဘူး။ စေတနာအရင်းခံပြီး နိုင်ငံ ရေးစိတ်ဆန္ဒ ရှိဖို့သာ လိုတာ။ သွေးထွက်သံယိုလည်းနည်း၊ ပြည်သူတွေ ဘာဖြစ်ချင်ကြတာ ဆိုတာလည်း တကမ္ဘာလုံး သိသွားကြတာပေါ့။ ဒီရလဒ်ကြောင့် နေ့ချင်းညချင်း အပြောင်းအလဲတွေ ဖြစ်မလာနိုင်လဲ၊ မြန်မာပြည်သူတွေရဲ့ဆန္ဒ အားလုံးသိသွားကြတာက တကယ်ကြီးမားတဲ့ အကျိုးအမြတ်ပါ။
ရေးတဲ့သူ လက်ညောင်း၊ ပြောတဲ့သူ မောကြတာပဲ အဖတ်တင်မှာပါ။ အတုသံသရာထဲက ရုန်းမထွက်နိုင်တဲ့ နိုင်ငံကြီးဆိုတော့၊ ရွေးကောက်ပွဲအတု၊ ကြားဖြတ်အရပ်သားအစိုးရအတု၊ ငြိမ်းချမ်းရေးအတုတွေနဲ့ သူ့ကိုယ်ကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ချင်နေမှာ သေချာတယ်။
အင်းလေ၊ ဒီမိုကရေစီအတု၊ လူ့အခွင့်အရေးအတုတွေနဲ့ မောင်းနှင်လည်ပတ်နေတဲ့ နိုင်ငံ ဆိုတော့လည်း ဒီလိုပဲ အတုအချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့နေကြရှာမပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar