Breaking News

ကြံထူး - မှော်ဆရာတစ်ယောက်ဖြစ်ချင်သည်

  · 
* Photo Crd to original owner
မှော်ဆရာတစ်ယောက်ဖြစ်ချင်သည်
ကြံထူး
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၄

ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်သက်ဝင်မှုအရ နတ်ပြည် သို့မဟုတ် အခြားဘာသာဝင်များ၏  ယုံကြည်သက်ဝင်မှုအရဆိုသော် ကောင်းကင်ဘုံဟု ဆိုရမည်ထင်တယ်။ နတ်ပြည်နှင့် ကောင်း ကင်ဘုံ တူသည်ဟု မဆိုလိုပါ။ သို့သော် ဗုဒ္ဓဘာသာဝင် အများစုသည် နတ်ပြည်ကို ကောင်းကင်တွင် ရှိသည်ဟု ယုံကြည်ကြသဖြင့် ကောင်းကင်ဘုံဟုသာ သုံးနှုန်းချင်သည်။ ထိုသို့သော ဘုံဗိမာန်ကြီး တကယ်ရှိမရှိ ကျွန်တော်မသိပါ။ ငယ်ငယ်က နတ်ပြည် တကယ်ရှိမည်ဟု အကြွင်းမဲ့ ယုံကြည်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နတ်ပြည် တကယ်ရှိ၊ မရှိနှင့် ပတ်သက်၍ လေးလေးနက်နက် မတွေးဖြစ်တော့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ 
အခုနောက်ပိုင်းတွင် ကောင်းကင်ဘုံ တကယ်ရှိစေချင်သည့် ဆန္ဒမကြာမကြာ ဖြစ်မိသည်။ သို့သော် ထိုသို့ စိတ်ကူး ဖြစ်မိသည်က အခုမှတော့ မဟုတ်ပေ။ ကိုယ်ချစ်ရသောသူများ ဆုံးပါသွားသည့်အခါတိုင်း ထိုကဲ့သို့ ခံစားချက်ဖြစ်ဖူးသည်။ သူတို့ကို ကျွန်တော်တို့ တကယ်လွမ်းဆွတ် သတိရနေကြောင်း ကောင်ကင်ဘုံမှနေ၍ သိနေစေချင်ခဲ့ဖူးသည်။
တော်လှန်ရေးကာလကို ဖြတ်သန်းရသည့်အခါ ထိုခံစားချက်မျိုး ပို၍ပင် မကြာခဏ ဖြစ်ရပြန် သည်။ အထူးသဖြင့် လမ်းခုလတ်တွင် ကြွေလွင့်သွားရသည့် ကြယ်ပွင့်လေးများကို သတိရတိုင်း ထိုခံစားချက်မျိုး ဖြစ်ပေါ်မိသည်။ တော်လှန်ရေးတာဝန်များကို ဖြူဖြူစင်စင်ဖြင့် ရွက်ရွက် ချွံချွံထမ်းဆောင်သွားကြသည်။ သူတို့သည် ပေးဆပ်မှုနှင့် ထိုက်တန်သော အကျိုးရလာဒ်မျိုး မခံစားရမီ လက်ပြနှုတ်ဆက်သွားကြရသည်။ ထို့ကြောင့် ထိုက်တန်သည့် ရလာဒ်များ ရရှိသည့်အခါ သူတို့အားလုံး ကောင်းကင်ဘုံမှ  ကျေကျေနပ်နပ်ကြီးပြုံးကာ ကြည့်နေစေချင်မိသည်။ 

အကယ်၍ အောင်ပွဲရသည့်အခါ ထိုကြယ်ပွင့်လေးများသည် စကြာဝဠာ၏ တစ်ထောင့်တစ်နေရာတွင် ရှိ၍နေအံ့။ အောင်ပွဲအကြောင်းကို အကြောင်းတစ်စုံတစ်ခုကြောင့် သိခွင့်မရဖြစ်အံ့။ ထိုသို့ဆိုလျှင် ထိုကြယ်ပွင့်ကလေးများအတွက် သတင်းကောင်း ပါးပေးနိုင်မည့် တမန်တော်တစ်ယောက်အသွင် ပြောင်းလဲနိုင်သော မှော်ဆရာတစ်ယောက်ဖြစ်ချင်သည်။ 

ဟုတ်ပါသည်။ အဆုံးသတ် အောင်ပွဲ ရရှိသည့်အခါ ကျွန်တော် ထိုကဲ့သို့သော မှော်ဆရာ တစ်ယောက် ဖြစ်ချင်ပါသည်။ 
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar