Breaking News

ရခိုင်အမျိုးသားပါတီ ANP မှတ်ပုံတင်ခွင့် ပယ်ဖျက်၊ မန္တလေးကို ဦးတည်လာတဲ့ စစ်ဆင်ရေး

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ ANP မှတ်ပုံတင်ခွင့် ပယ်ဖျက်၊ မန္တလေးကို ဦးတည်လာတဲ့ စစ်ဆင်ရေး၊ 

ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရခိုင်အမျိုးသားပါတီ ANP က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ပြီးနောက် ဇွန်လ ၁ ရက်နေ့မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီမှတ်ပုံတင် လျှောက်ထားခြင်းကို ပယ်ချလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်မှာ ရခိုင်လူထုထောက်ခံမှု အများဆုံးရရှိတဲ့ နိုင်ငံရေး ပါတီတပါတီဖြစ်တဲ့ ANP ပါတီဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်တွေမှာ နေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီလည်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ ကျင်းပစဥ်ကာလမှာ ဒေါက်တာအေးမောင် ဦးဆောင်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ဦးအေးသာအောင် ဦးဆောင်တဲ့ ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တို့ တပါတီအဖြစ်ပူးပေါင်းဖို့  ၂၀၁၃ ခုနှစ်မှာသဘောတူခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပါတီနာမည်အသစ် ဖြစ်တဲ့ Arakan National Party အဖြစ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ RNDP လို့ အတိုကောက်ခေါ်ဆိုတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ခေါင်းဆောင် ဖြစ်သူ ဒေါက်တာအေးမောင်က ပါတီဖွဲ့စည်းပြီး မကြာခင်မှာပဲ နုတ်ထွက်ကာ သီးခြားပါတီ ဖြစ်တဲ့ AFP ပါတီကို ထူထောင်ခဲ့ကာ ANP ကို အခြားသော ရခိုင်နိုင်ငံရေးသမားတွေက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ANP အနေနဲ့ ရခိုင်ပြည်နယ်မှာ မဲဆန္ဒနယ်အများစုကို အနိုင်ရပေမယ့်လည်း ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်မဲတွေနဲ့ ရွေးချယ်ခွင့်မရှိတဲ့ အခြေခံဥပဒေကြောင့် တနိုင်ငံလုံးမှာ မဲအများဆုံးရတဲ့ NLD ပါတီကသာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ရွေးချယ်ခဲ့ပြီး ANP အနေနဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နေရာတွေ ရရှိသော်လည်း ဝန်ကြီးချုပ် နေရာကို မရရှိခဲ့တဲ့ သမိုင်းကြောင်းတွေရှိခဲ့တာ ဖြစ်ပါတယ်။ 

 ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ မြို့နယ် ၉ မြို့နယ်မှာ လုံခြုံရေးအခြေအနေကို အကြောင်းပြပြီး ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာခံခဲ့ရပြီး ရခိုင်ပြည်နယ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် အရေအတွက် လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။ 

အခုလို ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ် ဖြစ်တဲ့ AA အဖွဲ့က နယ်မြေတွေ တခုပြီး တခု တိုက်ခိုက်သိမ်းယူနိုင်နေချိန်၊ စစ်ကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တွေ စစ်စခန်းတွေကို လက်လွှတ်နေရချိန်မှာ ရခိုင် အမျိုးသားနိုင်ငံရေးပါတီ ရပ်တည်ရေးက လိုအပ်သေးရဲ့လား တနည်းအားဖြင့် ဆိုရရင် မြေပေါ် နိုင်ငံရေးနည်းလမ်းနဲ့ ရခိုင်ပြည်နယ်ရဲ့ အရေးကိစ္စတွေကို လုပ်ဆောင်မယ့် လမ်းကြောင်းက စိတ်ဝင်စားကြသေးရဲ့လား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ရဲ့ နယ်မြေတွေကို လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီလက်ထဲက တိုက်ယူကာ ထိန်းချုပ်လာနိုင်တဲ့ ULA/ AA အနေနဲ့ ပြည်ထောင်စု ဆိုတာထက် ကွန်ဖက်ဒရိတ်ဆိုတဲ့ အဆင့်ကို ရည်မှန်းချက်ထားရှိကြောင်း အခုဖြစ်ရပ်တွေ အောင်ပွဲတွေ မရခင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ပြောဆိုထားပြီးဖြစ်လို့ ရခိုင်အမျိုးသားပါတီ မှတ်ပုံတင်ခွင့် မကျခြင်း၊ ပယ်ချခံရခြင်းဟာ နိုင်ငံရေး အရတော့ အရေးကြီးတဲ့ ကိစ္စတရပ်မဟုတ်ဘူးလို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။ စစ်ကောင်စီက နောင်နှစ်မှာ ကျင်းပမယ်လို့ ဆိုတဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ အခင်းအကျင်း အပြောင်းအလဲတွေ အများကြီး ပေါ်ထွက်လာနိုင်တဲ့ အနေအထားဖြစ်ပြီး AA အနေနဲ့ ရခိုင်မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ အရှေ့ဘက်မှာ အမ်းမြို့တို့လို တိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ မြို့တွေကို သိမ်းယူနိုင်ခဲ့ရင် ရွေးကောက်ပွဲ၊ ပြည်နယ် အစိုးရ၊ ပြည်နယ် လွှတ်တော် စတဲ့ အခင်းအကျင်းတွေဟာ အဲဒီအခြေအနေသစ်မှာ မလိုအပ်တော့ဘူးလို့ ဆိုရလောက်အောင် ပြောင်းလဲသွားမယ့် အနေအထားရှိနေတာ ဖြစ်ပါတယ်။ 

ယနေ့အတွက် နောက်အကြောင်းအရာ တခုကတော့ မန္တလေးမြို့ကို ဦးတည်နေတဲ့ သို့မဟုတ် မန္တလေးမြို့နဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းတွေအရကြည့်ရင် ပြင်ဦးလွင်- နောင်ချို လမ်း၊ မတ္တရာ-မိုးကုတ်လမ်း တို့တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ TNLA နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အကူအညီနဲ့ ဖွဲ့စည်း လှုပ်ရှားနေကြတဲ့ PDF တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေ၊ တပ်ရင်းစခန်းတွေကို တိုက်ခိုက်သိမ်းယူနေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်ကျော်ကာလအတွင်း နောင်ချိုမြို့ကို TNLA က သိမ်းယူထားပြီလို့ ဆိုနိုင်တဲ့ အနေအထားရှိသလို မိုးကုတ်-မတ္တရာ-မန္တလေး ကားလမ်းမှာလည်း PDF တွေက စစ်ကောင်စီရဲ့ တပ်စခန်း ၈ ခုလောက် သိမ်းယူကာ လက်နက်ကိုင်အဖွဲ့ဝင် ၆၀ ကျော်နဲ့ ၄င်းတို့ရဲ့ မိသားစုဝင်တွေကိုပါ ထိန်းသိမ်းထားနိုင်တယ်လို့ သတင်းတွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ 

ရန်ကုန်မြို့ ပြီးရင် ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ မန္တလေးမြို့၊ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ကုန်သွယ်ရေးအရရော၊ အုပ်ချုပ်ရေး၊ စစ်ရေးအရပါ လမ်းဆုံမြို့ကြီးဖြစ်တဲ့ မန္တလေးကို PDF နဲ့ EAOs လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တိုက်ခိုက် သိမ်းယူဖို့ ရည်မှန်းချက် ထားသလားဆိုတဲ့ မေးခွန်းက လတ်တလောကာလမှာ ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။ 

မန္တလေးမြို့ဟာ မြေပြန့်မှာ ရှိပြီး အရှေ့ဘက်နဲ့ မြောက်ဘက် တောင်တန်းတွေ တောင်ဘက်၊ အနောက်ဘက်က မြေပြန့်လွင်ပြင်ဒေသတွေ ဖြစ်ပြီး လူဦးရေ သိန်းနဲ့ချီ နေထိုင်ကြတဲ့ မြို့ ဖြစ်ကာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး၊ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးတွေမှာလည်း အချက်အချာ မြို့တမြို့ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ထွက်ရှိတဲ့ သယံဇာတတွေ ဖြစ်တဲ့ ကျောက်မျက်ရတနာတွေ ရောင်းဝယ်ရာ မြို့ဖြစ်သလို၊ တရားမဝင် လုပ်ငန်းတွေ ဖြစ်တဲ့ မူးယစ်ဆေးဝါးနဲ့ အခြားအရာတွေလည်း မန္တလေးမြို့ကတဆင့် ချိတ်ဆက်ဖြန့်ချိကြတာဖြစ်ပါတယ်။ 

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတို့ရဲ့ ကုန်စည်ဖလှယ်ရာ တထောင့်နားရာ မြို့ကို လက်လွှတ်မခံဖို့ စစ်ကောင်စီ ဘက်က ဆုံးဖြတ်ထားလိမ့်မယ် ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ သို့ပေမဲ့ ဆုံးဖြတ်ချက်နဲ့ ဆန္ဒထက်ကို လက်တွေ့ အခြေအနေ၊ လိုအပ်ချက်တွေ ဖြည့်ဆည်းပြင်ဆင်ထား နိုင်/ မနိုင်ဆိုတာတော့ ရှင်းရှင်းလင်းလင်း ဘယ်သူမှ မသိနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

၁၉၄၉-၅၂ ခုနှစ်တွေက ပြည်တွင်းစစ်ဖြစ်ပွားစဥ် မန္တလေးမြို့က သူပုန်တွေလက်ထဲ ကျရောက်ခဲ့ဖူးပြီး လနဲ့ချီကြာ သူပုန်တွေ လက်ထဲမှာ ရှင်သန်ခဲ့ကြရတယ်လို့ အဲဒီခေတ်ကာလကို မီသူတွေရဲ့  ပြောဆိုချက်အရ သိရှိကြရပါတယ်။ 

နှစ် ၇၅ နှစ် ကြာပြီးနောက် အခု တဖန် မြန်မာနိုင်ငံရဲ့ အဓိကမြို့တွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ သိမ်းယူမှုကို ခံရမယ့် သမိုင်းတကျော့ ပြန်လည်လာမလားဆိုတာ မေးခွန်းထုတ်၊ ဆွေးနွေးရမယ့် အနေအထားရောက်နေတာ ဖြစ်ပါတော့တယ်။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar