Breaking News

ဝင်းမင်းခိုင် - ကျွမ်းကျင်သူ

ကျွမ်းကျင်သူ
ဝင်းမင်းခိုင်
(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၄

"ကျွမ်းကျင်သူ" ဆိုတဲ့သတ်မှတ်ချက်က
သူ့မှာဘယ်လောက်ထိကြွယ်ဝတဲ့ သိမြင်နှံ့စပ်မှုတွေရှိသလဲ
အမှန်တရားကိုဘယ်လောက်ထိချည်းကပ်နိုင်စွမ်းရှိသလဲဆိုတဲ့
ပြည့်စုံမှုနဲ့အစာသွတ်တယ်
လက်နက်ကျွမ်းကျင်သူ
စီးပွားရေးကျွမ်းကျင်သူ
ရောဂါဗေဒရှာဖွေရေးကျွမ်းကျင်သူ
သက်ဆိုင်ရာဘာသာရပ်အလိုက်ကျွမ်းကျင်ကြသူအားလုံးဟာ
သူတို့နယ်ပယ်အသီးသီးမှာတော့
ဘုရားထက်ပိုသိကြသူတွေ
အစဉ်လာရှိတယ်၊သဘာရှိတယ်ကျွမ်းကျင်သူလို့အသိမှတ်ပြုလောက်တဲ့
သက်သေအထောက်ထားရှိတယ်
အမေရိကအရေးကျွမ်းကျင်သူ
ဥရောပအရေးကျွမ်းကျင်သူ
အာရှအရေးကျွမ်းကျင်သူ
ဗမာပြည်အရေးကျွမ်းကျင်သူတဲ့
တချို့ကျွမ်းကျင်သူတွေက
ပညာရှင်တွေအားလုံးတလေးတစားအသိမှတ်ပြုခံရသူတွေ
တချို့ကျွမ်းကျင်သူတွေက
မီဒီယာတချို့ကအလုပ်ဖြစ်ဖို့
ဖုတ်ပူမီးတိုက်ထုတ်လုပ်လိုက်တဲ့ကျွမ်းကျင်သူတွေ
တချို့ကျွမ်းကျင်သူတွေက
ရန်သူ့ဖက်ကလော်ဘီတွေထက်တောင်လက်စောင်းထက်နေတဲ့
ရန်သူဖက်ကဂုဏ်ထူးဘွဲ့ထူးတွေချီးမြှင့်ပေးသနားလောက်တဲ့
တော်လှန်ရေးကိုပုံဖျက်ပြည်သူတွေစိတ်ဓာတ်ပျက်ပြားအောင်
ကျွမ်းကျင်မှုရှိရှိ
ကိုယ့်လူသူ့ဖက်သားလုပ်နေသူတွေဖြစ်တယ်
တချို့ကရည်ရွယ်ချက်ရှိရှိမဟုတ်ပေမယ့်
မရည်ရွယ်ပဲရန်သူကိုအလုပ်ကြွေးပြုမိနေသူတွေ
ရှိကောင်းရှိနေခဲ့ကြတယ်
ခင်ဗျားက
ကျနော်တို့အရေးကျွမ်းကျင်တဲ့သူလား
နိုင်ငံရေးလောကရဲ့အထပ်မြင့်တိုက်ခေါင်မိုးတွေပေါ်
ကြိုးတန်းပြီးလမ်းလျောက်ပြနေတဲ့ခင်ဗျားကို
ကျနော်တို့စောင့်ကြည့်နေကြတယ်
ကျွမ်းကျင်စွာကူးဖြတ်လွန်မြောက်နိုင်ပါစေ

၃.၇.၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar