ဆလိုင်းနံရံ - သာမန်နေ့များ
သာမန်နေ့များ
ဆလိုင်းနံရံ
(မိုးမခ) ဇူလိုင် ၄၊ ၂၀၂၄
ခင်ဗျားတို့ဘဝကိုဘယ်မှာ အဆုံးသတ်ချင်ကြသလဲ။ ဒါမှမဟုတ် ရှင်သန်ရတဲ့အခိုက် ဘယ်မှာနေချင်ကြသလဲ။ ဘယ်လိုမျိုးရှင်သန်ချင်ကြသလဲ။ တနေ့နေ့တော့ အားလုံးကသေကိုသေကြမှာလေ။ ရှင်သန်ခြင်းအခိုက်အတန့်အတွက် စဉ်းစားကြရတဲ့အတွေးကလေးပါပဲ။ ဒီအကြောင်းစတွေးဖြစ်တာကတော့ ချင်းနဲ့ကချင်တွေဆိုရင် ပတ်စ်ပိုစ့်လုပ်မပေးတော့ဘူးဆိုတဲ့သတင်းကလေး ဖတ်မိတဲ့နေ့က စခဲ့တယ်။ ကောလဟာလတွေသိပ်များ ဘာကိုယုံရမှန်းတောင်မသိရတဲ့ခေတ် ကာလကြီးပါ။ သတင်းတွေကတော့ အသစ်အဆန်းမရိုးရအောင် ကောလဟာလတွေတက်တက်နေတာပါပဲ။
တိ/မွေးကုတက္ကသိုလ်ဝင်ခွင့်ဖြေတုန်းက ရခိုင်ကနေလာတဲ့သားအဖနဲ့ အိမ်အတူငှားခဲ့ကြတယ်။ ကျွန်တော်တို့ချင်းအဖွဲ့တွေနဲ့ ရခိုင်ဦးလေးကြီးက တလနီးပါးအတူနေခဲ့ကြတော့ တော်တော်ရင်းနှီးခဲ့ကြပါတယ်။ ဝင်ခွင့်စာမေးပွဲတွေဖြေပြီးပြန်ခါနီးကျတော့ ကျွန်တော်တို့ကိုဘဝအတွက်မှာချင်တာရှိတယ်ဆိုပြီး ပြောလာပါတယ်။ အဲ့ဒီတုန်းသူ့ပုံစံက လေးလေးနက်နက်ဆိုတော့ သူပြောတဲ့စကားကို အခုထိမှတ်မိနေဆဲ၊ တွေးမိနေဆဲဖြစ်တုန်းပဲ။ သူပြောခဲ့တာက "ခင်ဗျားပျော်ရွှင်နေချိန်မှာတော့ မင်းဘေးနားမှာလူတွေအများကြီးရှိလိမ့်မယ်၊ ဒါပေမယ့် မင်းငိုချိန်မှာတော့ မင်းအနားမှာ ဘယ်သူမှရှိမှာမဟုတ်ဘူး" တဲ့။ သူထပ်ခါထပ်ခါ အဲ့ဒီစကားကိုရေရွတ်ပြီးပြောသွားခဲ့တယ်။ ဘာလို့လဲဆိုပြီး ကိုယ်ကိုတိုင်အတွက်တွေးတာကတပိုင်း၊ သူများပျော်ရွှင်ချိန်၊ ငိုကြွေးချိန်တွေမှာ၊ လွယ်လွယ်ပြောရရင် သူများဘဝအပေါ်မှာ ကျွန်တော့်ရဲ့ ရှိခြင်း၊ မရှိခြင်းကိုပါတွေးကြည့်မိတယ်။
In youth we learn, In age we understand ဆိုတဲ့စာသားလေးကို သဘောကျတယ်။ ဘဝမှာလုပ်ရင်းကိုင်ရင်း နေရင်းထိုင်ရင်း ကြားရင်းဖြစ်ပျက်ရင်း ကြုံကြိုက်ရင်း ရင်ဆိုင်ရင်း ကျော်လွှားရင်း ကျရှုံးသွားရင်း အသက်ကလေးကြီးကြီးလာရင်း နားလည်လာတာတွေ အများကြီးရှိတယ်။ နားမလည်သေးတာတွေလည်း အများကြီးရှိတယ်။ ငယ်ရွယ်တဲ့ဒီကာလမှာတော့ လုပ်တတ်လို့လုပ်တယ်ဆိုတာ သိပ်မရှိဘူး၊ လုပ်ချင်လို့လုပ်တာတွေပဲများတယ်။ လုပ်ရင်းနဲ့ သင်သွားသလိုမျိုးဖြစ်တယ်။ လုပ်ရင်းသင်ရင်း အချိန်တွေရွေ့ရွေ့လာပြီး အသက်ရွယ်အလိုက် နားလည်လာကြတဲ့အရာလေးတွေရှိတယ်။
ကျွန်တော်အလုပ်ကလေးတခုရပြီး အဲ့ဒီအလုပ်နဲ့ပတ်သက်ပြီး ခရီးသွားရတယ်။ ဖြစ်ချင်တော့ အဲ့ဒီခရီးက ကျွန်တော့်အဖေနဲ့အသက်တူတဲ့ဦးလေးနဲ့ တခန်းတည်းအတူနေရတယ်။ အဲ့ဒီတုန်းက ကျွန်တော်စိတ်ထဲတွေးနေခဲ့တဲ့အလုပ်တခု အကောင်အထည်ဖော်ဖို့ စလုပ်မယ့်အချိန်ဖြစ်နေခဲ့တယ်။ ကျွန်တော့်စိတ်ကူးကို အဲ့ဒီဦးလေးကိုပြောပြီး အကြံတောင်းခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော်လိုချင်တာ၊ မေးတာကိုမပြောပြပဲ( ဘယ်လိုလုပ်ပါ၊ ဘာလုပ်ပါဆိုတာကို ကြားချင်ခဲ့တာ) သူပြောပြခဲ့တာက အလုပ်လုပ်ရင် Attitude နဲ့ Skill က အရေးကြီးဆုံးပဲတဲ့။ ကျန်တာထွေ ထွေထူးထူးပြောခဲ့တာမရှိဘူး။ Attitude နဲ့ Skill ဒါပဲ။
စိတ်ကုထုံးလုပ်နေတဲ့ကျွန်တော့်ဆရာက ပြောပြဖူးတဲ့စကားတွေထဲ ကျွန်တော်စိတ်ထဲတော်တော်စွဲတဲ့အရာတခုရှိတယ်။ စကားလုံးအတိအကျနဲ့တော့ မမှတ်မိပေမယ့် နားလည်တာက ကျွန်တော်တို့ပတ်ဝန်းကျင်က အရူးလို့သတ်မှတ်သူတွေဟာ အရူးမဟုတ်ဘူးတဲ့။ သူတို့က သူတို့အတွေးသူတို့ကမ္ဘာလေးနဲ့ သူတို့နေနေတာတဲ့။ အရူးဆိုတာကသူများကိုမကောင်းစိတ်ရှိတာ၊ မကောင်းလုပ်တဲ့လူကမှ အရူးလို့ပိုခေါ်သင့်တယ်တဲ့။ ဟုတ်တယ်၊ ဘာလို့ကိုယ့်ဟာ ကိုယ်နေရင်း သူများဘဝအပေါ်မကောင်းစိတ်ရှိတာလဲ၊ ဖျက်လိုဖျက်ဆီးစိတ်ရှိတာလဲ၊ ရူးလို့လားလို့ပဲ တွေးမိတော့တယ်။ တလောကလုပ်တဲ့ Business panel Discussion တခုမှာစီးပွားရေးသမားတယောက်ကပြောတာ သူများအပေါ် မကောင်းစိတ် လုံးဝမထားပါနဲ့တဲ့။ သူထွေထွေထူးထူးပြောတာ သိပ်မရှိဘူး။ ဒါပေမယ့် သူပြောတာက ကျွန်တော့်ဆရာပြောတာနဲ့ ခပ်ဆင်ဆင်ဖြစ်နေခဲ့တယ်။ သူတပါးအပေါ် မကောင်းစိတ်ထားမရှိရဘူးတဲ့။
အရင် St.Joseph Cathedral ရဲ့ကျောင်းထိုင်ဆီဘုရားကျောင်းလူငယ်တွေ သွားလည် လေ့ရှိကြတယ်။ အဲ့ဒီဘုန်းကြီးက လူငယ်တွေစိတ်ထဲရှိတာတွေမေးကြ၊ ငြင်းကြ လုပ်ခွင့်ပေးလေ့ရှိတယ်။ အကိုတယောက်ကမေးခဲ့တာလေး စိတ်ထဲမှတ်မိနေတယ်။ ခရစ်ယာန်တွေမှာအရေးကြီးဆုံးက ဘာဖြစ်မလဲတဲ့။ ဘုန်းဘုန်းပြန်ဖြေခဲ့တာက ယုံကြည်ခြင်း၊ နာခံခြင်းနဲ့ ချစ်ခြင်းမေတ္တာတဲ့။ ဖန်ဆင်းရှင်ကို တကယ်စိတ်ထဲကယုံကြည်ရမယ်၊ သူဟောပြောသွန်သင်တာတွေ တကယ်လိုက်နာရမယ်၊နောက်ဆုံးက ချစ်ခြင်းမေတ္တာထားရမယ်တဲ့။ သခင်ယေရှုရဲ့အကြီးမြတ်ဆုံးပညတ်ကလည်း ချစ်ခြင်းမေတ္တာလို့ သိထားခဲ့တယ်။ ခရစ်ယာန်ဖြစ်ခြင်းရဲ့အမွန်မြတ်ဆုံးအရာက ချစ်ခြင်းမေတ္တာတရားရှိရေးလို့ စိတ်ထဲမှတ်သွင်းခဲ့တယ်။
ကျွန်တော်တောက်လျှောက်တွေးလာတာက ဘဝနေထိုင်နည်းတရားတွေမှာ ဘယ်ဟာအမှန်လဲ၊ ဘယ်တရားကျင့်ကြံပြီး နေထိုင်ရမလဲ၊ ဘယ်လိုရှင်သန်ရမလဲဆိုတာတွေပါပဲ။ အခုထိလည်းလက်တွေ့ဘဝမှာကြုံကြိုက်နေတဲ့အရာတွေကိုလည်း ဒီလိုပေတံတွေချည်းနဲ့ တိုင်းတာဖို့ပဲတွေးနေတုန်း။ ဒါပေမယ့် သတင်းမှာတွေ့လိုက်ရတာက ချင်း၊ ကချင်တွေကို နိုင်ငံခြားထွက်ခွာခွင့်အတွက် လုပ်ရတဲ့စာအုပ်ကလေး လုပ်ခွင့်မပေးတော့ဘူးဆိုတဲ့ သတင်း။ ကောလဟာလလည်း ဖြစ်ရင်ဖြစ်မယ်။ ကျွန်တော့်ကိုစိတ်ဝင်စားစေတာက ကျွန်တော့်ဘဝနဲ့ဆက်စပ်တဲ့အတွေ့အကြုံတချို့ကြောင့်ပါပဲ။
ဖွံ့ဖြိုးတဲ့နိုင်ငံတွေဆီသွားကြတဲ့သူတွေကိုကြည့်ရင် အလုပ်အကိုင်အတွက်နဲ့ ပညာသင်ကြားရေးအတွက်က အများဆုံးဖြစ်မယ်။ ခင်ဗျားတို့ဘဝကို ဘယ်မှာအဆုံးသတ်ချင်ကြသလဲ။ ဒါမှမဟုတ်ရှင်သန်ရတဲ့အခိုက် ဘယ်မှာနေချင်ကြသလဲ။ ဘယ်လိုမျိုး ရှင်သန်ရှင်ချင်ကြသလဲ။ တနေ့နေ့တော့ အားလုံးက သေကိုသေကြမှာလေ။ ရှင်သန်ခြင်းအခိုက်အတန့်အတွက် စဉ်းစားကြရတဲ့အတွေးကလေးကို ပြန်စဉ်းစားတယ်။ ကျွန်တော်တို့က နိုင်ငံခြားဘွဲ့ရပညာတတ်တွေ ဖြစ်လာနိုင်တယ်။ နိုင်ငံခြားမှာအခြေချတဲ့ကောင်တွေ ဖြစ်ရင်ဖြစ်လာနိုင်တယ်။ နိုင်ငံခြားပြန်ကောင်တွေ ဖြစ်ရင်ဖြစ်လာမယ်။ ဘာဘွဲ့မှမရလိုက်တဲ့ဘဝတွေလည်း ဖြစ်နိုင်တာပဲ။ နိုင်ငံခြားမသွားနိုင်ပဲ ဒီနိုင်ငံလေးမှာနေနေလိုက်ရတဲ့ဘဝလည်းဖြစ်သွားနိုင်တာပဲ။ စိတ်ကူးအတိုင်း လျှောလျှောရှူရှူဖြစ်ရင်ဖြစ်မယ်၊ င်မထားတာတွေအများကြီးလည်း ဖြစ်သွားနိုင်သေးတယ်။ အိပ်မက်တွေကအိပ်မက်တွေပါပဲလေ။ အဲ့သလိုအချိန်၊ အခြေအနေမျိုးမှာ ကျွန်တော်တို့ဘယ်လိုအတွေးအခေါ်၊ စိတ်ဓါတ်တွေနဲ့ ရှင်သန်ခြင်းကို ရှေ့ဆက်ကြမလဲ။ ဉပမာ နိုင်ငံခြားကိုသွားဖို့အသည်းအသန်ဖြစ်နေချိန်မှာ ပြည်ပထွက်ခွင့်ပိတ်လိုက်ကြတဲ့သတင်းမျိုး ကြားလိုက်ချိန်မှာပေါ့။ ဒါမှမဟုတ်ကိုယ်တိုင်ကြုံလိုက်ရတဲ့အချိန်မှာပေါ့။ ကျွန်တော်တောက်လျှောက်တွေးလာတယ်လို့ပြောသလို ဘဝနေထိုင်နည်းတရားတွေမှာ ဘယ်ဟာအမှန်လဲ၊ ဘယ်တရားကျင့်ကြံပြီး နေထိုင်ရမလဲ၊ ဘယ်လိုရှင်သန်ရမလဲ။ အခုထိလည်း လက်တွေ့ဘဝမှာကြုံကြိုက်နေတဲ့အရာတွေကိုလည်း ဒီလိုပေတံတွေချည်းနဲ့ တိုင်းတာဖို့ပဲ တွေးနေခဲ့သလို ထင်မထားတာတွေဖြစ်လာခဲ့ရင် ထင်ထားတဲ့အတိုင်းဖြစ်လာခဲ့ရင် ဘာဖြစ်မလဲ။ လောကဓံတရားကိုတော့ ကျွန်တော်တို့ပြောဖို့ နည်းနည်းခက်တော့ ကျွန်တော်တို့ရှင်သန်ပုံရှင်သန်နိုင်နည်းတရားကိုတော့ ရှာဖွေဖို့လိုတယ်။
ဆက်စပ်မှုတွေအကြောင်းတရားများကတော့ အများကြီးပါပဲ။ အထူးသဖြင့် အနု ပညာသမားတော်တော်များများကတော့ ဉပမာသိပ်ပေးလို့ကောင်းရဲ့။ အာဏာသိမ်းပြီးသုံးလေးနှစ်မှာပဲ သူတို့ဆန့်ကျင်ခဲ့ကြတဲ့သူတွေရှေ့ ရွံစရာဖျော်ဖြေရေးစင်မြင့်တွေပေါ် အသုံးတော်ခံနေကြတာကိုး။
ဟေ့ကောင် ကိုဘလိုင်းထီးဆိုင်(သူတို့ပေးတဲ့နာမည်) ဒီညနေမင်းအိမ်ပြန်လို့ရပြီဆိုတဲ့အသံက နားထဲက ဒီနေ့ဒီချိန်ထိမထွက်သေးဘူး။ ခဏအထဲထိန်းသိမ်းခံရချိန်မှာတော့ ခန္ဓာကိုယ်က ဘာထိခိုက် ဒဏ်ရာရတာ မဖြစ်ခဲ့။ စာကလေးဖတ်လိုက်၊ ကော်ဖီလေးသောက်လိုက်နဲ့ကုန်ဆုံးခဲ့တာပါပဲ။ ဒါပေမယ့် တကယ့်တကယ်မှာတော့ လူငယ်တယောက်အနေနဲ့မက်ခဲ့တဲ့အိပ်မက် ပျက်စီးသလိုခံစားရတယ်။ အခုကာလက လူငယ်တော်တော်များများက တောထဲရောက်ရင်ရောက် မရောက်ရင် နိုင်ငံခြားကို တနည်းနည်းနဲ့ထွက်ဖို့ ပြင်နေကြသူတွေပါပဲ။ ကျောင်းဆက်တက်ဖို့ပြင် ဆင်နေရင်းကာလမှာ ကျွန်တော့်နိုင်ငံကူးလက်မှတ် သိမ်းခံလိုက်ရပြီကိုး။ အသနားခံစာရေးနည်းတွေတော့ သင်ပေးသူကသင်ပေးခဲ့ကြရှာပါတယ်။ ဒါပေမယ့် အများကြီးတွေဝေသွားတယ်။ ရှင်သန်ခြင်းအကြောင်း တွေးနေခဲ့သူတယောက်အနေနဲ့ ကိုယ်ရွေးခြယ်တဲ့လမ်းကြောင့် ကိုယ့်ဘဝနဲ့ကိုယ် လေးနစ်နာစရာတွေ၊ ထိခိုက်မှုတွေကြုံလာပြီ။ ကျွန်တော့်ရဲ့ ရှင်သန်ခြင်းနည်းအကြောင်းတွေးလာခဲ့သမျှအတွက် စာမေးပွဲဖြေနေရသလိုပဲ။ ခင်ဗျားတို့ဘဝကိုဘယ်မှာအဆုံးသတ်ချင်ကြသလဲ။ ဒါမှမဟုတ်ရှင်သန်ရတဲ့အခိုက် ဘယ်မှာနေချင်ကြသလဲ။ ဘယ်လိုမျိုးရှင်သန်ချင်ကြသလဲ။ တနေ့နေ့တော့ အားလုံးက သေကိုသေကြမှာလေ။ကျွန်တော်မေ့ပစ်စရာတွေမေ့ပစ်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အိပ်မက်ဆိုတာတွေပြောင်းပြီး အိပ်မက်သစ်အတွက်ပဲ နည်းလမ်းသစ်ပြန်ရှာကြည့်တယ်။ ရှာဖွေကြည့်ရင်တော့ တွေ့ရပါတယ်။ အဓိကက ကျွန်တော်တွေးနေတဲ့ရှင်သန်နည်းကနေ ယိုင်ပြီးသွေဖယ်မသွားဖို့ပါပဲလေ။ ဆက်ရှာကြည့်ဦးမယ်။ အဖြေတွေရှိတန်သလောက်ရှိမှာပါ။
ဆလိုင်းနံရံ
July,2024
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar