ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း- သတင်းပလင်း ( ၃ )
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း- သတင်းပလင်း ( ၃ )
(မိုးမခ) ဩဂုတ် ၁၁ ၊ ၂၀၂၄
လားရှိုးမှာတော့ အုပ်ကြီးဟောင်းတွေ ခေါ်စစ်နေပြီနော်။ မြို့သိမ်းခံရတာနဲ့ အရင်ဆုံး အစစ်အဆေးခံရမှာက အုပ်ကြီးပဲ။ ပြီးရင် ဒလန် ကြံ့ဆိုး ချိုကျိုးနားရွက်ပဲ့တွေ။ ရပ်ကွက်က အကုန်သိဆိုတော့ လိမ်လို့လဲမရ ပြေးမယ်ဆိုလဲ စောစောစီးစီးကြွကြ။ မအလ ပြောတဲ့ ရွေးကောက်ပွဲ ယုံပြီး စောင့်နေလို့ကတော့ ကိုယ်ညစ်ထားတာတောင် ကိုယ်စားလိုက်ရမှာမဟုတ်။ ကိုကိုကြီးတို့သာကြည့်၊ လွှတ်တော်ထဲ ကျိုင်းဒုတ်ထမ်း ဝင်ရမယ်ထင်နေတာ၊ ဆိုင်းဘုတ်တောင် တင်ရဖို့မလွယ်ရှာ။
မြိုင် ကိုင်းတောမရဲစခန်းက စစ်ခွေး ရဲခွေး ပျူခွေးလေးတွေ ကိုက်စရာ အမဲရိုးမရှိတော့လို့ စခန်းထားသွားကြလေသတည်းတဲ့။ ငါမငတ် ငါ့တပ်မလစ်စေရ ဆိုသလိုပေါ့လေ။ ဖြတ်လေးဖြတ်ဆိုတာကို တပ်ပိုင် ထင်နေတာကိုး။ ခုတော့ သူတို့လဲ အဖြတ်ခံရမယ်ဆိုတာ သားသားသိပြီပေါ့။
အညာကလဲ အညာဟန်။ အညာမှာ မိုင်းတောင် ထန်းလုံးမိုင်းနော်။ ဦးအောင်ဇေယျခေတ်တုန်းကတော့ ထန်းလုံးဆိုတာ ခံတပ်လောက်သုံးတာ။ အညာပီဒက် Zခေတ်မတော့ ထန်းလုံးဟာ တိုက်စစ်မိုင်းဖြစ်လာ။
၁၀၂၇ စစ်ဆင်ရေးမှာ မအလ လှူဒါန်းတဲ့ ဂန်းတွေက တလှိုင်းနဲ့တလှိုင်း မထပ်ဘူးဆိုဘဲ။ ဒီဘဝ ဒီလိုလှူဒါန်းတဲ့ အကျိုးအားကြောင့် နောက်ဘဝဆက်တိုင်း လက်နက်စကြာသခင် ဖြစ်ရပါလိုကြောင်း ဆုတောင်းသတဲ့။
သရေကြိုးဆိုတဲ့ ငနာ၊ တနေ့ကတော့ တရုတ်ကို မိုးပြောဂျိုးပြော ဖောနေတာ။ သူ့ကောင်တွေကလဲ သံယောင်လိုက်ဟောင်။ တရုတ်တွေပဲ လိုက်သတ်ကြမလိုလို။ ဟော ခု တရုတ်ပြည်က ဧည့်သည်လာတယ်လဲဆိုရော ပုဆိုးတောင် မဝတ်နိုင်၊ ကပျာကယာ ဘောင်းဘီတိုနဲ့ပြေးထွက်လာ၊ သွားဆရာဝန်နဲ့တွေ့သလို သွား၃၂ ချောင်းလုံးဖြဲပြ။ ဝမ်စွေ့ ဝမ်စွေ့ ဝမ်ဝမ်စွေ့တွေ လုပ်ပြ။ အမြီးလေးတနန့်နန့်နဲ့ ဒန့်ပြ။
သည်းခံတောင်ဘုရားတဲ့။ တောင်ကုတ်က တောင်တခုပေါ်က ဘုရားပေါ်မှာ စစ်တပ်က လက်နက်ကြီးဆင် ထိုင်ထားတာ။ ဒီလို ဘုရားရိပ် တရားရိပ်က ကြင်စိုးတပ်က ခိုနေကျ။ ရခိုင်မဘသတွေ အကြိုက်ပေါ့လေ။ စစ်တပ်က တိုင်းရင်းသားနယ်မြေတွေမှာ ဘုရားတည်ပြီဆို စစ်ရေးအရ အရေးကြီးတဲ့ တောင်ကုန်းတွေပေါ် တည်တာဘဲ။ အကာအကွယ်နဲ့ အထိန်းအသိမ်းရအောင် သာသနာပြု တကျောင်းလဲ ဆောက်ပေါ့လေ။ ဟိုကိုယ်တော်ကတော့ ဗုဒ္ဓသာသနာ ရောင်ဝါနေသို့ထွန်းစေသောဝ် ထင်နေရှာတာ။ လိုအပ်ရင် စစ်ရေးအသုံးပြုဖို့လို့ ဘာသိမှာလဲ။ ခု တကယ်စစ်ရေးကြုံလာတော့ ဘုရားတိုင်း ခံတပ်ဖြစ်တော့တာဘဲ။ အဲလိုကို သာသနာပြုတာ။ ဘုရားလဲဖူး အာဏာလဲရူး။
ခွေးသဘာဝမှာ အမဲရိုးတချောင်းရထားရင် အနား ဘယ်ခွေးလာလာမကြိုက်ဘူး။ ဂီးဂဲလုပ်တော့တာ။ ခွေးကလဲ ခွေးကိုး၊ ခွေးကြီးတွေဆိုရင် ဗြီးဗြဲလုပ် ချီသွားတာလေ။ တခါ အမဲရိုးကို တနေရာ သွားယက် ဖွက်ထားသေးတာ။ အဲဒီနား ခွေးတကောင်ကောင်သွားရင် ပြဿနာရှာပြီ။ အဲသတင်းဖတ်ကြည့်။
တာချီလိတ် ဗျူဟာမှူးကို လိုင်းကြေးပေးထားတဲ့ ကျားဖြန့်လုပ်ငန်းကို အမြောက်တပ်အရာရှိက ငွေဝင်တောင်းရာ စစ်ဗျူဟာက အမြောက်တပ် အရာရှိကို ပြန်ဖမ်း
မဲခေါင်၊ သြဂုတ် ၈
တာချီလိတ်မြို့ ဆေခန်းရပ်ကွက်အတွင်းက တရုတ်နိုင်ငံသားတွေလုပ်ကိုင်နေတဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို သြဂုတ် ၅ ရက်နေ့ ညက အမြောက်တပ်အရာရှိတွေက ဝင်ရောက်ဖမ်းဆီးဟန်ပြပြီး ငွေတောင်းခံရာ စစ်ဗျူဟာမှူးကို လိုင်းကြေးပေးထားတဲ့ လုပ်ငန်းနေအိမ်ဖြစ်နေလို့ တာချီလိတ်စစ်ဗျူဟာ အခြေချက ငွေတောင်းသူတွေကို ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်တဲ့။
ကဲ ပြောဘူးလား။
ကိုင်း ကိုင်း မူဆယ်ကို ယူမယ်၊ တိုင်းမှူးရေ ကိုင်းကူးမလား၊ စဉ်းစားပါလို့ တိုက်ရိုက်ဖုံးဆက်ပြောထားပြီးသားတဲ့။ ကိုင်းကူးရင် မူဆယ်မှာအခြေချ နေရနိုင်တာပေါ့။ မြို့ မဖျက်သူ တိုင်းမှူးအဖြစ်သမိုင်းကျန်ရစ်ပြီး လူလိုသူလိုနေလို့လဲ ရတာဘဲလေ။ မဟုတ်ရင် မအလအတွက် တိုက်ရင်းအသေခံမလား၊ မအလသတ်တာ ခံမလား။ ဒါဘဲရှိတာ။
မအလက ကောက်ကျစ်တဲ့နေရာမှာတော့ မြေခွေးကပါ ဆရာတင်ရတဲ့ ခွေးထက်ခွေး။ မောင်းတောမှာ ဘာသာရေး လူမျိုးရေးမီးစပယ်ရှယ်ရှို့ထားတယ်။ မွတ်စလင်တွေကို လက်နက်တပ်ပေးတယ်။ စစ်သင်တန်းပေးတယ်။ အာဆာနဲ့ မဟာမိတ်လုပ်တယ်။ သူတို့ရှုံးသွားပြီးရင် အတူယှဉ်တွဲနေမရအောင် ချေမွထားခဲ့တာ။ တိုက်ရစ်ကြပေါ့လေ။
အဲဒါမျိုးကို ရှမ်းတောင်မှာလဲ ပအိုဝ်းတွေကို ရှယ်ပလန်နဲ့ စီမံပြီး အနားရှိသမျှလူမျိုးအားလုံးနဲ့ ရန်တိုက်ပေးထားတာ။ ပအိုဝ်းရှေ့ရေး ရင်လေးစရာ။ မွတ်စလင်တွေ သေသလို ခုကို ပအိုဝ်းလူငယ်လေးတွေ သေကြလှပြီ။ ပအိုဝ်းကတော့ လူမျိုးလိုက် ရွံအောင် လုပ်ခံရတာ။ လူသတ် မုဒိမ်း သူတို့ကျောင်းကန်တွေကို လက်နက်ကြီးနဲ့ တဒိန်းဒိန်းထုနေတဲ့ စစ်ဘီလူးအုပ်စုကို ထောက်ခံဆန္ဒပြပြီဆို ရှေ့ဆုံးနဲ့ လူအစည်ဆုံးဆို မေးမနေနဲ့ ပအိုဝ်းဘဲ။ အမယ် အမျိုးသားဝတ်စုံလေးနဲ့ကို ချီတက်ကြတာနော်။ ရှင်လောင်းလှည့်တို့ ကထိန်လှည့်တို့ မီးလှည့်တို့ ဘုရားကျောင်းတက်တို့ မင်္ဂလာတို့လို ရိုးရာပွဲလမ်း အခမ်းအနားတွေမှာ မြတ်နိုးစွဲလမ်းစရာ ပန်းချီဓာတ်ပုံသမားတွေပါ ပုံဖော်ကြတဲ့ တဘက်ကျားနဲ့ ဝတ်စုံနက်ပြာရဲ့ပုံရိပ်က ပျက်တော့မှာ။
စကားမစပ် မေမြို့က လေသေနတ်နဲ့ပဲ သိမ်းတော့မယ်နော်။
ဒီနေ့ အစားအဆာ မေမြို့မှာပဲရတဲ့ ဂျင်းလက်ဖက်ရည်ပူပူလေး။ အိမ်ပြန်လက်ဆောင် မလှိုင်ခဲ။
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar