ကိုနီတွတ် - ဖြစ်ကြောင်းရယ် ကုန်စင် ပုံပြင်တဲ့လား
ဖြစ်ကြောင်းရယ် ကုန်စင် ပုံပြင်တဲ့လား
ကိုနီတွတ်
(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၄
မပြောချင်လည်းပြောရပါဦးမည်။ ဘာအခုမှကြောက်ပါပြီလဲဟုမေးရလောက်ကလည်း လွန်ခဲ့ သော ၃/၄ နှစ်အထိ ထမ်းဆောင်သည့်ဌာနမတူသော်လည်း ဌာနအသီးသီးတွင် တာဝန်ကိုယ်စီထမ်းခဲ့ကြသူများ။ ခွေးပြေးဝက်ပြေးဟု ပြောပြန်ရင်လည်း ရိုင်းရာကျသည်။ ပြေးလိုက်ကြတာ အမြီးကိုတန်းနေတာပဲဟုဆိုပြန်ကလည်း သူစိမ်းဆန်လွန်းသည်။ ပြေးလိုက်ကြတာ နောက်ကျတဲ့ခြေ ထောက် သစ္စာဖောက်ဟု ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျသည်။ မပြတ်သားသူတွေ ခုတော့ ဘာတတ်နိုင်သေးလဲဟု မေးငေါ့ပြန်က ရက်စက်ရာကျသည်။ နိုင်ငံရေးက ငါတို့နှင့်မဆိုင်ဘူးဆိုသူများ ခု မင်းတို့ထိနေပြီဟုပြောပြန်ရင်လည်း အားနာစရာကောင်းသည်။ ငါတို့ကကြားနေပါ၊ အဖြူရောင်ပါဆိုသူများ ခံလိုက်ကြပေါ့ဟု ဆိုပြန်ကလည်း မစာနာရာကျသည်။ အပြင်စီးပွားရေးမလုပ်တတ်၊ လခစားအလုပ်ပဲလုပ်တတ်တာဆိုသူများ ခြေတိုအောင်ပြေးကြပေါ့ဟု ပြောပြန်ကအထင်သေးရာကျသည်။
လွတ်လပ်တဲ့ခေတ်ကြီးမှာ လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိတယ်ဆိုသူများလွတ်အောင်ပြေးကြပေါ့ဟုဆိုပြန်က မလေးစားရာကျသည်။ အကြမ်းဖက်မအလကိုထောက်ခံလို့မဟုတ်ဖူး၊ အဖမ်းခံရမှာကြောက်လို့ဆိုသူများ ဆက်ကျွန်ခံကြပါလေဟုဆိုရင်လည်း ထေ့ငေါ့ရာပေါက်သည်။ ငါတို့ကနိုင်ငံတော်အပေါ်သစ္စာရှိရှိ၊ တာဝန်သိသိ ဆိုသူများ ချိုမြိန်ကြရဲ့လားဟုမေးပြန်ကလည်း မခေါ်မပြောနိုင်လောက်အောင်ရှိခဲ့သည်မဟုတ်။ ငါတို့က စစ်သားမျိုးရိုး နိုင်ငံတော်ကိုအသက်ပေးကာကွယ်မည်ဆိုသူများ မင်းတို့လုပ်ရပ်မှန်ရဲ့လားဟုဆိုပြန်ကလည်း သူတို့၏ခံစားချက်ကို ဥပေက္ခာ ပြုရာကျသည်။
ထိုသူများကား မအလဦးဆောင်သော လူယုတ်မာတစ်စု၏ မတော်မတရားလုပ်ရပ်များကိုသိလည်း သိ၏။ မြင်လည်း မြင်၏။ တွေ့လည်း တွေ့၏။ သိပင်သိငြား ခိုင်းစေမှုကို ခေါင်းညိတ် လုပ်ဆောင်ပေးသည်။ သဘောတူလက်ခံကြသည်။ ပြည်သူများ၏ရှုတ်ချမှုကိုမကြားယောင်ပြုကာ အလုပ်အပေါ်သစ္စာရှိဟန်ပြု၏။ လူယုတ်မာတစ်စု၏အမှားများကို အားဖြည့်ပေး၏။ အများပြည်သူအပေါင်း မည်မျှပင်ဆင်းရဲဒုက္ခကြုံပါစေ မသိကျိုးကျွန်ပြုနိုင်သည်။ ပြည်သူများက မည်သို့ပင်တောင်းဆိုစေကာမူ ကိုယ့်စိတ်နဲ့ကိုယ်ဟု သဘောထားနိုင်သည်။ ဒုက္ခရောက်နေသူများထဲတွင် မိမိတို့ဆွေမျိုးများပါလင့်ကစား ရေငုံနုတ်ပိတ်နေကြသည်။ တွေ့ကြုံရသောဒုက္ခအပေါင်းကိုလည်း မယှဥ်သင့်တာယှဥ်တော့ အခုလိုကြုံတာပေါ့ဟု အကြံပြုသလိုလိုနှင့် ရှုတ်ချတတ်သည်။ အတိတ်ကမကောင်းတာလုပ်ခဲ့လို့ အခုလိုမိမိထံပြန်လာတာဟု ပညာရှိဟန်ဖြင့် ဘာသာရေးမှိုင်းတိုက်တတ် သည်။ ဆင်ခြေအပေါင်း၊ အကြောင်းပြချက်အပလိန်းဖြင့် သူတို့လုပ် ရပ်သာအမှန်ဟုကာကွယ်တတ်သည်။ထိုအချက်များကားနွေဦးတော်လှန် ရေးထဲက Non-CDM များ၏စရိုက်လက္ခဏာအချို့သာဖြစ်သည်။
လူချင်းမတူတာ နားလည်၏။ စိတ်ခြင်းမတူတာလည်း သိ၏။လုပ်ဆောင်ချက်ခြင်းမတူနိုင်တာကိုလည်း သဘောပေါက်၏။ လွတ်လပ်စွာသဘောကွဲလွဲခွင့်ကိုလည်း လုံးလုံးသိပါ၏။ သို့ပေသိ လုပ်ရပ်တစ်ခု၏ အမှန်အမှားကို ခွဲခြားသိပြီး အမှန်လမ်းကြောင်းအတိုင်း လိုက်နာသင့်သည်မဟုတ်လော။ ငယ်ရွယ်ပညာသင်ချိန် အခြေခံပညာမှသည် အဆင့်မြင့်ပညာအတန်းများအထိ တွေ့ကြုံရသောအာစရိယဆရာများကလည်း အမှန်အမှားအကြောင်း လမ်းညွှန်သင်ကြားပေးကြသည်မဟုတ်လော။ ဘိုးဘွားမိဘဆရာဆွေမျိုးများကလည်း အမှန်တရားကို ချစ်မြတ်နိုးစေရန်ဆုံးမပေးခဲ့သည်မဟုတ်လော။ ပညာတန်ဆောင် အလင်းရောင် ဖြစ်သင့်သည်။ ပညာသမာ အာဘာနတ္ထိ ဟုဆိုသော်လည်း အသုံးမချတတ်သောထိုပညာသည် Non-CDM များအတွက် ကောင်းကျိုးထက် ဆိုးကျိုးသာရကြောင်းကို မြင်ကြပါလေစ။
မြန်မာပြည်သူတို့၏နွေဦးတော်လှန်ရေးတွင် မြောက်ပိုင်းညီနောင်သုံးဖော်တို့ ဘာသိဘာသာနေခဲ့ကြသည်။ ထဲထဲဝင်ဝင်မပါခဲ့သော်လည်း သူတို့နယ်ရောက်လာသော CDM ဝန်ထမ်းများကို လက်ခံကြိုဆိုခဲ့သည်။ Non-CDM များနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်များရှိခဲ့သော်လည်းတင်းမာခြင်းမရှိခဲ့။ ထို EROs တို့နယ်က မြို့ပြများတွင် စကစကျွန်ဝန်ထမ်းလုပ်ရင်း ဟန်မပျက် လခထုတ်နေကြသည်။ CDM ပြုလုပ်သူများ၏တွေ့ကြုံရသောအခြေအနေဆိုးများကို ရူးနှမ်းသောလုပ်ရပ်ဟု အထင်မြင်သေးခဲ့သည်။ စေတနာရှိသလိုလိုဖြင့် အလုပ်ပြန်ဝင်ရန်ကိုလည်း ဆွယ်တရားဟောခဲ့ပြန်သည်။ မဲပေးစဥ်က ဒေါ်အောင်ဆန်းစုကြည်ကိုပေးခဲ့ပါသည်ဆိုသောသူများ အကြမ်းဖက် မအလဘက်တော်သားများ ဖြစ်ကုန်သည်။ မိမိတို့လူမျိုးပါတီကိုမဲပေးခဲ့ပါသည်ဆိုသောဒေသခံများလည်း မအလ၏ကျေးတော်ကျွန်တော်မျိုးများ ဖြစ်ကုန်သည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ၊ သူဆန်စားရဲမှဟု မင်းအောင်လှိုင်က လခပေးထားဟန် ထင်ကြသည်။ ပြည်သူ့ဝန်ထမ်းမှသည် မအလ ကျွန်စစ်စစ်ဖြစ်ကုန်သည်။
1027 operations ပထမလှိုင်းစရော ထိုစကစကျွန်ဝန်ထမ်းများအခြေယိုင်လာသည်။ အနေပျက် ယွင်းလားသည်။ မအလအကြမ်းဖက်တပ်များ၏ ကာကွယ်ပေးမှုအနည်းငယ်က သူတို့အတွက်မလုံခြုံခဲ့။ သို့သော် Non-CDM မှCDM အဖြစ် လုံးဝပြောင်းမဝင်ခဲ့ပဲ လစာဆက်ယူနေပြန် သည်။ ညီနောင်သုံးဖော်တို့သိမ်းပိုက်ထားသောနယ်မြေများတွင် ဆက်နေ၍မရတော့။ EROs တပ်များကမူဝါဒများကို ထပ်မံကြပ်လိုက်သောအခါဆက်နေလိုလျှင် မအလကျွန်ဝန်ထမ်းအဖြစ်နုတ်ထွက်ရန်နှင့် အလုပ်ကိုမစွန့်လွတ်နိုင်ပါက ထွက်ခွာသွားရန်သာ ရှိသည်။ ညီနောင်သုံးဖော်၏ စစ်ဆင်ရေးပထမလှိုင်းတွင် ထိုကျွန်ဝန်ထမ်းများအခွင့်အရေးအနည်းငယ်ရခဲ့သည်ကလည်း အမှန်။ ဟိုင်ဂင်စာချုပ်ကြောင့် အပြစ်အခတ်ရပ်စဲလိုက်သောအခါ သိမ်းပိုက်ရန်ကျန်နေသောမြို့များသို့ ထိုဝန် ထမ်းများအတွဲတာဝန်ဆက်လက်ထမ်းဆောင်ခဲ့ကြပြန်သည်။ သူတို့၏အကြမ်းဖက်မအလတပ်ကြီးက အသိမ်းပိုက်ခံနယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်နိုးထင်ယောင်ထင်မှား မျှော်လင့်ကြပြန်သည်။
အကြမ်းဖက်မအလကလည်း အဖက်ဖက်ကလျော့နည်းကျဆုံးလာသောသူ၏ခါးပိုက်ဆောင်တပ်ကိုအစားထိုးနိုင်ရန် အသက်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းလိုက်သောအခါ ကူညီကြပြန်သည်။ အားတက်ကြပြန်သည်။ လုံခြုံသည်ထင်ပြီး သတင်းပေးသတင်းယူကြပြန် သည်။ မိမိတို့လုပ်ရပ်ဖုံးကွယ်ရန် ယုန်သူငယ်ဟန်ဆောင်ကြသည်။ ခေတ်ပျက်တွင်လခစားဝန် ထမ်းတစ်မျိုးသာ လုပ်ကိုင်စားတတ်သည်ဟု " အ" ဟန်ဆောင်ကြသည်။ ပြည်သူများ၏ရွေးချယ်ခွင့်မရသောဘဝများကိုနင်းချေကြသည်။ သို့သော် TNLA/ MNDAA /PDF ပူးပေါင်းတပ်များ၏ 1027 operations ဒုတိယလှိုင်းကိုစတင်လိုက်ရော ထိုနယ် ထိုမြို့ ထိုဒေသရှိ မအလ၏ ကျွန်ဝန်ထမ်းများမျှော်လင့်ချက်အားလုံး ပြိုလဲကုန်တော့သည်။ မအလကျွန်ဝန်ထမ်းများ၏စရိုက်က တစ်မျိုး။
အထက်လူကြီးများက ခေါင်းဆောင်ပီသစွာ အရင်ပြေးတတ်သည်။ လက်အောက်ခံများကိုတော့ ဟန်မပျက် ဆက်လက်တာဝန်စေသည်။ လုံးဝမဖြစ်နိုင်တော့မှ အလုပ်ခွင်ကို ခွာခွင့်ပေးတော့သည်။ ဤသည်ကို စိတ်မနာတတ်သောအောက်ခြေဝန်ထမ်းများ ခေတ်ပျက်ကာလအတွင်း စုမိဆောင်းမိသမျှထုတ်ပိုးကာ အိုးပစ်အိမ်ပစ် ဆက်လက်ထွက်ခွာပြန်သည်။ သူတို့ပြေးရာဒေသများသည် ယခုလောလောဆယ်တော်လှန်ရေးတပ်များ ၏ တော်လှန်စစ်မရောက်နိုင်သေးသော်လည်း နောင်တစ်ချိန်ရောက် လာနိုင်ကြောင်း သတိမရကြ။ အကြမ်းဖက်မအလကိုမကြိုက်သော်လည်းရွေးချယ်စရာမရှိ၍ တာဝန်ထမ်းရပါသည်ဆိုသော ထိုမအလ Non-CDM များကား မအလအပေါ် သစ္စာရှိနေဆဲ။ တော်လှန်ရေးတပ်များကြောင့်အခြေအနေမငြိမ်မသက်ဖြစ်ကာ ထွက်ပြေးရပါသည်ဟုအပြစ်တင်ကြပြန်သည်။ မြင်ကြသည်။ နွေဦးတော်လှန်ရေးကိုပါဝင်ဆင်နွဲခဲ့သော CDM ဝန်ထမ်းများကို မအလကဥပဒေမဲ့ဝရမ်းထုတ်၍ ထွက်ပြေးခဲ့ရသည်ကိုအပြစ်မြင်သော ထို Non-CDM ဝန်ထမ်းများ ဝဋ်လည်ကုန်သည်။ ကိုယ့်အလုပ်မလုပ်ပဲ မိမိနှင့်မဆိုင်သောနိုင်ငံရေးကို ပါဝင်ချင်ဦးဟု ထေ့ခဲ့သောသူများ အပြေးချန်ပီယံဖြစ်ကုန်သည်။
စစ်ပွဲတစ်ပဲဲဖြစ်လျှင် စစ်ပဲဲြဖြစ်ရာဒေသမှပြည်သူများ မိမိရပ်ရွာကိုခေတ္တစွန့်ခွာရမည်မှာ မလွဲ။ ထိုပြည်သူထဲတွင် CDM /Non-CDM များ ပါဝင်သည်။အချိန်တန်လျှင် အိမ်ပြန်ရစမြဲမဟုတ်လော။ မည်သူမဆို မိမိရပ်ရွာဇာတိလုပ်ငန်းခွင်တို့ကို သတိရစမြဲ။ နေချင်စမြဲ။ ပြန်ချင်စမြဲ။ ယခုလည်းကျွန်တော်တို့ရှမ်းမြောက်နယ်မြေအတော်များများကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ကြပြီးလေပြီ။ နွေဦးတော်လှန်ရေးကနဦးကတည်းကတော်လှန်ရေးတွင်မိမိတတ်နိုင်သောအခြေအနေများမှပါဝင်ခဲ့ကြသော CDM ဝန်ထမ်းများ အချိန်တန်တော့ အိမ်ပြန်ခွင့်ရကြလေပြီ။ MDY PDF က CDM ကျောင်းဆရာနွယ်နီအကြောင်း အင်တာဗျူးတခုတွင်တွေ့ရချိန် CDM များဝမ်းသာမိကြသလို အားတက် အားကျခဲ့ကြသည်။ သို့သော် Non-CDM ဝန်ထမ်းများမှာတော့ ထွက်ပြေးပြီးရင်း ထွက်ပြေး နေရသည်။ဤကမ္ဘာလောကတွင် အမှန်နှင့်အမှားရှိသလို ထိုအမှားအမှန်နှစ်ဖက်၏ ပွတ်တိုက်မှုများလည်း ရှိသည်။ အဆုံးသတ်တွင် အမှန်တရားသာ အနိုင်ရစမြဲမဟုတ်လား။ နွေဦးတော်လှန်ရေးဘက်တော်သား CDM ဝန်ထမ်းများနှင့် အိမ်လွမ်းနေသော တော်လှန်ရေးသမားများအားလုံး၏ အောင်ပွဲကား တစ်စတစ်စ ရုပ်လုံးပေါ်လာလေပြီမဟုတ်လော။ မြန်မာ့နွေဦးတော် လှန်ရေးအောင်ပွဲကား လက်တစ်ကမ်း ရောက်နေပါပြီလေ။
ကိုနီတွတ်
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar