အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၁၆ )
နွားထိုးကြီးမြို့ ဟာ တော်လှန်ရေးသမားတွေ လက်ထဲ ကျသွားပြန်ပြီ။ ပြည်သူတွေက တော်လှန်ရေးတပ်တွေကို သောင်းသောင်းဖျဖျ ကြိုဆိုနေပုံတွေ လူမှုကွန်ရက်မှာ တွေ့ရတယ်။ မြို့ထဲဝင်လာတဲ့ ကားတွေပေါ်မှာ တော်လှန်ရေးလူငယ်တွေ အော်ဟစ် ပျော်ရွှင်နေပုံတွေ၊ ဒေသခံ မိန်းမပျိုလေးတွေရဲ့ "အစ်ကိုကြီးရေ ချစ်တယ် " ဆိုတဲ့ ပျော်ရွှင်သံတွေဟာ ကျွန်တော်တို့ရင်ကို "ထိ" တယ်။
မင်းအောင်လှိုင်ရဲ့ ၁၀၂၇ ဒုတိယပိုင်း စစ်ရှုံးမိန့်ခွန်းပြောပြီးနောက်မှာ တော်လှန်ရေးတပ်တွေလက်အောက်ကို တမြို့ပြီးတမြို့ ကျရောက်ခဲ့တယ်။ ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့တွေ ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်လိုက်ပြီ ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပြီးနောက် ပြင်ဦးလွင်က စစ်တပ် မိသားစုတွေ မန္တလေးကို အလုအယက် ထွက်ပြေးကြတယ်။ လမ်းမှာ ပိတ်မိနေတဲ့ စစ်ရှောင်ကားတန်းကြီးဟာ မိုင်နဲ့ချီရှိတယ်။ မေမြို့က စစ်လော်ဘီတွေ (ဇော်မိုးဟိန်းအပါအဝင်)လည်း နေပြည်တော်ကို လစ်သွားပြီလို့ လော်ဘီသတင်းရပ်ကွက်က ပြောနေကြတယ် ။
တော်လှန်ရေးတပ်တွေ လက်ထဲ စစ်လက်နက်တွေ အပုံလိုက် အပုံလိုက် ပေးနေရတဲ့ မင်းအောင်လှိုင်ရဲ့ အလှူတော်ကို ဦးဝီရသူက သာဓု ခေါ်တယ်။ သင်္ကန်းဝတ်တွေက လက်နက်ကိုင်တွေကို အမိန့်ပေးနေပြီး စစ်ဗိုလ်ချုပ်တွေက နှုတ်ဆိတ်နေကြတော့ ကျနော် ဘာမှ မပြောချင်တော့ဘူးလို့ စစ်တပ် လော်ဘီ ကျော်မျိုးမင်းက ရင်ဖွင့်တယ်။ စစ်လော်ဘီ မပုတုက "ခလုတ်တချက်နှိပ်လိုက်ရုံပဲ ဆိုတဲ့ ဇော်မဲလုံး နင် နှိပ်မယ့်ခလုပ်က ဘယ် xx ထဲရောက်နေပြီလဲ" လို့ မေးခွန်းထုတ်တယ်။
တရုတ်အထူးကိုယ်စားလှယ်ကလည်းမင်းအောင်လှိုင်ကို လာတွေ့တယ်။ သေခါနီး လူမမာကို သတင်းမေးဖို့ ရောက်လာတာလို့ လမ်းဘေး လက်ဖက်ရည်ဆိုင် တိုးတိုးတိတ်တိတ် နိုင်ငံရေး သတင်းရပ်ကွက်က ထင်ကြေးပေးကြတယ်။ တရုတ်အမျိုးသမီးသံအမတ်သစ်တယောက်လည်း ဒီနေ့ ခန့်လိုက်ကြတယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အောင်ပွဲရဲ့ မုခ်ဦးကို မြင်နေရပြီလို့ သူ့မိန့်ခွန်းမှာ ထည့်ပြောသွားတယ်။ ပင်စင်စား စစ်အရာရှိတစ်ယောက်က " ဒီလူ (ဦးရည်မွန်)ဟာ သူ့နေရာကို သူသိတယ်။ သူ့အလုပ်ကို သူ သိတယ်" လို့ ကျနော့်ကို ပြောပါတယ်။
"ကိုယ့်နေရာကို ကိုယ်မသိတာ၊ ကိုယ့်အလုပ်ကို ကိုယ်မသိတာ စစ်ကောင်စီပါပဲ " လို့ သူ ဆိုလိုချင်တာဖြစ်မယ် ထင်ပါတယ်။ အဲဒါကတော့ဗျာ ဗိုလ်နေဝင်းက အစ ကိုယ်နေရာ ကိုယ့်အလုပ်ကို ကိုယ်မသိခဲ့လို့ စစ်တပ်က အာဏာသိမ်းခဲ့တာလေ။ ခုမှ မင်းအောင်လှိုင် ခေါင်းပေါ်ပုံချလို့ ဘယ်ဖြစ်ပါမလဲ။ သူ့ခမျာ သနားစရာ သတ္တဝါ။ တတိုင်ပြည်လုံး ငါတို့ဖိနပ်အောက်မှာ ရှိရမယ်လို့ ထင်နေတဲ့ စစ်တပ်ကြီးလည်း သနားစရာ။
ညနေပိုင်းသတင်းတွေမှာတော့ အနယ်နယ်အရပ်ရပ်က တော်လှန်ရေးတပ်တွေ အနိုင်ရနေတယ်ဆိုတဲ့ သတင်းတွေ ဝေဝေဆာဆာ တက်လာနေတယ်။ အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးက သတင်းတွေပါ။
အာဆီယံမှာ ထိပ်တန်းအင်အားရှိတဲ့ စစ်ကောင်စီတပ်ကြီးဟာ တူမီးလက်လုပ်သေနတ် ကိုင်ကာ စတင်တော်လှန်ခဲ့တဲ့ PDF နဲ့ တိုင်ရင်းသားလက်နက်ကိုင်တွေကို စစ်ရှုံးနေတာ မယုံနိုင်စရာပါ။
လမ်းထဲက အဘွားအို ခြံထဲက ချဉ်ပေါင်ရွက်လာခူးရင်း ငါတို့မြို့ကို တော်လှန်ရေးတပ်တွေ ချီတက်လာရင် ဘယ်လို ကြိုဆိုကြရင်ကောင်းလဲလို့ လာမေးနေတယ်။
"သားတို့ရေ ချစ်တယ်" လို့ ပြောပြီး မွှေးမွှေးပေး ကြိုကြမယ်လေ။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar