စစ်ဘေး နဲ့ ရေဘေးအန္တရာယ်ထဲ ကျရောက်ပြီး တစိတ်တပိုင်း ကျရှုံးနိုင်ငံဖြစ်လာနေတဲ့ မြန်မာနိုင်ငံ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၄
စစ်ဘေး နဲ့ ရေဘေးအန္တရာယ်ထဲ ကျရောက်ပြီး တစိတ်တပိုင်း ကျရှုံးနိုင်ငံဖြစ်လာနေတဲ့ မြန်မာနိုင်ငံ
နှစ်အတန်ကြာအတွင်းမိုးအများဆုံး နှစ်တနှစ်ကို ဖြတ်သန်းနေရတဲ့ မြန်မာနိုင်ငံဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ် တို့မှာ မြို့အတော်များများက တပြိုင်နက်ထည်း စိုးရိမ်ရေမှတ် အထက်ကို ရောက်ရှိနေပြီး ဒေသအသီးသီးက မြို့တွေ၊ ကျေးရွာတွေက လူပေါင်းသောင်းနဲ့ချီ ရေဘေးအန္တရာယ် ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အချို့သောမြို့တွေမှာ မြို့သိမ်းတိုက်ပွဲတွေနဲ့ ဆက်ပြီး ရေဘေးအန္တရာယ်ကိုပါ ဆက်လက်ရင်ဆိုင်ရကာ မြို့မှာ ကျန်ရှိနေတဲ့ ဒေသခံတွေ အဖို့ အင်တာနက်၊ ဖုန်းလိုင်း ပြတ်တောက်နေတဲ့ အခြေအနေအောက်မှာ ရေဘေးနဲ့ ပတ်သက်တဲ့ သတိပေးချက်၊ နှိုးဆော်ချက်တွေ မရတော့သလို၊ ရေဘေးအန္တရာယ်၊ ရိက္ခာပြတ်လပ်မှုတွေ ကြုံကြရတဲ့ အခါမှာလည်း ဆက်သွယ် အကူအညီတောင်းဖို့ မလွယ်ကူတဲ့ အနေအထားမျိုး ရောက်နေကြတာ ဝမ်းနည်းဖွယ် ကြားနေကြရပါတယ်။ လူ့သက်တမ်း တလျှောက် မကြုံခဲ့ဖူးတဲ့ စစ်ဘေးအန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေကြရချိန်မှာ သဘာဝဘေးအန္တရာယ်က ထပ်ဆင့်ပြီး ရိုက်ခတ်ပြန်တာကြောင့် အဆိုပါ စစ်ဘေးနဲ့ ရေဘေး နှစ်ထပ်ကွမ်း ရင်ဆိုင်ကြရတဲ့ ဒေသက လူထုရဲ့ အခြေအနေက ထပ်ဆင့် နှိပ်စက်ခံရတဲ့ ဘဝတွေလို့ ဆိုရမလို ဖြစ်နေတာပါ။
ရခိုင်ပြည်နယ် သံတွဲမြို့ဟာ နှစ်အနည်းငယ်တိုင်း ရေကြီးလေ့ရှိတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ယခုနှစ်မှာလည်း သံတွဲမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် မကြာခင် ရေကြီးတဲ့ဘေးအန္တရာယ်က ဆက်တိုက်ဆိုသလို နောက်ကလိုက်ပါလာတာ ဖြစ်ပါတယ်။ သံတွဲမြို့ကနေ စစ်ဘေးရှောင်နေကြသူတွေအဖို့ ရေဘေးကို မခံစားကြရပေမယ့်လည်း ကျန်ခဲ့တဲ့နေအိမ်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ရေဘေးနဲ့ ပျက်စီးဆုံးရှုံးကြမယ့် အရေးလည်း ရှိနေပြန်ပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့အပြင် တနင်္သာရီတိုင်းက တနင်္သာရီမြို့လည်း စိုးရိမ်ရေမှတ် ကျော်လွန်နေသလို၊ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာလည်း စိုးရိမ်ရေမှတ် အထက်ကိုရောက်နေပြီး မြို့ရဲ့ရပ်ကွက်အချို့က ရေနစ်မြုပ်နေပြီး ရေဘေးကနေ လွတ်ရာရွှေ့ပြောင်းကြရတာလည်း ရှိနေပါတယ်။ ကရင်ပြည်နယ်ထဲက ဘားအံပြီးနောက် ရေကြီးနေတဲ့အခြားမြို့တမြို့က မြဝတီမြို့ဖြစ်ပါတယ်။ မြဝတီမြို့မှာလည်း သောင်ရင်းမြစ်ရေက စိုးရိမ်ရေမှတ် အထက်ရောက်နေပြီး ရပ်ကွက်အချို့ ရေမြုပ်နေတာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ ဘီးလင်းနဲ့ သထုံမြို့အကြားကားလမ်း ရေမြုပ်နေတာတွေ ခုရက်ပိုင်းအတွင်း ဖြစ်ပွားနေပြီး ပဲခူးမြို့မှာလည်း မြစ်ရေက စိုးရိမ်ရေမှတ်ကျော်လွန်ကာ ရပ်ကွက်အချို့ ရေမြုပ်နေပြီး ရထားလမ်းနဲ့ ကားလမ်းနေရာအချို့ ရေတွေ ကျော်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အခုလို မြို့တွေ ကျေးရွာတွေ နဲ့ စိုက်ပျိုးထားတဲ့ လယ်ယာတွေ အများအပြား ရေနစ်မြုပ်တဲ့ ဘေးအန္တရာယ် ကြုံတွေ့ကြရတဲ့ အနေအထား ဖြစ်ပြီး အခုလို စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ ဖြစ်ပွားခြင်း မရှိတဲ့အနေအထားမျိုး ဆိုရင် အစိုးရရဲ့ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်မှုနဲ့ လူထု အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပရဟိတ အကူအညီပေးရေး အဖွဲ့တွေရဲ့ အကူအညီတွေ ရနိုင်မှာ ဖြစ်ပေမယ့် လက်ရှိ အခြေအနေမှာတော့ ရေဘေး အန္တရာယ်ထက် စစ်ဘေးအန္တရာယ်က အသက်ဘေးနဲ့ ပိုနီးတဲ့ သဘောမျိုး စဥ်းစားနေကြရပြီး လူထုအနေနဲ့ အချင်းချင်း ကူညီနိုင်တဲ့ အနေအထားမျိုးလည်း မဟုတ်ကြပါဘူး။ စစ်ပွဲတွေကြောင့် မြို့တွေ၊ နေအိမ်တွေ ထိခိုက်ပျက်စီးမှုကို ရင်ဆိုင်ကြုံတွေ့နေကြရသလို အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး လက်ဝယ်ရှိတဲ့ ငွေကြေးကလည်း တန်ဖိုးဆက်တိုက်ကျဆင်း နေတဲ့အချက်က အချင်းချင်း အကူအညီပေးဖို့ ခက်ခဲလာစေတာ ဖြစ်ပါတယ်။
အခုလို ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့ရတဲ့တိုင် အကူအညီ ရဖို့ မမျှော်လင့်နိုင်တဲ့ အနေအထား၊ မကျန်းမမာ ဖြစ်ခဲ့ရင် ဆေးဝါးကုသမှုခံယူနိုင်ဖို့ ဆေးရုံဆေးခန်းလည်း မြို့တိုင်း နေရာတိုင်းမှာ မရရှိနိုင်တဲ့ အနေအထားတွေ ရောက်နေကြတာကြောင့် မြန်မာနိုင်ငံဟာ တစိတ်တပိုင်းအနေနဲ့ ကျရှုံးနိုင်ငံဖြစ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ နေပြည်တော် စတဲ့ မြို့တချို့မှာ ပုံမှန်သွားလာ လုပ်ကိုင်နေကြတာဖြစ်ပေမယ့် အဲလို သွားလာနေထိုင် လုပ်ကိုင်နိုင်တဲ့ မြို့တွေ တဖြည်းဖြည်း လျော့နည်းလာနေတာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲတွေ ကူးစက်လာတဲ့ နယ်မြေတွေနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ ဒေသခံတွေထဲက ငွေကြေးတတ်နိုင်သူ အချို့ကတော့ အန္တရာယ် လျော့နည်းတဲ့ မြို့တွေဆီ ပြောင်းရွှေ့ နေထိုင်နိုင်ကြပေမယ့် သာမန်လူထုအဖို့တော့ မြို့တွေကို ပြောင်းရွှေ့နေထိုင်နိုင်ဖို့ ငွေကြေး မတတ်နိုင်ကြဘဲ၊ ပဋိပက္ခဧရိယာထဲက အန္တရာယ်ပိုနည်းတဲ့နေရာတွေကို ရွှေ့ပြောင်းခိုလှုံကြရတာ ဖြစ်ပါတယ်။
အခုလို အခြေအနေမျိုးမှာ စစ်ကောင်စီဘက်က အကူအညီထက် ထပ်ပြီး ဒုက္ခမပေးဖို့ကိုသာ မျှော်လင့်ရတဲ့ အခြေအနေမျိုးကြုံနေရချိန်မှာ အခုလို အသက်ရှင်သန်ရေး အတွက် ဘေးဒုက္ခအမျိုးမျိုးကနေ တိမ်းရှောင် နေထိုင်ကြရတဲ့ လူထုတွေအဖို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထံက ဘယ်လို အကူအညီတွေ မျှော်လင့်နိုင်ကြပါသလဲ။
NUG အနေနဲ့ နိုင်ငံရဲ့ သယံဇာတ၊ အခွန်အကောက်တွေကို စီမံခန့်ခွဲပိုင်ခွင့် မရှိတဲ့ အနေအထားမျိုးမှာ အကူအညီပေးဖို့ ရံပုံငွေ မရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သလို၊ ရှိတဲ့ ရံပုံငွေ အရင်းအမြစ်တွေကို လက်နက်ကိုင် တိုက်ပွဲတွေအတွက် ဦးစားပေး အသုံးပြုနေရတာမျိုးလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ စစ်ဘေးကနေ တိမ်းရှောင်ကြရတဲ့ အရပ်သားတွေ အတွက် နိုင်ငံတကာ အကူအညီတွေကို NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တဆင့်ပေးဖို့ တောင်းဆိုမှုတွေလည်း ပြီးခဲ့တဲ့ နှစ်တွေကတည်းက ရှိခဲ့ပေမယ့် အကောင်အထည် ပေါ်တဲ့ အနေအထားတော့ ရောက်လာခြင်း မရှိသေးဘဲ လူထုအနေနဲ့ လတ်တလော ကြုံတွေ့နေကြရတဲ့ အမျိုးမျိုးသော ဒုက္ခတွေကနေ ကိုယ့်အားကိုယ်ကိုးပြီးသာ အသက်ရှင်သန်အောင် ကြိုးစားနေကြရတဲ့ အခြေအနေမျိုး ရောက်နေတာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar