Breaking News

မောင်ဘဦး - "အရူးဋီကာ၊ အရူးတို့အကြောင်း"

Art by Than Htay Maung

"အရူးဋီကာ၊ အရူးတို့အကြောင်း"
မောင်ဘဦး
(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၄

(က) 'အရူး'နှင့်ပတ်သက်သော ဆိုရိုးစကားပုံများ။

   'အရူးလွယ်အိတ်'ထဲမှာ ၂၀၀၈- ခြေဥစာအုပ် အမြဲပါသည်။ အရူးဘိုးအေကြီးတို့လက်ထက်ကတည်းက နှစ်ပေါင်း ၃၀မျှကြာအောင်၊ အရူးအသိုင်းအဝိုင်း၏ လိုအင်ဟူသမျှ စာကြွင်းစာစ, မကျန်အောင်၊ အရူးတကာ့ထိပ်ခေါင်ကြီးများကိုယ်တိုင် အချိန်ယူတိုင်ပင်ညှိနှိုင်းကာ ပြုစုထားပြီး၊ အရူးအပေါင်းက လက်ခံ၊ ထောက်ပြဝေဘန်ရန်မရှိ ဟု ထင်မြင်ယူဆကြတော့မှ၊ အမှားအမှန် ကြက်ခြေ၊ မဲပုံး၂လုံး ထောင်လေတော့ဟု အရောင်ပြပြီး၊ "ဟောသည်မှာ သောင်းသောင်းဖျဖျ၊ ၉၉.၉၉% ပါ ခင်ဗျ"ဟူသည့် စာဘုတ်အုပ်ကြီး ဖြစ်လေ၏။ (အညာ မြို့ နယ်တခု၏ ကျေးရွာတစ်ရွာမှာ ဥက္ကဋ္ဌနှင့် သားဖွားဆရာမ၊ ၂ ဦးက လွဲ၊ အားလုံး မဲခဲ့ကြသော်လည်း၊ စာရင်းသွင်းသည့်အခါ ထိုကျေးရွာ၊ အားလုံး အဖြူချည်းသာ ဖြစ်သွားခဲ့လေသည်။)
   ထိုစာအုပ်ကို ဟိုလူပြသည်လူပြ၊ အိမ်ပေါက်စေ့ လိုက်ပြလေ့ရှိသော်လည်း၊ လွှတ်တော်ကြီးထဲတွင်လည်း ထိုစာအုပ်ကို ကိုင်ကာထောင်ပြ၊ အဝေးမှ ကြည့်မြင်စေရငြား၊ ထိုစာအုပ်ကိုတော့ အထိမခံ။ ပြည်တွင်းရော နိုင်ငံ တကာပါ အဝေးမှသာအကြည့်ခံ၏။ အရူးကား 'အရူးပါး'။ စာအုပ်ကို ကိုင်ဖို့ထိဖို့ နေနေသာသာ၊ ကြည့်ရုံသာကြည့်၊ လာမထိရ။ အထဲကအကြောင်း မကောင်းမပြောရ။ စာအုပ်ထဲကစာကို 'ပြောင်း'ဆိုကာရှိသေး၊ ဆိုသည့်သူ ဂျေးထဲ တန်းဂျောင်း။ အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲတောင် မရှောင်။ နောက်ဖယ်မှာ သေနတ်မောင်းခလုတ်ဖြုတ်ပြီး၊ "ဒါ လူငယ့်သဘာဝပါ" ဆိုသည့် အရူးများ ဖြစ်ကြလေ၏။

   အထက်ပါ လွယ်အိတ်ကြီးနှင့်အရူးမှာ ရေကန်ထဲတွင် နွားနို့များသွန်ကာ ယတြာပြုတတ်သော၊ လက်ကိုချိုး ခြေကိုချိုး အမျိုးမျိုးဆန်းပြားလှသော ဘုရားမုဒြာ ယတြာအစီအရင်ကို ခုံမင်လှစွာသော၊ အရူးအသိုင်း အဝိုင်း၏ တပ်ချုပ်ကြီးဖြစ်လေ၏။ လွယ်အိတ်ထဲမှ စာဘုတ်အုပ်ကြီးအရ၊ အဘယ်ကို ကိုယ်စားပြုမှန်းမသိသော ၂၅% သော တရားဝင်ကိုယ်စားလှယ်တွေရရှိနေသည့်အပြင်၊ သမ္မတတစ်ယောက်ကိုပါ အော်တိုငုတ် တုတ် အလိုအလျောက် ရလေသည်။ အရေးပေါ်လျှင် သမ္မတကြီးမှ ကာလုံခေါ်ခွင့်ရှိပြီး၊ အနှီ ကာလုံအဖွဲ့ ၁၁ ယောက်ထဲတွင် ၆ ယောက်တိတိ နေရာရပြီးသကာလ၊ ၎င်းအရူးမှစ၍ အရူးကခန့်အပ်ထား‌သူများအပါ ကာလုံထက်ဝက်ကျော် နေရာရယူပြီး ဖြစ်လေသည်မှာ 'အရူးက တမူးသာ'သွားလေ၏။
   ဤသို့ဤနှယ် 'အရူး အမဲသားကျွေးသလို' မြေပေါ်မြေအောက် ရေပေါ်ရေအောက် လေပေါ်လေအောက် ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာ သယံဇာတ၊ ရှိရှိသမျှ နှိုက်ယူရရှိလေသောကြောင့်၊ အရူးသားသမီး မြေးမြစ်တီ တွတ် ဘင်ကျွတ်ဆတ်အပြင်၊ အရူးကြီးအရူးလတ် အရူးငယ် အရူးပေါက်စ၊ အရူးဘဝသွတ်သွင်းဆဲတို့၏ မိဘမောင်ဖား ဆွေမျိုးများပါ မကျန်၊ အမဲအသား မစားရစေကာမူ၊ အမဲရွတ် အမဲရိုးစသည်ဖြင့် အချိုးကျအတိုးချ စားခွင့်လျက်ခွင့် နမ်းရှူခွင့်များ ရကြလေတော့၏။ အချို့တို့သည်လည်း၊ 'အရူးစား အနှမ်းစား' အဆင့်ဆင့် စားသုံးဝါးမျို၊ ပြောင်စင်အောင် လျှက်ပြီး၍ ပစ်လွှင့်လိုက်လေသော အမဲရိုးကိုပင် ပါးစပ်ဟကာ လှမ်းဟပ်ယူလေသော ခွေးထံမှ မာန်ဖီကိုက်ခဲလုယက်ကာ၊ သူ့ထက်ငါ အာသာဖြေခွင့် ရကြလေ၏။ အချို့တို့ကား အနှီအနှာ အာသာဖြေနေသူ၏ ဘေးနားမှ အနံ့ခံကာ သွားရည်ယိုကျ၊ အနံ့ခံခွင့်ရကြလေ၏။ ဤသို့ဖြင့်၊ "အမဲရွတ်-အမဲရွတ်", "အမဲရိုး-အမဲရိုး", "အမဲနံ့- အမဲနဲ့" ဟူ၍ ကြွေးကြော်အော်ဟစ် အားလုံး 'အရူးတပိုင်း' ဖြစ်ကုန်ကြလေတော့၏။ 'အရူးထ'ကြလေတော့၏။
   တကယ်တမ်း၊ 'အရူးစကား အရူးယုံ'တွေ၊ 'အရူးနောက်လိုက်' တွေသည်ကား ရိုက်သတ်လို့ပင် မကုန်၊ တပုံတခေါင်း။ ၎င်းတို့ဆည်းကပ် ကိုးကွယ်နေသော ဘုန်းကြီးခေါင်းဆောင်တွေပါ 'သွက်သွက်ခါ ရူး'ကြလေသည်မှာ 'ဘုန်းကြီးရူးနှင့် လှေလူးနှင့်'။
   ထို့ပြင်တဝ 'အရူးမ လင်လုပ်'လိုကြသည့် ကပ်ဖားရပ်ဖားတွေ ကလည်း တပုံတပင်။ 
    တနေ့သ၌၊ 'အရူးအရူးနှင့် အိမ်ဦးချေးပါ'၊ ၎င်းအရူးမှာ၊ ဆယ်သက်စားမကုန်နှိုင်သော စည်းသိမ်ဥစ္စာပုံကြီးကိုပင် အားမရနှိုင်ပဲ၊ သမတကြီးဖြစ်လိုဇောနှင့် အာဏာသိမ်း‌ယူလေ၏။ မဲမသမာမှူကြောင့်ဟု အကြောင်းပြလေသည်။ 'အရူးစကားကို အရူးများ ယုံကြ'၏။ 'ဘေးတီး'ပါမှ လုပ်တတ်ကြသည့် သဘာဝအတိုင်း၊ အရူးကတော် အရူးသားသမီး မြေးမြစ်တို့အပြင်၊ အရူးအုပ်စုကြီးမှ ဆရာ့ဆရာကြီး၊ ဆရာဘုန်းကြီး၊ တပည့်ကြီးတပည့်လေးတို့အားလုံးက ဝိုင်းဝန်းမြှောက်ပင့်ပေးကြခြင်းကြောင့် အာဏာသိမ်းယူခြင်းဖြစ်၏။ အာဏာသိမ်းစက ဝမ်း မြောက်ဝမ်းသာ စတုဒိသာထမင်းကျွေးသည့် ရွာပင် ရှိခဲ့လေ၏။ (ယခု ထိုရွာအုပ်မှူးမှာ ရွာ၌ မနေရဲရှာ။ သမီးရှိရာ နေပြည်တော်မှာလိုလို၊ ရန်ကုန်မှာလိုလို။)
    အာဏာသိမ်းသည်မှစ၍ အရူးတပ်ချုပ်ကြီးမှာ 'အရူးချီးပန်း' ထင်ရာ ရမ်းသမ်းလုပ်တော့၏။ အရူး၏တပည့်များ အရူး၏ဆရာများ အရူးကိုးကွယ်ခံ ဆရာတော်များကလည်း 'အရူးနောက်လိုက်'များ ပီပီ ဟုတ်ပါ့မှန်ပါ့သာလျှင် ပြောဆိုကြကာ 'ခွေးရူးကို ဗုံနှင့် မြှောက်'ပေးကြလေ၏။ (နတ်ရူးတော့ မဖြစ်နိုင်၊ ခွေးရူးသာလျှင် ဖြစ်၏။)
   ငြိမ်းချမ်းစွာ ဆန္ဒပြ၊ အသာတကြည် ပြန်တောင်းသည်ကို အကြမ်းဖက်ကာ သေနတ်ဖြင့်ပစ်ခတ်၏။ "မလုပ်ရဲတာဘာမှမရှိဘူး" ဟူသည့် ထိုအရူး၏ နောက်လိုက်များပီပီ "သေရဲတဲ့ကောင် ထွက်ခဲ့" ဟုလည်း စိမ်ခေါ်လေ ၏။ (အညာမြို့ပေါ်ရပ်ကွက်တခုအတွင်း သဲအိတ်အတားအဆီးများဖြင့် ကာကွယ်ကြစဉ်က၊ "ငါ့လမ်းထိပ် သဲအိတ်အကာမခံနှိုင်ဘူး၊ မော်တာသုံးဘီးနဲ့ စစ်ပင်စင်ထုတ်၊ သစ်စက်မန်နေဂျာအလုပ် အသွားရခက်တယ်။ ဒီသုံးဘီးက ဦးသိန်းစိန်ကပေးတာ။ သူတို့ပေးတဲ့ ပင်စင်လစာနဲ့ ငါတို့စားလောက်တယ်" ဆိုလာသော၊ ပေါင်၂ ချောင်းတို ခွေးမျိုးစစ်ထွက်က ခပ်မာမာ ပြောဆိုတားမြစ်ခဲ့ဖူး၏။)
   လိုရင်းသို့ သုတ်ခြေတင်ရလျှင်ဖြင့်၊ ၁၉၆၂ မှ ၂၀၂၁ အထိ နှစ်ပေါင်း ၅၉ နှစ်တာ အရူးတိုင်းပြည်၌ နေလာကြရသည့် မိဘဘိုးဘွားများကို တအံ့တဩ နားမလည်နိုင်ကြသော၊ ရက်စက်ယုတ်မာ သတ်ဖြတ်ရမ်းကား လူမိုက်စကားဖြင့် စိမ်ခေါ်သည်ကို မခံနိုင်ကြသော ဂျင်းဇီ မျိုးဆက်လေးတို့ ခမျာ၊ သည်းမခံနိုင်သည်အဆုံး၊ စစ်ပညာသင် ထွက်ကုန်ကြတော့၏။ အရူးအသိုင်းအဝိုင်းအပေါင်းကလည်း၊ "၆၂ က လိုပဲ၊ ၈၈၈၈ က လိုပဲ၊ အီလည် လည်ဖြစ်သွားမှာပါပဲ"ဟု ထင်မြင်ယူဆ၊ ပြောကြားကြကုန်၏။ ကာလ ဒေသ ပယောဂကိုမျှ နားမည်ကြလေသော အရူးများနင့် အရူးနောက်လိုက်များ ပါတကား။
   ဆန္ဒပြင်းပြ လုံ့လအားကြီး အသီးသီးအသကအသက ခေတ်ပညာတတ်မြောက် သင်ယူခဲ့ကြလေသော ဂျင်းဇီလေးတို့မှာ၊ ၃ နှစ် ၃ မိုး ဆင်းရဲဒုက္ခခံကာ စစ်ပညာသင်ယူပြီးသကာလ၊ ပြန်လာကြကုန်၏။ ယူနီဖောင်းနှင့် သေနတ်ပြောင်းနှင့်။ အရူးတွေလို ပရမ်းပတာ မဟုတ်။ ဓားပြတိုက်လူသတ် ရွာတွေမီးရှိူ့မလုပ်။ စစ်သည်တော်ကျင့်ဝတ် စည်းကမ်း၊ စစ်သည်တော်တို့၏ သစ္စာကျမ်းနှင့်။ ပြည်သူကို ကျောမပေး၊ ပြည်သူသို့ အစဉ်မျက်နှာမူ။ ပြည်သူအပေါင်းက တခဲနက် ကြည်ကြည်ဖြူဖြူ ကြိုဆိုကြလေ၏။ သူတို့လေးတွေက တမြို့ပြီးတမြို့ သိမ်းယူကြ၏။
   အရူးအဖွဲ့ကလည်း အသိမ်းခံရသောမြို့ကို လေယဉ်ဖြင့် ဗုံးကြဲဖျက်ဆီးပစ်၏။
   ဂျင်ဇီအပေါင်းတို့က မမှူ။ နောက်မတွန့်။ မြို့ကြီးများအပြင် အရူးစစ်တက္ကသိုလ်၏ ပြဋ္ဌာန်းချက်တွင်ပင် ထည့်သွင်းထားသော နာမည်ကြီး တိုင်းစစ်ဌာနချုပ်ကြီးကိုပင် သိမ်းပြလိုက်လေ၏။
   အရူးအပေါင်းတို့မှာ 'အရူးမီးဝိုင်း' ဖြစ်ကြရတော့သည်။ ရုရှသို့ပင် သွားရောက်ကာ စစ်ကူတောင်းရလေ၏။ ပြည်သူကို တိုက်ရန် ပြည်ပသို့ စစ်ကူတောင်းသတတ်။ (သွားရောက်တောင်းခံသူ၏ သားစဉ်မြေးဆက်ကို မှတ် တမ်းယူထားသင့်၏။ ချောင်းရိုးမြောင်းရိုးသာလျှင် တိမ်ကောကောင်း တိမ်ကောနှိုင်မည်။ မျိုးရိုးဟူသည် ဘယ်သောအခါမှ မတိမ်ကော။ စင်စစ် အရူးအားလုံးတို့၏ မျိုးဆက်များကို မှတ်တမ်းယူထားကာ၊ ဆိုရှယ်ပန်းနစ်မင့် 'အက်စ်-ပီ' လုပ်သင့်လှပါ၏။ အမျိုးယုတ်ညံ့ မြည်းမျိုးထဲမှ သိန္နောမြင်း ထွက်ရှိသည်မှာ ကမ္ဘာအသ‌င်္ချေကြာ‌ပါလေမှ တခါတရံသာ ဖြစ်ပါ၏။)

(ခ) အရူးပေါင်းက တက်တက်စင်။

   'အရူး'ကား (၈) မျိုး ရှိလေ၏။
(၁) လောဘအလို၊ လိုက်သူကို၊ ခေါ်ဆို 'ကာမရူး'။
(၂) ဒေါသအလို၊ လိုက်သူကို၊ ခေါ်ဆို 'ကောဓရူး'/ ညှဉ်းဆဲအလို၊ လိုက်သူကို၊ ခေါ်ဆို 'ကောဓရူး'။
(၃) အယူမှားကို၊ လိုက်သူကို၊ ခေါ်ဆို 'ဒိဋ္ဌိရူး'။
(၄) မသိမှုအလို၊ လိုက်သူကို၊ ခေါ်ဆို 'မောဟရူး'။
(၅) စုန်းနတ်အလို၊ လိုက်သူကို၊ ခေါ်ဆို 'ယက္ခရူး'။
(၆) သည်းခြေအလို၊ လိုက်သူကို၊ ခေါ်ဆို 'သည်းခြေရူး'။
(၇) သေရက်အလို၊ လိုက်သူကို၊ ခေါ်ဆို 'သေရည်ရူး'။
(၈) သောကအလို၊ လိုက်သူကို၊ ခေါ်ဆို 'ဗျသနရူး'။
- လောကကြီးမှာ၊ ရူးသူဟာ၊ ရှစ်ဖြာ မှတ်ကြဦး။
- အထက်အဆိုပါ၊ တပ်ချုပ်မှာ၊ ရှစ်ဖြာစလုံး ရူး။

(ဂ) ခွေးရူးကောင်းစား တမွန်းတည့် (သို့) အရူးတို့၏ နိဂုံး။

   "ရမခ တိုင်းစစ်ဌာနချုပ်နှင့် မြို့ ၇၅ ခုကို သိမ်းပိုက်နိုင်သည်အထိ စစ်တပ် ပြိုလဲနေသော်လည်း၊ မင်းအောင်လှိုင် ရူးနေ၍ ဆက်လက် ခေါင်းမာနေဟု NUG ယာယီသမ္မတ ဩဂုတ် ၁၀ ရက်‌နေ့က ပြောကြားခဲ့သည်။ ညီညွတ်မှုအားဖြင့် ဆက်လက် တိုက်ပွဲမည်။"

"အခုအချိန်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့လည်မျိုကို ပြည်သူလူထုက ညှစ်ထားပြီးဖြစ်ပါတယ်။ ကိုင်ထားပြီးဖြစ်ပါတယ်။ ဆက်ပြီးတော့ ညှစ်သတ်လိုက်ရုံပဲ လိုပါတော့တယ်။ အဲဒီ့အပိုင်းကို အားမလျှော့ပဲ ဆက်ပြီးတော့ ဆုံးဖြတ်ချက်မှန်မှန်နဲ့ လုပ်ဆောင်သွားကြဖို့ဖြစ်ပါတယ်။" 
(ဒူဝါလရှီးလ။ နိုင်ငံတော်ယာယီသမ္မတ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူများသို့ အောင်စကား" မှ)


သုခိတာ ဟောထ၊ ချမ်းသာစွာဖြင့် နေရပ်အိမ်ယာ ပြန်လာနိုင်ကြပါစေ။

မောင်ဘဦး 
(၈၆၊ ခေါင်ဆန်း ၈)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar