ကောင်းဇေလူ - အာဆီယံအဖွဲ့အနေနဲ့ မြန်မာပြည်သူတို့ရဲ့ တရားဝင်ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် ဆက်ဆံဖို့ လိုပြီ
အာဆီယံအဖွဲ့အနေနဲ့ မြန်မာပြည်သူတို့ရဲ့ တရားဝင်ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက် ဆက်ဆံဖို့ လိုပြီ
ကောင်းဇေလူ
(မိုးမခ) ဇူလိုင် ၂၉ ၊ ၂၀၂၄
လာအိုနိုင်ငံ Vientiane မြို့မှာ ကျင်းနေပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအပြင်၊ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား စတဲ့ အာဆီယံရဲ့ မိတ်ဘက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးများလည်း တက်ရောက်နေကြကြောင်း သိရတယ်။ လက်ရှိလာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် မပြုပေမဲ့ နိုင်ငံခြားရေး အတွင်းဝန် ဦးအောင်ကျော်မိုးနဲ့ အဖွဲ့ကို တက်ရောက်ခွင့်ပေးထားတယ်။ ဒီအနေ အထားအရ အာဆီယံအဖွဲ့ဟာ အကြမ်းဖက် စစ်ကောင်စီအပေါ် သံယောဇဉ်မပြတ်သေးတာ တွေ့ရတယ်။
လက်ရှိ မြန်မာပြည်တွင်းက စစ်ပွဲသတင်းတွေအရ လူထုထောက်ခံမှု လုံး၀ မရတဲ့ စစ်ကောင်စီဟာ လူထုကို ရန်သူသဖွယ် သဘောထားပြီး ရွာတွေမီးရှို့ ၊ ပြည်သူ့အိမ်ရာတွေကို ဖောက်ထွင်းလုယက်၊ စာသင်ကျောင်းတွေ ဘာသာရေးအဆောက်အအုံတွေကို ဗုံးကြဲတိုက်ခိုက်၊ ကလေးသူငယ်တွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေအပါအ၀င် ပြည်သူတွေကို သတ်ဖြတ်နေရုံမက၊မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်နေတဲ့အထိ ရမ်းကာနေတာ တွေ့ရတယ်။ ဒီအခြေအနေကို ကြည့်ရင် စစ်အုပ်စုဟာ စစ်ရာဇ၀တ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ထင်ရှားနေတယ်။
ပြည်သူကို ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အာဆီယံက သံ ယောဇဉ်မပြတ်သေးတာဟာ မြန်မာပြည်သူတွေရဲ့ စစ်ဘေးသင့်နေမှု၊ အိုးခြေအိမ်ခြေမဲ့နေမှု၊ အစာ ရေစာ ခေါင်းပါးမှု စသည်တို့ကို မျက်ကွယ်ပြုရာရောက်တယ်။ စစ်ကောင်စီရဲ့ နေ့စဉ်ရက်ဆက် အကြမ်းဖက်မှုများနဲ့ အခြားရာဇဝတ်မှုများအကြောင်းကို အာဆီယံနိုင်ငံကိုယ်စားပြု သံတမန်များအနေနဲ့ ရှုတ်ချပြောဆိုမှု လုပ်တာမျိုး မတွေ့ရပေ။
မြန်မာတိုင်းရင်းသား အရပ်သားများကို မြန်မာစစ်တပ်ကအဓိကပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ၃ နှစ်အတွင်း လူဦးရေရေ သန်းကျော် နေရပ်အိုးအိမ်များကို စွန့်ခွာထွက်ပြေးနေကြရတယ်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် ကြည့်ပါက လူနေရပ်၀န်းများအပေါ် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း ရာပေါင်းများစွာ ရှိနေပြီလို့ သတင်းတွေအရ သိရတယ်။ ဘုန်းကြီးကျောင်း/ခရစ်ယန်ဘုရားကျောင်း/စာသင်ကျောင်း/ဆေးရုံ/စျေး/ဟိုတယ်/လူနေရပ်ကွက်/ကျေးရွာ တခုခုအပေါ် သို့ စစ်တပ်က ဗုံးမကြဲတဲ့နေ့ တနေ့မျှ မရှိသေးပေ။ ပြည်သူက စစ်တပ်ကို မထောက်ခံရကောင်းလားဟု ရန်ငြိုးဖွဲ့ကာ လေကြောင်းတိုက်ခိုက်မှု လုပ်နေတဲ့ သဘောဖြစ်တယ်။
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကြေကွဲဖွယ်ကောင်းကြောင်း လာအိုနိုင်ငံမြို့တော် Vientiane မှာ ကျင်းပနေတဲ့အာဆီယံစည်းဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဇူလိုင် ၂၇ ရက်နေ့က ပြောကြားခဲ့တယ်။ အမေရိကန်နဲ့ အီးယူနိုင်ငံများအနေနဲ့ နှုတ်ထွက်စကားအရထက် လက်တွေ့ ထိရောက်တဲ့ နိုင်ငံရေးအထောက်အကူတွေ ပေးသင့်ပြီလို့ ယူဆပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပြင်ပဆွေးနွေးပွဲတွေမှာ မြန်မာ့အရေးနဲ့ ပတ် သက်ပြီးဆွေးနွေးကြရာမှာ စစ်ကောင်စီအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင် အထည်ဖော်ဖို့ အာဆီယံဝန်ကြီးတွေက တိုက်တွန်းတယ်လို့ ဆိုတယ်။ ဒါကိုကြည့်ရင် အာဆီယံအဖွဲ့ဟာ မြန်မာပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ဒုက္ခအမျိုးမျိုးကို စာနာမှု နည်းပါးကြတာ တွေ့ရတယ်။ ပြဿနာရဲ့ အရင်းအမြစ်က စစ်အာဏာရှင်စနစ်ဆိုတာ ထင်ထင်ရှားရှား မြင်နေကြပါလျက်နဲ့ မသိကျိုးကျွံပြုနေကြတယ်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အောင်ပွဲခံသွားမှာကို တရုတ်နဲ့ အာဆီယံနိုင်ငံတွေ လိုလာကြပုံ မပေါ်ဘူးလို့ ပြောရမလိုဖြစ်နေတယ်။ ဒါကြောင့် အာဆီယံဟာ တရုတ်နည်းတူ စစ်အာဏာရှင်ကို နိုင်ငံ ရေးစင်မြင့်ပေါ် ပြန်တက်နိုင်အောင် ပရိယာယ်အမျိုးမျိုးနဲ့ ကူညီနေကြသလားလို့ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဘာအဖြေမှမထွက်နိုင်တဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းဆိုတဲ့ မျက်လှည့်ပွဲကို ထပ် တလဲလဲ တိုက်တွန်းတောင်းဆိုနေကြပုံဟာ တော်တော် စိတ်ပျက်စရာ ဖြစ်တယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က မြန်မာ့အရေးအဖြေရှာဖို့ ဒေသတွင်းအာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း မြန်မာစစ်ကောင်စီဘက်က စေ့စပ်ဆွေးနွေးလိုစိတ်မရှိတဲ့အပေါ် ဇူလိုင်လ ၂၅ ရက်နေ့က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ကြောင်း ဗွီအိုအေ သတင်းအရ သိရတယ်။
တချိန်တည်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီအနေနဲ့ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လုံးဝငြင်းပယ်ဖို့နဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ကြိုးပမ်းတိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူလူထုကို အားပေးထောက်ခံဖို့ အာဆီယံကို တိုက်တွန်းနေတယ်။
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပနေတဲ့ (၅၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင် ၂၇ ရက်မှာ သဘောထားထုတ်ပြန်ရာမှာ အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လုံးဝငြင်းပယ်ဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်။ အာဏာသိမ်းထားတာ ၃ နှစ်ကျော်ရှိလာပြီဖြစ်တဲ့ စစ်ကောင်စီက ၂၀၂၄ ခုနှစ်မှာ ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကောက်ဖို့နဲ့ ၂၀၂၅ မှာ အထွေထွေ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ဆောင် ရွက်နေတာတွေ့ရတယ်။ စစ်အုပ်စုကကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး တရားဝင်စေဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ အခြေအနေတွေကိုပိုမိုရှုပ်ထွေးစေပြီး၊ ဒေသတွင်း တည်ငြိမ်မှုနဲ့ လုံခြုံမှုတွေကို ပိုမိုပျက်ပြားစေလိမ့်မယ်လို့ NUG ကဆိုတယ်။
NUG က အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ဖို့တိုက်တွန်းထားတယ်။ အာဆီယံအနေနဲ့ ပိုမိုအားကောင်းတဲ့ ချဉ်းကပ်မှုနည်းလမ်းတရပ် ရှာဖွေဖော် ထုတ်ရေး၊ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိစေရေး သံတမန်ရေးအရ ဖိအားပေးမှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြောင်း သိရတယ်။
ဒီ့အပြင် အာဆီယံအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားနဲ့ အရပ်ဘက်အဖွဲ့အစည်း မိတ်ဖက်တွေကို မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုရဲ့ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့၊ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးဖို့ ဂျက် လေယာဉ်လောင်စာဆီ အရေးယူ ပိတ်ဆို့မှု လုပ်ဖို့၊ စစ်ဘေးရှောင် ထွက်ပြေးခိုလှုံလာသူတွေကို လက်ခံ ကာကွယ် စောင့်ရှောက် ကူညီပေးဖို့၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့ စတာတွေလည်း NUG က တောင်းဆိုထားကြောင်း ဒီဗွီဘီသတင်းအရ သိရတယ်။
အာဆီယံအနေနဲ့ တရုတ်အစိုးရရဲ့ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်လိုမှု သဘောထားအပေါ် ထောက်ခံမှာ သေချာပါတယ်။ အကြောင်းကတော့ အာဆီယံကိုယ်တိုင်က ဘာမူဝါဒမှ တိတိကျကျ မရှိတဲ့အတွက် ဖြစ်တယ်။ စစ်ကောင်စီက မျက်ကွယ်ပြုထားတဲ့ အာဆီယံမူ ၅ ရပ်ကိုပဲ တရားသေ ဆုပ်ကိုင်ထားတာက လွဲလို့ တခြားအကြံကောင်း အစီအစဉ်ကောင်းလည်း အာဆီယံမှာ ရှိပုံ မရပါ။ တရုတ်အစိုးရအနေနဲ့ ညီနောင် ၃ ဖွဲ့ကို စစ်ပွဲရပ်ဖို့ ဖိအားပေးပြီး၊ ငြိမ်းးချမ်းရေး ဆွေးနွေးစေဖို့ကိစ္စ တွန်းအားပေးနေတယ်။ ဒါပေမဲ့ လက်တွေ့မြေပြင်အခြေအနေအရ စစ်ကောင်စီဘက်က အပစ်ရပ်စာချုပ်တွေကို ချိုးဖောက်ခဲ့တာ ထင်ရှားနေတယ်။
ဒါကြောင့် မြန်မာ့နွေဦးတော်လှန်ရေးရဲ့ မဏ္ဍိုင်အဖွဲ့တွေဖြစ်တဲ့ MNDAA/TNLA/AA ညီနောင်သုံးဖွဲ့၊ KNU၊ KIO/KIA၊ CNF၊ KNDF၊ စသည်တို့ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ PDF အဖွဲ့များ၊ NUG ၊ CRPH အစရှိတဲ့ အဖွဲ့ပေါင်းစုံရဲ့ သွေးစည်းညီညွတ်မှုအင်အားဟာ မျက် မှောက် တော်လှန်ရေးအောင်မြင်မှုအတွက် ပင်မရေစီး ဖြစ်တယ်။ အရေးအကြီးဆုံးအချိန်မှာ သွေး စည်းညီညွတ်မှု အခိုင်မာဆုံးအနေအထားကိုပြသကြရမယ်။ တရုတ်ရဲ့ စွက်ဖက်မှုကို လိမ်မာပါးနပ်စွာ ရှောင်ရှားပြီး ပြည်ထောင်စု လွတ်မြောက်ရေးကို ပစ်မှတ်ထား ဆက်လက်ဆောင်ရွက်ကြဖို့လိုတယ်။ အာဆီယံက NUG နဲ့ CRPH အပါအဝင် တခြား တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့ ထိတွေ့ဆက်ဆံလာအောင် သံတမန်ရေးထိုးစစ် မြှင့်တင်ကြဖို့လည်း ကြိုးပမ်းကြရမယ်။
တရုတ်အစိုးရရဲ့ မြန်မာ့အရေး ရပ်တည်ချက်က ဒေသတည်ငြိမ်ရေးအကြောင်းပြချက်နဲ့ စစ်ပွဲတွေ ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲလုပ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအောက် ပြန်၀င်ရေး၊ သူ့ကိုယ်ကျိုးစီးပွားအတွက် မင်းအောင်လှိုင် စစ်အုပ်စု သက်ဆိုးရှည်ရေး စသဖြင့် ဖြစ်တယ်။ အာဆီယံကလည်း အာဆီယံမူ ၅ ချက်အရ စစ်ပွဲရပ်ပြီး ဆွေးနွေးရေးလုပ်ကြဖို့ပါပဲ။ လိုရင်းပြောရရင် တရုတ်နဲ့ အာဆီယံဟာ မြန်မာပြည်သူတွေ သေကျေအနာတရ ဖြစ်နေတာကို အရေးမစိုက်ပါဘူး။ နွေဦးတော်လှန်ရေး အောင်မြင်မှုကို မလိုလားပါဘူး။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားလာရင် မြန်မာ့သယံဇာတတွေနဲ့လူသားအရင်းအမြစ်တွေကို အလွယ်တကူ နှိုက်စားလို့ မရတော့မှာကို စိုးရိမ်နေပုံပါပဲ။ ဒါကြောင့် တရုတ်နဲ့ အာဆီယံဆီက မြန်မာ့နိုင်ငံရေး ဒီမိုကရေစီဘက် အရွေ့ဖြစ်ပေါ် ရေးအတွက် ဘာအကူအညီမှ မမျှော်လင့်သင့်ပါ။ မြန်မာ့နွေဦးတော်လှန်ကတဆင့် ဒီမိုကရေစီတိုက်ပွဲတွေ သူတို့ နိုင်ငံတွေဆီ ကူးစက်လာမှာကို စိုးရိမ်နေကြပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်နဲ့ အာဆီယံ နိုင်ငံအချို့ရဲ့ နိုင်ငံရေး ထောင်ချောက် (ပိုနေမြဲ ကျားနေမြဲ ဖြားယောင်းမှု) အတွင်း မဝင်မိဖို့ တိုင်းရင်းသားတွေ အချင်းချင်း သတိပေးနှိုးဆော်ကြဖို့လိုပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးအောင်မြင်ဖို့ အတွက် ပြည်သူလူထုတရပ်လုံး သွေးစည်းညီညွတ်ကြရမှာ ဖြစ်တယ်။ "ပြည်သူတွေမှာ ပြည်သူတွေပဲ ရှိတယ်" ဆိုတဲ့ အသိစိတ်ဓာတ် ခိုင်ခိုင်မာမာဆုပ် ကိုင်ပြီး သွေးကြွေးကို မဆွေးနွေးဘဲ ဆက်လက်တိုက်ပွဲဝင်ကြမှသာ စစ်အာဏာရှင် အမြစ်ပြုတ်ပေလိမ့်မယ်။
လက်ရှိ နွေဦးတော်လှန်ရေးတိုက်ပွဲ၀င်နေသူ မျိုးဆက်သစ်တွေဟာ စစ်လိုလားသူတွေ မဟုတ်။ "ငြိမ်းချမ်းရေး"အတွက် လက်နက်ကိုင်တိုက်ပွဲ၀င်နေသူတွေ ဖြစ်တယ်။ တော်လှန်ရေးအတွက် အသက်တွေ၊ ဘဝတွေ၊ အိပ်မက်တွေကို စွန့်လွှတ်ပေးဆပ်သွားခဲ့ကြတဲ့ မျိုးဆက်သစ် လူငယ်ရဲဘော်အပေါင်းရဲ့ ယုံကြည်ချက်တွေကို သစ္စာမဖောက်ဖျက်မိကြဖို့လည်း သန္နိဋ္ဌာန်ချသင့်တယ်။ တော်လှန်ရေး လမ်းခုလတ်မှာ တရုတ် ဖိအားကြောင့် ဆုတ်ဆိုင်းမနေသင့်။ ပန်းတိုင်အရောက် လက်တွဲမဖြုတ်စတမ်း ဆက်လက်ချီတက်ကြစေလိုတယ်။
တော်လှန်ရေးရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နဲ့အညီ ဒီမိုကရေစီရေး၊ တိုင်းရင်း သားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝအာမခံမယ့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်စရး အားစိုက်ကြဖို့ လိုတယ်။ ဒါမှသာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံး အကောင်အထည်ဖော်တည်ဆောက်ရေး လမ်းစပေါ်လာမှာ ဖြစ်တယ်။ သံပူခိုက်မှာ အား စိုက်ထုနှက်ကြဖို့ ဆုတ်ဆိုင်းနေခဲ့ရင် အနာဂတ်ခရီးမှာ နောင်တရစရာတွေ ဖြစ်လိမ့်မယ်။ တော်လှန်ရေးအောင်ပွဲနဲ့အတူ ပြည်သူများက စစ်ကောင်စီကို အနိုင်ရမှသာ မြန်မာနိုင်ငံ ကျဆုံးနိုင်ငံ အဖြစ်က ကင်းလွတ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar