သီအိုဇော် - အိမ်နီးချင်းကောင်း ဖြစ်လိုသော်
သီအိုဇော် - အိမ်နီးချင်းကောင်း ဖြစ်လိုသော်
(မိုးမခ) ဩဂုတ် ၃ ၊ ၂၀၂၄
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အိမ်နီးချင်းနိုင်ငံ အများဆုံးရှိတဲ့ တိုင်းပြည်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကုန်းနယ်နိမိတ်ထိစပ်နိုင်ငံများက ၁၄ နိုင်ငံ ရှိပါတယ်။ အဲဒီထဲကမှ မြန်မာနိုင်ငံကတော့ မဟာဗျူဟာမြောက် ပထဝီအနေအထား ပိုင်ဆိုင်တဲ့ အိမ်နီးချင်းနိုင်ငံတခုပါ။ ဒါကြောင့်လည်းပဲ အခါအခွင့်သင့်လေတိုင်း တရုတ်ဘက်က အိမ်နီးချင်းကောင်း ဆိုတဲ့ စကားလုံးကို ထည့်ပြောလေ့ရှိပါတယ်။
ဒါပေမဲ့ ဒီလို ပြောဆိုချက်ဟာ အနှစ်သာရ တကယ်ပြည့်ဝပါရဲ့လား၊ ပြည့်ဝအောင်ရော စိတ်ကောင်းစေတနာမှန်နဲ့ ချဉ်းကပ်ဆောင်ရွက်ပါရဲ့လား ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
စူပါပါဝါ နိုင်ငံတခု ဖြစ်လာတဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတကာစင်မြင့်ထက်မှာလည်း အရေးပါတဲ့ နေရာကို ရယူနိုင်ဖို့ အားထုတ်နေပါတယ်။ မူဆလင်ကမ္ဘာအတွက် ကွဲပြားတဲ့ အယူအဆ ရှိသလို ဆယ်စုနှစ်ပေါင်းများစွာ ဒေသတွင်း ပြိုင်ဘက် (သို့မဟုတ်) ရန်ဘက်နိုင်ငံလို့တောင် ပြောနိုင်တဲ့ အီရန်နဲ့ ဆော်ဒီအာရေးဗီးယားကြားက ပြတ်တောက်နေတဲ့ သံတမန်ဆက်ဆံရေး ပြန်အစပြုဖို့ တရုတ်နိုင်ငံအနေနဲ့ အဓိကအခန်းက ပါဝင်နိုင်ခဲ့ပါတယ်။
ဒီတော့ အိမ်နီးချင်း မြန်မာ့အရေးကိစ္စမှာလည်း ကြားဝင်ဆောင်ရွက်ပေးလိုတာမျိုးက ထူးဆန်းတယ်လို့ မဆိုနိုင်ပါဘူး။ တခုတော့ ရှိပါတယ်၊ အီရန်-ဆော်ဒီအာရေးဗီးယား ဖြစ်စဉ်မှာ တရုတ်နိုင်ငံအနေနဲ့ ဘယ်ဘက်မှ မယိမ်းအောင် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ ပါဝင်ခဲ့တာပါ။
မြန်မာ့အရေးမှာကျတော့ စစ်ကောင်စီနဲ့ တော်လှန်ပြည်သူကြားက ၂၀၀၈/ခြေဥ မျဉ်းနီတဘက်ခြမ်းကို လွယ်လွယ်ကူကူ ဝင်ရပ်ပေးလိုက်တာကစပြီး အိမ်နီးချင်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုခဲ့ပါတယ်။ ၂၀၀၈/ခြေဥကို ဆက်အသိအမှတ်ပြုပြီး အရပ်သားကြားဖြတ်အစိုးရ၊ ရွေးကောက်ပွဲနည်းလမ်းတွေနဲ့ စစ်အုပ်စုအတွက် ထွက်ပေါက်ပေးဖို့ ကြိုးစားပေးနေခြင်းက မြန်မာပြည်သူများရဲ့ ဆန္ဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့လမ်းပေါ် ကို ရောက်စေခဲ့ပါတယ်။ ဒီအတွက် တရုတ်နိုင်ငံအကြောင်း ပြောကြတဲ့အခါ ၂၀၀၈ခြေဥနဲ့ ပတ်သက်တာကိုလည်း မ ဖြစ်မနေ ထည့်ပြောမှ ဖြစ်ပါလိမ့်မယ်။
ပြောဖို့ ထပ်လိုအပ်တဲ့အချိန်လည်း ရောက်လာတဲ့အတွက်ပါ။
စမှတ်မှာကတည်းက ဦးတည်ရာလွဲခဲ့တဲ့အတွက် ဆုံမှတ်တွေ့ဖို့ ခဲယဉ်းသွားရတာပါ။ ဒါ့ကြောင့် တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုတိုင်းလိုလိုဟာ မြန်မာပြည်သူများအတွက် မေးခွန်းထုတ်စရာတွေနဲ့ မကင်းနိုင်တော့ပါဘူး။
ကမ္ဘာ့ထိပ်တန်းနိုင်ငံတခု ဖြစ်လာတဲ့ တရုတ်နိုင်ငံအနေနဲ့ ၂၀၀၈/ခြေဥကို ဖောက်ဖျက်ပြီး အာဏာသိမ်းမှုမြောက်တဲ့ ကိစ္စရပ်ကို မသိ နားမလည်ခဲ့ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။
တရုတ်ခေါင်းဆောင်တွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အချက်အလက်တွေ အကြံဉာဏ်ပေးနိုင်တဲ့ ကျွမ်းကျင်ပညာရှင် အရင်းအမြစ်များစွာ ရှိပါတယ်။
ပြောရမယ်ဆိုရင် ထိပ်တန်းခေါင်းဆောင်များထဲမှာကို ပေါ်လစ်ဗျူရိုအမြဲတမ်းအဖွဲ့ဝင် အင်္ဂါစဉ် နံပါတ် (၄) ‘ဝမ်ဟု နင်း ’ (Wang Huning) လို လူမျိုးဆိုရင် ဘယ်သူ့ဆီက အကြံဉာဏ်မှ ယူစရာမလိုဘဲနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ၂၀၀၈/ခြေဥကို ချိုးဖောက်ပြီး အာဏာသိမ်းလိုက်ခြင်းပဲ ဆိုတာ သိနိုင်ပါတယ်။
ကျန်ဇီမင်း၊ ဟူကျင်တောင်း၊ ရှီကျင့်ဖျင် ခေါင်းဆောင် သုံးဆက်လုံးက လက်မလွှတ်ခဲ့ကြတဲ့၊ Three Represents (ကျန်ဇီမင်း)၊ Scientific Outlook on Development (ဟူကျင်တောင်း)၊ Chinese Dream (ရှီကျင့်ဖျင်)၊ ရှီကျင့်ဖျင် အတွေးအခေါ် (ရှီကျင့်ဖျင်)တို့ရဲ့ ဖီလော်ဆော်ဖီများနောက်ကွယ်က ဉာဏ်ကြီးရှင် ‘ဝမ်ဟုနင်း’ဟာ ပါမောက္ခ တဦးအနေနဲ့ ဖုဒန်တက္ကသိုလ် (Fudan University)ရဲ့ ဥပဒေကျောင်းမှာ မဟာဌာနမှူး ဖြစ်ခဲ့သူပါ။
အာဏာသိမ်းပြီးစမှာပဲ ဩစတြေးလျ၊ ကနေဒါ၊ စင်ကာပူ၊ သီရိလင်္ကာ အစရှိတဲ့နိုင်ငံများက ဥပဒေပါမောက္ခများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူများက ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာခဲ့မှုဟာ ၂၀၀၈/ခြေဥနဲ့ မညီညွတ်ဘူး၊ ချိုးဖောက်မှုတခုသာဖြစ်ပြီး ဒီလုပ်ရပ်ဟာ အာဏာသိမ်းမှုတခုလို့ ဆန်းစစ် ထောက်ပြခဲ့ပါတယ်။ အဲဒီအထဲက တချို့ပညာရှင်များရဲ့ အမည်တွေဆိုရင် ‘ဝမ်ဟုနင်း’အတွက် စိမ်းမနေနိုင်ဘူးလို့တောင် ဆိုနိုင်မှာပါ။
CRPH ဘက်က မဖျက်သိမ်းပစ်လိုက်ခင်ကတည်းက တရုတ်ခေါင်းဆောင်များအနေနဲ့ ၂၀၀၈/ခြေဥကို ပျက်ပြယ်စေခဲ့တဲ့ အာဏာသိမ်းမှုမြောက်မှန်း မသိနိုင်စရာ အကြောင်းမရှိပါဘူး။ တမင်မသိကျိုးကျွံပြုခဲ့ကြလို့သာ တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းမှုလို့ မသတ်မှတ်ခဲ့ဘဲ၊ ၂၀၀၈/ခြေဥ ဆက်ရှိနေဟန်နဲ့ မြန်မာပြည်သူတွေ လုံးဝလက်မခံနိုင်တဲ့ ရွေးကောက်ပွဲ ဇာတ်လမ်းဆီကို တဖြည်းဖြည်း ဆက်ရွေ့လာရတာပါ။
၂၀၁၅ ရွေးကောက်ပွဲ ရှုံးပြီး အာဏာလက်မလွှတ်ရခင်လေးမှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပြီး စစ်တပိုင်း အစိုးရသမ္မတ ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ‘နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာဥပဒေ’ ဆိုတာရှိပါတယ်။
အခုလို ယာယီသမ္မတ ကိုယ့်ဘာသာ မရမက ခန့်အပ်ခဲ့ပြီးတဲ့နောက်မှာ ၂၀၀၈/ခြေဥဟာ အသက်မဝင်တော့တဲ့အကြောင်း မလွဲမသွေ ထပ်ထည့်ပြောဖို့ လိုအပ်တဲ့ အခြေအနေကို ရောက်လာရပြန်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒီပြဋ္ဌာန်းချက်ကို ပြန်ကြည့်ရင် အခန်း ၅ ခန်းပါတဲ့ ဒီဥပဒေရဲ့ အခန်း ၄ အပိုဒ် (၁၀) မှာ ‘နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့်ကာလအတွင်း တာဝန်အရ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်း မရှိစေရ’ ဆိုပြီး ပါနေတဲ့အတွက်ပါ။ ဒီအချက်ဟာ ကိုယ် ချိုးဖောက်ခဲ့တဲ့ ၂၀၀၈/ခြေဥကို အသေပြန်တွယ်ကပ်ပြီး၊ အကြမ်းဖက်စစ်ခေါင်းဆောင် မျှော်ကိုးနေတဲ့ ရာထူးအတွက် အကာအကွယ် အစီအမံတခု ဖြစ်ပါတယ်။
ဒီအတွက် ၂၀၀၈/ခြေဥက ဆက်လက်အသက်ဝင်နေသေးသယောင်နဲ့ ရွေးကောက်ပွဲ လမ်းကြောင်းပေါ် တရုတ်နိုင်ငံက တွန်းတင်နေခြင်းကို မြန်မာပြည်သူများ လက်ခံလို့ မရပါဘူး။
အတည်ပြုစဉ်ကတည်းက ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန် မဟုတ်ခဲ့တဲ့ ၂၀၀၈/ခြေဥဟာ တရုတ်နိုင်ငံရဲ့ စံတန်ဖိုးနဲ့လည်း လွဲချော်နေတာ တရုတ်ခေါင်းဆောင်တွေ သိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို ရှေ့တန်းတင်ထားတဲ့ ၂၀၀၈/ခြေဥ ပုံစံမျိုးကို တရုတ်နိုင်ငံမှာဆိုရင်လည်း တရုတ်ခေါင်းဆောင်တွေ လက်ခံနိုင်ကြမှာ မဟုတ်တဲ့အတွက်ပါ။
တရုတ်ခေါင်းဆောင်တွေဘက်က သူတို့ရဲ့သမိုင်းအတွေ့အကြုံ နောက်စံတန်ဖိုးတခုကိုလည်း ဥပေက္ခာထပ်ပြုခဲ့ပြန်ပါတယ်။ ပြည်သူတွေရဲ့ နှလုံးကို သိမ်းကျုံးယူနိုင်ပြီး လူထုတရပ်လုံး ပါဝင်လာတဲ့အခါ၊ အမေရိကန်နိုင်ငံက ကျောထောက်နောက်ခံများစွာ ပေးထားတဲ့ လက်နက် ငွေကြေးအင်အား ပိုတောင့်တင်းတယ်ဆိုတဲ့ ကူမင်တန်တပ်တွေ နောက်ဆုံးအရှုံးနဲ့ပဲ ရင်ဆိုင်ခဲ့ရတဲ့ သမိုင်းသင်ခန်းစာကို တရုတ်ခေါင်းဆောင်များထက် ပိုသိနိုင်တဲ့သူ ရှိမှာမဟုတ်ပါဘူး။
ထရူးမင်း အစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီး ‘ဒင်းအက်ချက်ဆန်’ (Dean Acheson) ပြောကြားချက်ကို ကိုးကားရရင် အကြမ်းအားဖြင့် ၁၉၄၅-၁၉၄၉ ခုနှစ်အတွင်း ကူမင်တန်အစိုးရကို ပုံစံအမျိုးမျိုးနဲ့ ငွေကြေးအကူအညီကိုက ဒေါ်လာ ၂ ဘီလီယံလောက် ရှိခဲ့ပါတယ်။ ထပ်လောင်းပြီးတော့ စစ်ဘက် အရပ်ဘက် အသုံးပြုဖို့ ဒေါ်လာ တစ်ဘီလီယံကျော် တန်ဖိုးရှိ ပစ္စည်းတွေ ရောင်းချခဲ့ပါသေးတယ်။
အဲဒီတုန်းက ဘီလီယံနဲ့ချီတဲ့ ပမာဏတွေ ဆိုတာ အခု ခေတ် တန်ဖိုးအရဆိုရင် မနည်းမနောပါ။
ဘယ်လိုဖြစ်ဖြစ် ပြည်သူ ထောက်ခံမှုမရတဲ့ ကူမင်တန်တို့ နောက်ဆုံးမှာ စစ်ရှုံးခဲ့ကြတာပါပဲ။
ဒါပေမဲ့ မြန်မာ့အရေးမှာတော့ ပြည်သူလူထု အုံနဲ့ကျင်းနဲ့ ပါဝင်နေတဲ့တော်လှန်ရေးကို သူတို့ လျှော့တွက်ခဲ့ကြပြီး သမိုင်းစံတန်ဖိုးကို မေ့ပစ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
နွေဦးတော်လှန်ရေး ရေစီးကြောင်းထက် ကိုယ်ကျိုးစီးပွဘက်ကိုသာ ပိုငဲ့ကြည့်ကြပါတယ်။ ဒါဟာ တရုတ်ခေါင်းဆောင်တွေ ပြန်စဥ်းစား သုံးသပ်သင့်တဲ့အချက်ပါ။
နောက်တချက်က သမ္မတရှီကျင့်ဖျင် ကိုယ်တိုင် တွန်းတွန်းတိုက်တိုက် ဆောင်ရွက်နေတဲ့ အဂတိလိုက်စားမှုနဲ့ ပတ် သက်တဲ့ စံတန်ဖိုးကိုလည်း အရေးတယူ မလုပ်ပြန်ပါဘူး။
အကျင့်ပျက် လာဘ်စားမှုနဲ့ နံမည်ပျက်ရုံမက တရုတ် ပြည်သူတွေကို သားကောင်ထားတဲ့ ကျားဖြန့်ဂိုဏ်းလိုမျိုးနဲ့လည်း ဆက်နွှယ်နေတဲ့ စစ်အုပ်စုနဲ့ ကြမ်းတပြေးတည်း ထိုင်ဖို့ ဝန်မလေးကြတာကလည်း စံတန်ဖိုးကနေ လွဲချော်မှုတရပ်ပါပဲ။
အခု ဖော်ပြခဲ့သလို မြန်မာ့အရေးမှာ ကိုယ့်စံတန်ဖိုးတွေနဲ့ အသွေဖည်ခံပြီး ချဉ်းကပ်ဆောင်ရွက်နေတာတွေက၊ အိမ်နီးချင်းကောင်း ဖြစ်စေဖို့ ရည်ရွယ်ကြံဆောင်တာမျိုးနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
အခြေအနေများ ပေးလို့ကတော့ နျူကလီးယားလက်နက်ကိုတောင် ပိုင်ဆိုင်လိုတဲ့ စည်းမဲ့ကမ်းမဲ့ ကျင့်ဝတ်ပျက် စစ်ရာဇဝတ်အုပ်စုသာ အသက်ရှူပေါက် ဆက်ရနေဦးမယ်ဆိုရင် အနာဂတ်တရုတ် မျိုးဆက်သစ်များအတွက်ရော လုံခြုံနိုင်ပါဦးမလား။
ဒါ့ကြောင့် မိမိတို့ စံတန်ဖိုးများကို ပစ်ပယ်ပြီး စစ်ရာဇဝတ်ကောင်များအတွက် ၂၀၀၈/ခြေဥကတဆင့် နိုင်ငံရေး ထွက်ပေါက် ရှာပေးနေတာက အိမ်နီးချင်ကောင်း ပီသပါရဲ့လားလို့လည်း မေးခွန်းထုတ်ရတော့မှာပါ။ ရောင်းပန်းမလှတဲ့ အနာအဆာပစ္စည်းတခုလို တရုတ်နိုင်ငံဘက်က အကဲဖြတ်ထားတဲ့ စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံရဲ့ ပုံရိပ်ကို ကျဆင်းစေမယ့် ခပ်ညံ့ညံ့ အာဏာရှင်တယောက်သာ ဖြစ်တယ်ဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။
ထိုင်ဝမ်ရေးရာရုံးလိုသာ ဦးစားပေး ဖွဲ့စည်းလည်ပတ် မနေရင်သာ နေမယ်၊ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလည်း ထိုက်သင့်တဲ့ အရင်းအမြစ်များသုံးပြီး စနစ်တကျ ညွှန်ကြားဆောင်ရွက်မှုတွေ ရှိနေမယ်ဆိုတာ အလွယ်တကူ မှန်းဆနိုင်ပါတယ်။
ကမ္ဘာ့ရေးရာတွေမှာ အင်အားကြီးနိုင်ငံများနဲ့ ပခုံးချင်းယှဉ် အကွက်ချကစားနေတဲ့သူတွေ ဖြစ်တဲ့အ တွက် ပြင်ပကနေ ခန့်မှန်းလို့မရတဲ့ အချက်တွေ၊ ဝှက်ဖဲတွေလည်း အများအပြား ရှိနေနိုင်ပါတယ်။
ချုပ်ပြောလိုတာကတော့ မျက်တောင်တကမ်းသာ မကြည့်ဘဲ မျက်စိတဆုံးကြည့်ပြီး ဆုံးဖြတ်ကြမှသာ အဓိပ္ပာယ်ပြည့်ဝတဲ့ အိမ်နီးချင်းကောင်းဆိုတဲ့ ဖွင့်ဆိုချက်ကို မျိုးဆက်ပေါင်းများစွာအထိ၊ အမြော်အမြင်ရှိရှိ လက်ဆင့်ကမ်းခဲ့ရာရောက်မယ် ဆိုတာကိုပါ။
အိမ်နီးချင်း မြန်မာပြည်သူများရဲ့ ဆန္ဒမှန်ကို နားလည်သဘောပေါက်မှသာ နှစ်နိုင်ငံ ပြည်သူများကြား ရေရှည်အိမ်နီးချင်းကောင်း ဖြစ်ကြစေဖို့ တံတားထိုးပေးရာ ရောက်ပါလိမ့်မယ်။
ဒီလိုမှမဟုတ်ပဲ မြန်မာပြည်သူများရဲ့ သဘောထားကို ဥပေက္ခာ ဆက်ပြုထားရင်တော့ တံတိုင်းအထပ်ထပ် မြင့်မားစွာ ကာရံလိုက်သလို ဖြစ်ပြီး၊ မည်ကာမတ္တ အိမ်နီးချင်းအဆင့်သာ ဖြစ်သွားမှာပါ။ တံတိုင်းနဲ့တံတား ကြိုက်ရာကို ဆောက်လုပ်နိုင်ဖို့ ဒီကနေ့ တရုတ်နိုင်ငံ ခေါင်းဆောင်တွေမှာ ရွေးချယ်ခွင့် ရှိနေပါတယ်။
ဒီနေ့ ဒီအချိန်အထိ ခရီးပေါက်လာခဲ့တဲ့ ကိုယ့်အားကိုယ်ကိုး တော်လှန်ရေးကို ဆင်နွှဲနေကြသူ မြန်မာပြည်သူများဘက်ကတော့ ဘယ်အဆုံးအဖြတ်အတွက်မဆို အဆင်သင့် ဖြစ်နေကြပြီးသားလို့သာ မှတ်ချက်ပေးလိုပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar