Breaking News

မြို့သိမ်းတိုက်ပွဲတွေနဲ့ ရှေ့အလားအလာ

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၄ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၂၄

မြို့သိမ်းတိုက်ပွဲတွေနဲ့ ရှေ့အလားအလာ 

၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ စတင်ပြီးနောက် တလ ဝန်းကျင်ရောက်ရှိချိန်မှာ မြို့ ၄ မြို့လောက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နဲ့ PDF တွေက သိမ်းယူနိုင်ခဲ့တာတွေ့ရပါတယ်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ စဥ့်ကူ မြို့တွေကို သိမ်းယူခဲ့ပြီးဖြစ်ကာ လားရှိုးမြို့ကိုတော့ သိမ်းယူဖို့ အပြင်းအထန် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေကို တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပြီး၊ စဥ့်ကူမြို့ကိုတော့ MDY-PDF ကဦးဆောင် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ လားရှိုးမြို့ကိုတော့ ကိုးကန့်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ MNDAA  သိမ်းယူဖို့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

ကျောက်မဲမြို့၊ နောင်ချိုမြို့ နဲ့ စဥ့်ကူမြို့တွေက ရက်အတန်ကြာ တိုက်ခိုက်ခဲ့ပြီး သိမ်းယူနိုင်ခဲ့ပေမယ့် တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ လားရှိုးမြို့ ကိုတော့ စစ်ကောင်စီဘက်ကလည်း အပြင်းအထန် ခုခံနေပြီး လက်နက်အင်အား လူအင်အား၊ လေကြောင်း တိုက်ခိုက်မှုအကူတွေနဲ့ ခုခံနေတဲ့ အနေအထားဖြစ်ပါတယ်။ 

ရှမ်းမြောက်ဒေသက မြို့တွေနဲ့ မန္တလေးတိုင်းက မြို့တွေကို အခုလို သိမ်းယူခြင်းရဲ့ ရည်ရွယ်ချက်က နယ်မြေ စိုးမိုးဖို့၊ စစ်ကောင်စီရဲ့  အာဏာအခြေစိုက် စစ်ဌာနချုပ်၊ စစ်စခန်းတွေကို ဖယ်ရှားဖို့ ရည်ရွယ်ပြီးတိုက်ခိုက် သိမ်းယူရတာ ဖြစ်ပါတယ်။ အဲဒီစခန်းတွေ ဌာနချုပ်တွေနဲ့ ဆက်စပ်နေတဲ့ မြို့တွေကိုပါ တိုက်ခိုက်သိမ်းယူကြရာမှာ မြို့နေလူထုအဖို့ စစ်ပွဲရဲ့ အလယ်ကို တည့်တည့်ရောက်လာကြရတဲ့ အနေအထား ဖြစ်ပါတယ်။ မိမိတို့ ရဲ့ အသက်အန္တရာယ်နဲ့ ပိုင်ဆိုင်တဲ့ နေအိမ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ စိုက်ပျိုးမွေးမြူထားတဲ့ အရာတွေပါ စွန့်ထားခဲ့ရပြီး စစ်ဘေးက တိမ်းရှောင်ကြရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ မိမိတို့ရဲ့ ချစ်ခင်တဲ့ မိသားစုဝင်တွေ ထိခိုက် သေဆုံးကြရတဲ့ အဖြစ်၊ နေအိမ်မီးလောင်ဆုံးရှုံးကြရတဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့ အနေအထားဟာ ဘဝမှာ တသက်မှာတခါသာ ကြုံကြရတဲ့ အဖြစ်မျိုးဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေတုန်းက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းက ကျေးရွာက လူထုတွေ တွေ့ကြုံကြရတဲ့ အခြေအနေမျိုးကို အခု မိုးကုတ်၊ ကျောက်မဲ၊ နောင်ချို နဲ့ လားရှိုးမြို့တို့က မြို့နေလူထုတွေ ရင်ဆိုင်ကြုံတွေ့ ကြရတဲ့ သဘောလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ 

မြို့နေလူထု အဖို့တော့ စစ်အာဏာရှင်စနစ် ပျက်သုဥ်းဖို့ လိုလားကြတာ အမှန်ဖြစ်သော်လည်း မြို့တမြို့လုံး ပျက်စီးကြရတဲ့ မြို့သိမ်းတိုက်ပွဲလိုမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ကြရတဲ့အခြေအနေ စစ်ဘေးတိမ်းရှောင်ကြရတဲ့ အခြေအနေမျိုးက အခက်ခဲဆုံး အနေအထားနဲ့ ဖြတ်သန်းကြရတာဖြစ်ပါတယ်။ 

မြို့တွေကို သိမ်းယူပြီးနောက်မှာ ပြန်လည်တိုက်ခိုက်မခံရအောင် မြို့နဲ့ ဆက်စပ်နေတဲ့ နယ်မြေတွေကို တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ NUG/PDF တွေ ဦးဆောင်ပြီး သိမ်းယူခဲ့တဲ့ ကောလင်းမြို့ကို လအနည်းငယ်အကြာမှာ စစ်ကောင်စီ တပ်တွေက အရပ် ၄ မျက်နှာကနေ ပြန်လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်ပြီးနောက် ကောလင်းကို ပြန်လည်သိမ်းယူခဲ့တဲ့ သာဓက ရှိသလို၊ လအတန်ကြာ သိမ်းယူဖို့ ကြိုးစားခဲ့တဲ့ ကရင်ပြည်နယ်က ကော့ကရိတ်မြို့၊ ကရင်နီဒေသက လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွေက လအတန်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်သွားခဲ့တဲ့ သာဓကတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ မှာ သိမ်းယူခဲ့တဲ့ မြို့တွေအနေနဲ့ မြို့ဧရိယာတင်မက ဆက်စပ်နယ်မြေ တခုလုံးကို သိမ်းယူထားနိုင်ဖို့လည်း အရေးကြီးတယ်ဆိုတဲ့ သင်ခန်းစာကို ရယူကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။  သိမ်းယူပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကိုလည်း ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ လက်လွှတ်ဆုံးရှုံးပြီးသား မြို့တွေ၊ စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတာ သို့မဟုတ် ပစ်ခတ်တိုက်ခိုက်တဲ့နည်းနဲ့ နယ်မြေ ပြန်လည်သိမ်းယူဖို့ မစွမ်းဆောင်နိုင်ပေမယ့် လက်စားချေတဲ့ နည်းလမ်းအဖြစ် အသုံးချနေတာလည်း တွေ့နိင်ပါတယ်။ 

ယခင်ကတော့ လေကြောင်းတိုက်ခိုက်တာကို မြေပြင်က တိုက်ပွဲနဲ့ တွဲဖက်ကာ အသုံးပြုတာမျိုးသာ ရှိခဲ့ပြီး အခုနောက်ပိုင်းမှာတော့ မြေပြင်က ရရှိတဲ့ သတင်းအချက်အလက် အချို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်၊ PDF တွေ စခန်းချတဲ့နေရာ၊ အစည်းအဝေးလို စုဝေးကြတဲ့ အခါမျိုးနဲ့ ၄င်းတို့ တက်ရောက်တဲ့ အခမ်းအနားတွေမှာ လေကြောင်းကနေ တိုက်ခိုက်ခြင်းအားဖြင့် စိတ်ဓါတ်ကျဆင်းအောင်၊ ခြောက်ခြားအောင် ရည်ရွယ် လုပ်ဆောင်တဲ့ နည်းနာ အဖြစ် အသုံးပြုလာတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်နှစ်ဝန်းကျင်အတွင်း လေကြောင်းတိုက်ခိုက်မှု အရေအတွက်က သိသိသာသာ မြင့်တက်ခဲ့ပြီး မြေပြင်မှာ မရောက်ရှိနိုင်တော့တဲ့ နေရာ၊ မြို့၊ စစ်စခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်ခြင်းဖြင့် မလုံခြုံအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်း MNDAA လက်နက်ကိုင် အဖွဲ့တွေက လားရှိုးကို လာရောက်တိုက်ခိုက်နေစဥ် MNDAA ရဲ့ ပင်မအခြေစိုက်ရာ မြို့ဖြစ်တဲ့ လောက်ကိုင်မြို့ကို တကြိမ်မက ဗုံးကြဲတိုက်ခိုက်နေတဲ့ သတင်းတွေလည်း ကြားသိနေရတာ ဖြစ်ပါတယ်။ လောက်ကိုင်မြို့ ဟိုတယ်၊ အထပ်မြင့် အဆောက်အဦတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေရာမှာ လူသေဆုံးမှုတွေ ရှိခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အနည်းဆုံး ၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တိုက်ခိုက်သိမ်းယူထားတဲ့ မြို့တွေမှာ မြို့ခံတွေအနေနဲ့ ချက်ခြင်း ပြန်လည်မနေထိုင်ရဲကြတဲ့ အဖြစ်တွေလည်း ရှိသလို အချို့မြို့တွေမှာတော့ မြေပြင်တိုက်ပွဲပြီးသွားတဲ့နောက် သတ်မှတ် အချိန်ကာလ ကျော်လွန်လို့မှ ပြန်လည်နေထိုင်ခြင်း မရှိတဲ့ နေအိမ်တွေကို ပိတ်သိမ်းမယ်ဆိုတဲ့ ထိန်းချုပ်ထားတဲ့လက်နက်ကိုင် အဖွဲ့တွေရဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က အမိန့်ထုတ်ခဲ့တာမျိုးတွေကြောင့် ဒေသခံတွေ ပြန်လည်နေထိုင်ကြရတာလည်း ရှိနေတာတွေ့ရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ပထမအကျော့က သိမ်းယူခဲ့တဲ့ သိန္နီမြို့ထဲက မြို့ မစျေးကို ယခင်သီတင်းပတ်က စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ မြို့ခံအရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ 

သည်နေရာမှာ စစ်မီးရဲ့ဗဟိုကို ရောက်နေတဲ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အသက်ဘေး၊ ဒုက္ခဘေးဟာ ဘယ်ဟာနဲ့မှ မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားတာ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေနဲ့တကွ မြန်မာပြည်အလယ်ပိုင်း အညာဒေသကိုယ်တိုင်က မြန်မာပြည်သူတွေအားလုံးဟာ စစ်ပွဲတွေ၏ အလယ်မှာ အကျည်းတန်မှုများ အလုံးစုံကို ခါးစည်းရင်ဆိုင် ဖြတ်ကျော်နေကြရပါတယ်။ သူတို့အတွက် ဖြေဆည်ရာ မျှော်လင့်ချက်က မဝေးတဲ့ အနာဂတ်တချိန်မှာ စစ်ပွဲတွေ ချုပ်ငြိမ်းပြီး မိမိအိုးအိမ်ကို ပြန်လည်ထူထောင်ကြဖို့ မိသားစုတွေ ပြန်စုစည်းနိုင်ကြဖို့ ဖြစ်ပါတယ်။ စစ်ဘေးကို တိုက်ရိုက်မသင့်သေးတဲ့ အခြားဒေသတွေက မြန်မာပြည်သူတွေကိုယ်တိုင်ကလည်း စားဝတ်နေရေး လူမှုဒုက္ခ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေကြရပေမယ့် စစ်ဘေးသင့် အသက်ဘေးသင့် ပြည်သူတွေလောက်အထိတော့ မဆိုးဝါးသေးဘူးလို့ ဆိုနိုင်ပါတယ်။ 

အခုလိုအချိန်မျိုးမှာ ပြည်သူတွေအားလုံးအနေနဲ့ကတော့ ကိုယ့်ဆီကို စစ်မီးဝါးမမျိုသေးမီ အစွမ်းကုန် အားထုတ် ကြံစီကြိုးစားကြပြီး စစ်မီးငြိမ်းအောင် စစ်မီးပြတ်အောင် ဝိုင်းဝန်းကြဖို့ လိုအပ်နေပြီလို့ ထပ်မံနီုးဆော်လိုက်ချင်ပါတေ့ာတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar