Breaking News

ဆောင်းဝေ (နတ်မောက်) - ဟစ်တလာ နဲ့ ချာလီချက်ပလင်

ဟစ်တလာ နဲ့ ချာလီချက်ပလင်
ဆောင်းဝေ (နတ်မောက်)
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၄

ပန်ချီဆရာဖြစ်ချင်တဲ့တစ်ယောက်က
အာဏာရှင်ဖြစ်သွားတယ်
ရုပ်ရှင်မင်းသားဖြစ်ချင်သူတစ်ယောက်က
ဟာသသရုပ်ဆောင်ဖြစ်သွားတယ်။

အာဏာဟာ သေနတ်ပြောင်းဝက လာတယ်။
ဟာသတွေက နှလုံးသားက လာတယ်။

တစ်ယောက်က စစ်ကို လိုလားတယ်
တစ်ယောက်က အချစ်ကို လိုလားတယ်။

တစ်ယောက်က မပျော်အောင်လုပ်တယ်
တစ်ယောက်က ပျော်အောင်ထားတယ်။

နှုတ်ခမ်းမွေးချင်းတေ့ာ တူသယောင်ရှိတယ်
နှလုံးသားကတေ့ာ တူသယောင်ယောင် မရှိဘူး။

တစ်ယောက်က သူ့ကိုယ်သူ သတ်သေသွားတယ်
တစ်ယောက်က ပျော်စရာရုပ်ရှင်တွေ ထားခဲ့တယ်။ 

တစ်ယောက်က ပျော်ရွှင်မှု ဆန့်ကျင်ရေး
တစ်ယောက်က စစ်ဆန့်ကျင်ရေး။

ဂျာမနီဟာ လူတစ်ယောက်ကြောင့် ဂုဏ်ရည်ပျက်ခဲ့တယ်
ကမ္ဘာမြေဟာ လူတစ်ယောက်ကြောင့် ရယ်ရွှင်ခဲ့ရတယ်။ ။

July, 13, 2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar