Breaking News

ရှမ်းမြောက်က တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးကို သိမ်းယူဖို့ ရည်မှန်းချက်ထားတဲ့ တိုက်ပွဲစတင်

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၄

ရှမ်းမြောက်က တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးကို သိမ်းယူဖို့ ရည်မှန်းချက်ထားတဲ့ တိုက်ပွဲစတင် 

ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ကျောက်မဲမြို့၊ မိုးကုတ်၊ နောင်ချိုတို့မှာ တိုက်ခိုက်နေပြီး လားရှိုးမြို့ကိုတော့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ MNDAA က တိုက်ခိုက်ဖို့ တာဝန်ခွဲဝေယူထားတဲ့ သဘောမျိုး တွေ့လာရပြီး ဒုတိယအကျော့ စစ်ဆင်ရေး စတင်ပြီး တပတ်ကျော် အကြာမှာ လားရှိုးမြို့ အနီးပတ်ပတ်လည်မှာ တိုက်ပွဲတွေစတင် ဖြစ်ပွားလာနေတဲ့ သတင်းတွေ တွေ့လာရတာ ဖြစ်ပါတယ်။ 

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ လားရှိုးမြို့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အုပ် ချုပ်ရေး အရရော၊ ကုန်သွယ်မှုအရပါ အချက်အချာမြို့ တမြို့ဖြစ်ပြီး မန္တလေး ပြင်ဦးလွင် ကနေ နယ်စပ် မူဆယ်၊ ချင်းရွှေဟော်တို့ ကိုဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိနေတဲ့ မြို့တမြို့ဖြစ်ပါတယ်။ 

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ အချက်အချာမြို့ကြီး ဖြစ်သလို ရှမ်းမြောက်ဒေသရဲ့ တရားဝင်ရော တရားမဝင်လုပ်ငန်းတွေပါ လားရှိုးမြို့က ဆုံရပ်လို ဖြစ်ပြီး ရှမ်း၊ ပလောင်၊ ကချင်၊ ကိုးကန့် နဲ့ ဗမာ အစရှိတဲ့ လူမျိုးစုတွေ နေထိုင်ကြတဲ့ မြို့လည်း ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသမှာ တခုထည်းသော ခရီးသည်တင်လေယာဥ်ကွင်းရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးက ရရှိတဲ့ အကောက်အခွန်၊ ရှမ်းမြောက်တခွင် မှာ စိုက်ပျိုးထုတ်လုပ်ကြတဲ့ ဘိန်း၊ မက်သာအက်ဖီတမင်း ဆေးပြားတွေ သယ်ဆောင်ရာ၊ ဖလှယ်ရာ အချက်အချာ နေရာလည်း ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမ အကျော့မှာ မြို့တွေ တပ်ရင်းတွေကို မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ တိုက်ိခုက်သိမ်းယူမှုတွေ လားရှိုးမြို့ ဆီမရောက်လာမီမှာ အပစ်ရပ်သဘောတူညီချက်ကို တရုတ်နိုင်ငံရဲ့ တိုက်တွန်းမှု၊ ဖိအားပေးမှုနဲ့ လုပ်ဆောင်ခဲ့ကြရပြီး မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ပထမအကျော့က သိမ်းယူထားတဲ့ မြို့တွေကို တည်ငြိမ် စိတ်ချရအောင် ထားရှိပြီး အခု ဒုတိယအကျော့မှာ နောက်ထပ် နယ်မြေတွေတိုးချဲ့သိမ်းယူမယ့်သဘောမျိုး ရည်မှန်းချက်ထားရှိတာ ထင်ရှားနေတာ ဖြစ်ပါတယ်။ မြောက်ပိုင်း ၃ ဖွဲ့အနေနဲ့ ဘာရည်ရွယ်ချက်ထားရှိသလဲ ဆိုတာနဲ့ ပတ်သက်လို့ စတင်တိုက်ခိုက်ပြီး တပတ်ကျော် ကြာမြင့်လာသည့်ထိ ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် ရှမ်းမြောက်ရဲ့ မြို့နဲ့ နယ်မြေဒေသတွေကိုတိုက်ခိုက်ရာမှာ ခွဲဝေထားကြတာ ထင်ရှားစွာတွေ့မြင်နေရပါတယ်။ 

စစ်ကောင်စီအနေနဲ့တော့ ရှမ်းမြောက်က တိုင်းစစ်ဌာနချုပ်ရှိတဲ့ လားရှိုးမြို့ကို လေကြောင်းနဲ့ မြေ ပြင်က ခုခံကာကွယ်ဖို့ ပြီးခဲ့တဲ့ ၅လ ၆လ ဝန်းကျင်အတွင်း ပြင်ဆင်ထားတယ်လို့ ယူဆရပေမယ့် လားရှိုးနဲ့ ပြင်ဦးလွင်၊ မန္တလေး တို့ရဲ့ အကြားမှာ ပထဝီနယ်မြေအရရော၊ နယ်မြေ စိုးမိုးထိန်းချုပ်မှုအရပါ အလှမ်းကွာလွန်းပြီး လားရှိုးက ထီးထီးချည်း ရှိနေတယ်လို့ ထင်မြင် ယူဆစရာလည်း ရှိနေတာဖြစ်ပါတယ်။ ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးကာလကပင်လျှင် ရှမ်းမြောက်ရဲ့ အစွန်နယ်စပ်ဒေသတွေဆီ မြေပြင်ကစစ်ကူကောင်းမွန်စွာပေးပို့နိုင်ခြင်းမရှိခဲ့သလို အခု ဒုတိယအကျော့ အခြေ အနေမှာလည်း တမြို့နဲ့ တမြို့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေ တံတားတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က သို့မဟုတ် စစ်ကောင်စီဘက်ကဖျက်ဆီး ဖြတ်တောက်ထားကြတာမို့ မြေ ပြင်ကစစ်ကူ ထပ်မံပို့ဆောင်ဖို့ အခက်အခဲ စိမ်ခေါ်မှုတွေရှိနေတာ အသေအချာဖြစ်ပါတယ်။ 

ဒုတိယအကျော့ စစ်ဆင်ရေး စတင်ပြီး ရက်အနည်းငယ်အတွင်းမှာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တို့ရဲ့ တစိတ်တပိုင်း သို့မဟုတ် တမြို့လုံးကို TNLA လက်နက်ကိုင် အဖွဲ့က သိမ်းယူထားပြီး ဖြစ်ကာ စစ်ကောင်စီရဲ့ တပ်ရင်းစခန်းတချို့လည်း သိမ်းခံရပြီးဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

အခုအချိန်မှာ လားရှိုးမြို့သိမ်းတိုက်ပွဲတွေဖြစ်ပွားလာမယ်ဆိုတာ အငြင်းပွားစရာမရှိလောက်အောင် သေချာလာနေပြီး ခုအချိန်မှာတော့ သောင်းနဲ့ချီတဲ့ မြို့ခံလူထု အနေနဲ့ အခြားမြို့တွေဆီ ထွက်ပြေး တိမ်းရှောင်ဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ မြို့အနီးအနားက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်တွေနဲ့ MNDAA ဦးဆောင်ပါဝင်တယ်လို့ ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေတိုက်ပွဲစတင်ဖြစ်ပွားလာနေချိန်မှာပဲ မြို့နဲ့ မြို့နဲ့ကပ်လျက်ရှိနေတဲ့ တပ်ရင်းတွေ၊ စစ်ဌာနချုပ်တွေကိုပစ်မှတ်ထားတဲ့ပစ်ခတ်မှုတွေရှိလာနေပြီး အရပ်သားနေအိမ်၊ အဆောက် အဦတွေကို ထိမှန်ပြီး အသက်ဆုံးရှုံးမှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။ 

ဇူလိုင် ၃ ရက်နေ့က လားရှိုးမြို့ လူနေရပ်ကွက်တခုက နေအိမ်တအိမ်ပေါ် ရှော့တိုက်ဒုံးလို့ အများပြောဆိုကြတဲ့လက်နက်ကျရောက်ပြီး မိသားစုတစုတည်းက လူ ၆ ဦး သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ထမင်းစားဖို့ လုပ်နေကြစဥ် နေအိမ်ပေါ် ရှော့တိုက်ဒုံး ကျရောက်ခဲ့တာကြောင့် တနေရာထည်း မိသားစုဝင် ၆ ဦးထိမှန် သေဆုံးခဲ့တယ်လို့သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ 

လားရှိုးမြို့မှာ နေထိုင်ကျန်ရစ်သူ အများအပြားရှိနေပြီး လက်ရှိအနေအထားမှာ လူထုတွေအနေနဲ့ အခြားမြို့ကို ပြောင်းရွှေ့ တိမ်းရှောင်လိုရင်တောင် မြို့အဝင်အထွက်တွေကို ပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။ 

တမြို့နဲ့ တမြို့ဆက်သွယ်ထားတဲ့လမ်းတွေမှာလည်း တံတားကျိုးတာ၊ မြေသားတွေ မြေထိုးစက်နဲ့ တူးပြီး ပိတ်ဆို့ထားတာတွေကြောင့် မြို့ခံလူထုအနေနဲ့တော့ အခြားရွေးချယ်စရာနည်းလမ်းမရှိဘဲ လားရှိုးမြို့ထဲမှာပဲ အသက်ရှင်သန်အောင်နေထိုင်ကြရမယ့်အနေအထားဖြစ်ပါတယ်။ 

လူဦးရေသောင်းနဲ့ချီ ရှိနေသေးတဲ့ လားရှိုးမြို့ကို သိမ်းယူဖို့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့အနေနဲ့ ဘယ်လိုစစ်ရေးအရ မဟာဗျူဟာ ချမှတ်ပြီး ဆောင်ရွက်မယ် မသိပေမယ့်၊ လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေအကြား၊ စစ်ကောင်စီဘက်က တုံ့ပြန်တိုက်ခိုက်နိုင်တဲ့လေကြောင်းတိုက်ခိုက်မှုတွေအကြားမှာ အရပ်သားသေဆုံးမှုတွေ အခြားသောမြို့တွေထက် ပိုမိုများပြားလာနိုင်ချေရှိနေတာ ဖြစ်ပါတယ်။ လာမယ့်ရက်အနည်းငယ် သီတင်းပတ်တွေအတွင်း အရှိန်မြင့်လာမယ့် လားရှိုးမြို့သိမ်းယူမယ့်တိုက်ပွဲအတွင်း မြို့နေလူထုရဲ့ ထိခိုက်ဒဏ် ရာရမှု အသက်ဆုံးရှုံးမှုကံကြမ္မာက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လူထုအပေါ် ဘယ်လောက် အလေးထား ညှာတာမှုရှိသလဲ ဆိုတဲ့ အချက်အပေါ်မှာ အဓိကမူတည်နေတာ ဖြစ်ပါတော့တယ်။

-


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar