Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၃ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၃ )

(မိုးမခ) ဇူလိုင် ၂၉ ၊ ၂၀၂၄

29/7/24

Diary in the darkness 

မနေ့က UWSA  ဝ တပ်တွေ စစ်ကားကြီးတွေအစီအရီနဲ့ လားရှိုးမြို့ထဲကို အခန့်သားဝင်လာပါတယ်။ တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ် နှစ်တပ်စလုံးနဲ့ညှိနှိုင်းပြီး ဝင်လာတာလို့ သိရတယ်။အကြောင်းပြချက်က ဝ ဆက်ဆံရေးရုံးကို ကာကွယ်ဖို့သာ ဖြစ်တယ်လို့ သိရတယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ဘယ်သူ့ဘက်မှပါဝင်တိုက်ခိုက်မှာမဟုတ်ဘူးလို့လည်း ကြေညာထားပါတယ်။ နောက်ဆက်တွဲရလဒ်ကတော့ လားရှိုးကို စစ်ကောင်စီဘက်က ဗုံးကြဲရပ်သွားတယ်။ မြို့လူထုသက်သာရာ ရသွားပါတယ်။ 

MNDAA အတွက် မြို့ပြအုပ်ချုပ်ရေးထူထောင်ဖို့ အခွင့်သာသွားပါတယ်။ စစ်ကောင်စီအတွက်တော့ မရှုမလှစစ်ရှုံးနေရတဲ့အခြေအနေမှ ပြန်လည်နာလန်ထူဖို့ ပြင်ဆင်ချိန်ရသွားပါတယ်။ ဝ တပ်ရဲ့နောက်ကွယ်မှာ တရုတ်ရှိနေတော့ မြန်မာပြည်ကို တရုတ်က သေနတ်တချက်မဖော်က်ဘဲ သိမ်းတော့မှာလားလို့ စိုးရိမ်သူတွေလည်း ရှိပါတယ်။ တဖက်ကလည်း တော်လှန်ရေးဟာ မြေပြန့်အထိမရောက်တော့ပဲ ရှမ်း၊ ရခိုင် ၊ ချင်း စတဲ့ တိုင်းရင်းသားနယ်မြေတွေမှာပဲ ရပ်တန့်တော့မှာလားလို့ ပူပန်သူတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် လတ်တလောစစ်ရှိန်လျှော့ကာ လူထု အသက်ရှူချောင်သွားတာက အမြတ်ပါ။

ထို့အတူ မိုးကုတ်မှာလည်း TNLA နဲ့ တော်လှန်ရေးတပ်သားတွေ မြို့ပြအုပ်ချုပ်ရေးကို ထူထောင်ဖို့အချိန်ရသွားတယ်။ တော်လှန်ရေးတပ်‌တွေ မြို့ထဲဝင်လာစဉ်မှာ လူထုက ရှမ်းအိုးစည်တီး၊ ပျိုပျိုအိုအို ကိုကို မမ တို့က အောင်သပြေပန်းနဲ့ ကြိုခဲ့ကြတဲ့ ရုပ်သံ‌တွေ ပလူပျံခဲ့တယ်။ မိုးကုတ်သူ မိုးကုတ်သားတို့ကို တပြည်လုံးက အားကျခဲ့ကြတယ်။ ထို့အတူ စစ်ကောင်စီက ဗုံးကြဲတော့မှာပဲလို့ စိုးရိမ်ခဲ့ကြတယ်။ ခုတော့ စစ်ကောင်စီဟာ မြို့ကို ဗုံးကြဲ ဖျက်ဆီးဖို့ အခွင့်မသာတော့။ ကံကောင်းတာလား၊ တော်လှန်ရေးဗျူဟာ ကောင်းတာလား တော့မသိပါ။  

တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ စဉ့်ကူးမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်တွေလည်း အရှုံးများ ရင်ဆိုင်နေကြရတယ်တဲ့။

ကရင်ပြည်နယ်ဘက်ကို စစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းလည်း ဒေါနတောင်တန်းကို မကျော်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း စစ်သတင်း‌တွေမှာ ဖော်ပြနေကြတယ်။

အရှေ့တောင်အာရှမှာ အင်းအားကြီးတပ်မတော်ကြီးလို့ အသိအမှတ်ပြုခံထားရတဲ့ မြန်မာတပ်မတော်ကြီးဟာ ခုလို မရှုမလှ စစ်ရှုံးနေရတာ ဘာကြောင့်လဲ။ 

အင်အားကြီးတယ်ဆိုတာ ဘာလဲ။ လူအင်အားတွေ တိုးပွားများပြားတာလား။ နယ်မြေပိုင်ဆိုင်မှုတွေများပြားတာလား။ ရုပ်ဝထ္ထုတွေ တိုးပွားများပြားတာလား။ ခေတ်မီနည်းပညာတွေ ပိုင်ဆိုင်ထားတာလား။ တကယ်တော့ အဲဒါတွေအပြင် ကိုယ်ကျင့်တရား၊ စည်းကမ်း၊ တရားမျှတမှု စတဲ့ အရာတွေ၊ အနုထည် (soft power ) တွေကိုပါ တပြိုင်တည်း တိုးပွားပိုင်ဆိုင်ထားမှသာ အင်အားကြီးမားတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။ မြန်မာ့တပ်မတော်ကြီးဟာ စည်းကမ်းမရှိ၊ တရားမျှတမှုမရှိ၊ ကိုယ်ကျင့်တရားတွေလည်း မရှိတော့။ ဟန်သာရှိပြီး အဆံမရှိတဲ့ တပ်မတော်ကြီးဖြစ်နေ တာကြာပါပြီ။ ဒါကြောင့် အခုလို အချိန်တိုတွင်း ကျဆုံးသွားရတာပါ။ မြန်မာ့တပ်မတော်ကြီးဆီက ကျနော်တို့ လက်နက်တွေ နယ်မြေတွေ သာမက သင်ခန်းစာတွေကိုပါ ရလိုက်ကြပါတယ်။ 

တနည်းဆိုရရင် တော်လှန်ရေးတပ်တွေဟာ စစ်ကောင်စီ ဆီက မြို့တွေ တမြို့ပြီး တမြို့ သိမ်းမိရုံမက  သင်ခန်းစာတွေ တခုပြီးတခုကိုလည်း သိမ်းပိုက်ရရှိလိုက်ကြပြီ ဖြစ်ပါတယ်။ 

စစ်မှန်တဲ့ အင်အားတွေနဲ့ စစ်မှန်တဲ့ အောင်ပွဲတွေက ပြည်သူတွေကို စောင့်ကြိုနေပါတယ်။

အန်ကယ် တူမီး

-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar