စစ်ဆေးရုံတွေ အရပ်ဘက်ဆေးရုံတွေ အပြန်အလှန် တိုက်ခိုက်လာကြတဲ့ စစ်ပွဲ
စစ်ဆေးရုံတွေ အရပ်ဘက်ဆေးရုံတွေ အပြန်အလှန် တိုက်ခိုက်လာကြတဲ့ စစ်ပွဲ
လားရှိုးမြို့တမြို့လုံးနဲ့ တိုင်းစစ်ဌာနချုပ် ကို သိမ်းယူနိုင်ဖို့ ကိုးကန့် လက်နက်ကိုင် အဖွဲ့ MNDAA က တလနီးပါး အပြင်းအထန် တိုက်ခိုက်နေရာမှာ အခုရက်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရုံကို MNDAA က တိုက်ခိုက် သိမ်းယူပြီးနောက် စစ်ကောင်စီဘက်ကလည်း လောက်ကိုင်မြို့က ဆေးရုံတရုံကို လေကြောင်းကနေ တိုက်ခိုက်ပြီး လားရှိုးက စစ်ဆေးရုံ တိုက်ခိုက်မှုအတွက် လက်စားချေတဲ့ တိုက်ခိုက်မှု တခုလို့ ကောက်ချက်ချ ရမယ့် အနေအထားထိ ရောက်ရှိလာနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ဝါဒဖြန့်ရေးသားကြတဲ့ သတင်းဌာနနဲ့ အချို့ တယ်လီဂရန် ချန်နယ်တွေမှာ MNDAA တပ်တွေက လားရှိုးစစ်ဆေးရုံကို သိမ်းယူစဥ်မှာ လူနာနဲ့ ဆေးရုံက ဝန်ထမ်းတွေ ၁၀၀ နီးပါး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ရေးသားနေကြပြီး ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ ဓါတ်ပုံ၊ ဗီဒီယိုတို့လို ခိုင်မာတဲ့ အထောက်အထားတော့ ထွက်ပေါ်လာခြင်း မတွေ့ရပါဘူး။
ဒီသတင်းထွက်ပေါ်ပြီးနောက် MNDAA ဘက်က ဖြန့်ဝေတာလို့ ယူဆရတဲ့ ဗီဒီယိုဖိုင်မှာတော့ စစ်တပ်ဘက်က မိသားစုဝင်တွေနဲ့ ဆေးကုသခံယူနေတဲ့သူတွေ လို့ ယူဆရတဲ့ သူတွေ လက်ခေါင်းပေါ်တင်ပြီး ဆေးရုံဘက်ကနေ ထွက်ခွာလာနေတဲ့ ပုံတွေပါရှိတာ တွေ့ရပါတယ်။ အလံဖြူထောင် လက်နက်ချသူတွေကို သတ်ဖြတ်ခြင်း မရှိဘူးဆိုတဲ့ သဘောမျိုး ပြသချင်တာလည်း ဖြစ်နိုင်ပါတယ်။
စစ်ဆေးရုံကို တိုက်ခိုက်ပြီးနောက် လောက်ကိုင်က ဆေးရုံတဝိုက် စစ်ကောင်စီရဲ့ လေယာဥ်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ တွေ့ရပါတယ်။ ဆေးရုံတွေကို တိုက်ခိုက်မှုတွေ နဲ့ပတ်သက်လို့ စစ်ပွဲတွေမှာ လိုက်နာရမယ့် နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်တယ်လို့ တဖက်နဲ့ တဖက်စွပ်စွဲပြောဆိုကြတာလည်း ရှိနေပြီး စစ်ကောင်စီဘက်ကလည်း အခြားသော ဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားခဲ့စဥ်က ဆေးရုံတွေကို လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။
ယခင်နှစ်က ကရင်နီ တော်လှန်ရေးအဖွဲ့တွေက ကြီးကြပ်ဖွင့်လှစ်ထားတဲ့ ဖယ်ခုံမြို့နယ်ထဲက ဆောင်းဖွေး ကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်သလို ရခိုင်ပြည်နယ်မှာလည်း အေအေ သိမ်းယူထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်ထဲက မင်းဖူးဆေးရုံကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာတွေလည်း ရှိဖူးတာကြောင့် ဆေးရုံတွေကို တိုက်ခိုက်တဲ့ သာဓကတွေက အခုအဖြစ်အပျက်တွေက ပထမဆုံး ဖြစ်ရပ်တွေတော့ မဟုတ်တဲ့ သဘောဖြစ်ပြီး အခုလားရှိုးနဲ့ လောက်ကိုင်က ဖြစ်ရပ်ကတော့ ပိုမိုဆိုးရွားတဲ့ အတိုင်းအတာနဲ့ ဖြစ်ပွားလာတဲ့ ဖြစ်ရပ်လို့ ဆိုမယ်ဆို ဆိုနိုင်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က ဆေးရုံတွေ တိုက်ခိုက်ခံရတဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ပထမအကြိမ် ဟိုင်ဂင် ဆွေးနွေးပွဲမှာ AA ဘက်က ဆေးရုံတွေကို ပစ်မှတ်ထား မတိုက်ခိုက်ဖို့ စစ်ကောင်စီဘက်ကို ပြောဆိုရာမှာ စစ်ကောင်စီဘက်က ဒု-ဗိုလ်ချုပ်ကြီးဖြစ်သူက ဆေးရုံကိုတိုက်ခိုက်ရတဲ့ အကြောင်းက လက်နက်ကိုင်တွေကို ကုသမှုပေးနေတာကြောင့်လို့ အကြောင်းပြခဲ့ဖူးကြောင်း ရေးသားမှုတွေ လည်းတွေ့ရှိရတာပါ။
မြန်မာနိုင်ငံက အခုလို ဆေးရုံ၊ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတာနဲ့ အလားသဏ္ဍာန်တူတဲ့ အဖြစ်အပျက်တွေလည်း ကမ္ဘာ့အခြားနေရာက လက်နက်ကိုင် ပဋိပက္ခတွေမှာ ရှိခဲ့တာတွေ့ရပါတယ်။ ယူကရိန်း ရုရှား စစ်ပွဲမှာလည်း စာသင်ကျောင်းတွေ ဆေးရုံလိုမျိုးတွေမှာ နှစ်ဖက်စလုံးက တပ်ဖွဲ့တွေက နေရာယူကာ ခုခံကြလို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်ပေါ်ပြီး ဝေဖန်ဆွေးနွေးစရာတွေ ဖြစ်ပေါ်ခဲ့ဖူးတာဖြစ်ပါတယ်။
အခု ရက်ပိုင်း လောက်ကိုင်ကို လေကြောင်းတိုက်ခိုက်မှုတွေ အတွက် နိုင်ငံတကာက ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ MNDAA က ထုတ်ပြန်ချက် ထုတ်ပြီးတောင်းဆိုတယ်လို့ သတင်းတွေ မှာဖေါ်ပြထားကြပြီး နိုင်ငံတကာလို့ဆိုရာမှာ တရုတ်နိုင်ငံကို အဓိက ရည်ရွယ်ပြောဆိုတယ်လို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားလာတဲ့ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေး တွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ အနေနဲ့ ၄င်းရဲ့ သဘောထားကို လူသိရှင်ကြားပြောဆိုရာမှာ လက်နက်ကိုင်တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ အဖွဲ့တွေအနေနဲ့ စေ့စပ်ဆွေးနွေး ညှိနှိုင်းကြဖို့ ယေဘုယျအားဖြင့် ရပ်တည်ချက်ရှိတာကို ပြောဆိုထားသလို တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အကျိုးစီးပွားတွေ မထိခိုက်ဖို့ အချက်တွေကိုလည်း ပြောဆိုထားတာ ရှိပါတယ်။
ပထမအကြိမ် ၁၀၂၇ စစ်ဆင်ရေးက တရုတ်နိုင်ငံက ကြားဝင်ကာ တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်ဖို့ လုပ်ဆောင်နိုင်ခဲ့ ပေမယ့် အခု ဒုတိယအကြိမ် ဖြစ်ပွားလာတာ တလကျော်အထိ တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုက ရလဒ် မထွက်ပေါ်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဒုတိယအကြိမ် ဟိုင်ဂင် ဆွေးနွေးပွဲဖြစ်ပေါ်လာအောင် ကြိုးစားနေတယ်လို့ သတင်းတွေမှာတွေ့ရပြီး ယခုလဆန်းရက်မှာ လုပ်ဆောင်ဖို့ ကမ်းလှမ်းပေမယ့် စစ်ကောင်စီဘက်က မတက်ရောက်နိုင်သေးဘူးလို့ အကြောင်းပြန်တယ်လို့လည်း သတင်းတွေမှာ ဖေါ်ပြကြတာ တွေ့ရပါတယ်။ ပထမအကြိမ် ဟိုင်ဂင်ဆွေးနွေးပွဲတုန်းက စစ်ကောင်စီဘက်က အခုလို အပစ်ရပ်ဖို့ ဆွေးနွေးမှုကို လိုလိုလားလား ရှိပေမယ့် အခု တကြိမ်မှာတော့ ပထမအကြိမ် အပစ်ရပ် သဘောတူညီမှု ပျက်ပြားခဲ့တာနဲ့ ပတ်သက်ပြီး အခုလို အပစ်ရပ် ဆွေးနွေးမှုတွေကို မယုံကြည်တော့တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သလို တရုတ်နိုင်ငံကို ကြားနေတဲ့ နိုင်ငံအဖြစ်နဲ့ မမြင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက တရုတ်နိုင်ငံ နယ်စပ်နဲ့ အလှမ်းဝေးတဲ့ လားရှိုး၊ ကျောက်မဲတို့လို နေရာတွေ ဖြစ်လို့ တရုတ်နိုင်ငံရဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး ဆိုတာနဲ့ တိုက်ရိုက် မသက်ဆိုင်တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ မဆလ ခေတ် လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က စတင်ဖွဲ့စည်းခဲ့တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ လားရှိုးမြို့ကို ပထမဆုံးအကြိမ် ဆုံးရှုံးရတော့မယ့် အခြေအနေဖြစ်ပြီး စစ်တပ်ရဲ့ သမိုင်းမှာ အခြေအနေအဆိုးဆုံးကာလတွေကို ရောက်ရှိနေတဲ့ မြန်မာစစ်တပ်အဖို့ တရုတ်နိုင်ငံရဲ့ အကူအညီ၊ ဝ လက်နက်ကိုင် တပ်ဖွဲ့ရဲ့ အကူအညီတွေကို မျှော်လင့်ရနိုး၊ ဒါမှမဟုတ် ဗမာအမျိုးသားရေး မာန်မာနကို အဆုံးထိလှုံ့ဆော်ပြီး ခုခံတိုက်ခိုက်ရနိုး အခြေအနေကြားရောက်ရှိနေတယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။