Breaking News

ကမ္ဘာတိုင်ဆုံး‌ မောင်စစ်မုန်း - သတင်းပလင်း ( ၄ )

ကမ္ဘာတိုင်ဆုံး‌ မောင်စစ်မုန်း - သတင်းပလင်း ( ၄ )

(မိုးမခ) ဩဂုတ် ၁၂ (၂၀၂၄)


မင်းအောင်လှိုင် မာန်ကြီးလို့ 

သရီးဘရားသားနဲ့ ပီဒက်များကိုအာခံ

ခါးက မသန်။

ခုတော့ မအလ ခါးကြောမျက်နေပြီ။ တအီအီနဲ့ ဖျင်သီနေပတဲ့။ 

လားရှိုးမြို့ကို ပြန်တိုက်ဖို့ မအလက ရှမ်းအရှေ့တပ်တွေကို အမိန့်ပေးထားပေမယ့် သူ့ထီးတော်မိုး သူခိုးကောင်က ဘာမှ ပြန်မပြောသလို စစ်ကူသွားခိုင်းတဲ့ တပ်တွေကလည်း တုတ်တုတ်မျှ မလှုပ်။ သစ်ငုတ်။ နင် ဇရှိရင် နင်ကြွ အထာ။ 

ရှမ်းအရှေ့ မိုင်းတုံအခြေစိုက် အမှတ်-၆၀၀၃ သံချပ်ကာတပ်ရင်းက 150 mm တင်ထားတဲ့ တင့်ကား ၈ စီးနဲ့ ကျိုင်းတုံက ၂ စီး၊ တာဝေးပစ် အတွဲလိုက်ပစ်စင်တင်ယာဉ်တွေနဲ့ လားရှိုးကို ပြန်တိုက်သိမ်းယူဖို့ အမိန့်ပေးပေမယ့် အောက်ခြေတပ်တွေက နင် လာလေ မသာရဲ့ချည်း လုပ်နေ။

“ပြေးတဲ့သူတွေလည်း များတယ်၊ သေတာတွေလည်း များတယ်၊ မိသားစုဝင် အများစုက ပျောက်ဆုံးလို့ ပြောရင် လစာမရကြတော့ မြို့ထဲ ရှိတဲ့အလုပ်တွေ ထွက်လုပ်ကြရတာ၊ လစာမရတော့ စားစရာမရှိလို့ ရတာ လုပ်ကြရတာ၊ ယောက်ျားသေရင်တောင် ဆွမ်းသွတ်ခွင့်ရဖို့အပြင် ပြန်ရင်လဲ စစ်သားမယား ဆိုပြီး ရန်ပြုခံရမှာ ကြောက်တယ်၊ ကျမတို့ ကမ္ဘာပျက်နေပြီ၊ ကယ်မယ့်သူလည်း မရှိဘူး၊ လင့်မျက်နှာ တရွာထင်ပြီး နေနေကြရတာက ခုတော့ ဘယ်လိုအသက်ဆက်ရှင်ရမှန်းကို မသိတော့ဘူး” လို့ မိုင်းတုံ တပ်မိသားစုဝင်တဦးက ပြောပြီလေ။ အကုန်လုံးက ဥပေက္ခာ။ မအလ မိသားစုရဲ့ နောက်ဆုံးရက်‌ချိန် ပြက္ခဒိန်ထဲရောက်ပြီ။ 

မိုင်းတုံက တင့်ကားတွေဟာ အရင်ကလို မြို့ထဲ စက်စမ်းလှည့်လည်တာတောင် မရှိတော့သလို ရှမ်းအရှေ့က စစ်ကူတက်သွားတဲ့ တပ်ရင်းတွေက ကျလွန်းလို့ တပ်တွင်းဆွမ်းသွတ်တောင် မပြတ်လုပ်နေရသတဲ့။ အဲဒီလို အခြေအနေမှာ နေပူတော်ကနေ သိမ်းမယ်ဆို ကိုယ့်ဟာကြီးသာ ကိုယ်သိမ်းတဲ့။

ဘာသိမ်းရမှန်းမသိပါဘူးဆို ဝီဝီက လှူလိုက်တဲ့။ ရေစက်ချပေးမတဲ့။

“ ခင်ဗျားတို့ အဘကို သေသေချာချာ ပြတ်ပြတ်သားသားမေး၊ အဘ ဒီမြို့ရော လှူမယ့်စာရင်းထဲ ပါသေးလား၊ ပါတယ်ဆိုရင် ကျွန်တော်တို့ ကြည်ကြည်ဖြူဖြူ လှူလိုက်ပါ့မယ်၊ ကျွန်တော်တို့ ခုခံကကွယ်နေတာက အဘရဲ့ အလှူဒါနကို အနှောင့်အယှက်ဖြစ်သလိုမျိုး ကြန့်ကြာအောင် ဆွဲထားသလိုဖြစ်နေတယ်၊ ကျွန်တော်တို့လည်း အကုသိုလ်ဖြစ်နေတယ်၊ အဘရဲ့ အလှူဒါနမြောက်အောင်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှု ဆိုတဲ့ ကမ္ပည်းလေး ထိုးပါရစေဗျာ၊ အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှု ဆိုတာလေးကို တပ်ပြီးတော့ ကျွန်တော်တို့ စွန့်ခွာပေးပါ့မယ်၊ အဲလို ပြတ်ပြတ်သားသားမေး  ဝီဝီက အာ့လို စက်စက်ရက်ရက်ကို ဟောတာ။ 

ရှေ့ဝီဝီက အဲလို ဟောနေပါတယ်ဆို နောက်ဝီဝီက လာပြီ။

ပင်လည်ဘူးမှာ ရဟတ်ယဉ်က ဝီဝီသံပေး လူတင်ပြေးလုပ်မလို့။ ဝီဝီ ဝီဝီ လုပ်နေတုန်း ပီဒက်က တီတီ တီတီ ဆိုပြီး ဒရုန်းနဲ့ ဗုံးလိုက်တာ မြီးညှောင့်ရိုးမကျိုးတာ ကံကောင်း။ တံခါးရွက်တွေပါ ပြုတ်ထွက်လို့ ကသုတ်ကရက် ပြန်တက် ဘယ်သူ့အသက်မှ မကယ်နိုင်၊ ကိုယ့်အသက်ပင် အနိုင်နိုင်တဟုန်ထိုး လစ်သွားလို့ တံခါးပိတ်လေးတောင် ပဲကြီးလှော်နဲ့ လဲစားလိုက်ကြပတဲ့။ 

မောင်တောမှာ ဘင်ဘက်ပြေးဖို့ စောင့်နေတဲ့ ရိုနှစ်ရာလောက်ကို AA က ဒရုန်းနဲ့ ဗုံးကြဲသတ်တယ်ဆိုပြီး စစ်ခွေးက ကြေညာတဲ့သတင်းလိမ် ထွက်အပြီး မောင်တောမြို့နယ်က တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ရိုတွေကို AA က ကယ်ထုတ်ပေးတဲ့ သတင်းတွေ ဆက်တိုက်တက်လာတော့ စစ်ခွေးလော်ဘီတွေ ငြိမ်နေတယ်။ လားရှိုးတပ်မတော် ဆေးရုံ သတင်းလိုပေါ့လေ။ သူတို့က အဲဒါလေးနဲ့ဆန္ဒပြရရှာတာ တပ်အရိုးအထူးကုကိုယ်တိုင် ထွက်လာပြီး မြနန္ဒာအေးအောင်တို့ မလာခင်ကတည်းက တပ်က အုံးထားတာ၊ မြနန္ဒာတို့ လာကယ်လို့ လွတ်တာဆိုတော့ ဂွန်းရော။

ခုကို စစ်ဌာနချုပ်က ဘန်ကာတခုအောက်မှာ ထားခဲ့တဲ့ ဒဏ်ရာရစစ်သားတွေ မြနန္ဒာတို့ အတွေ့‌မြန်လို့ပေါ့။ တချို့များ သေလုမြောပါးတောင် ဖြစ်နေပတဲ့။ 

AA ကယ်ထုတ်လာသူတွေထဲမှာ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါပြီး တချို့က စားနပ်ရိက္ခာပြတ်တောက်၊ ဒီ ရိုတွေကို စကစတပ်နဲ့ စကစက သင်တန်းပေးထားတဲ့ မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေက ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးပိတ်လှောင်ထားတာတဲ့။

တကယ်က အဲဒီလူတွေကို ဘူးသီးတောင် အခြေစိုက် စကခ ၁၅ မှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အမိန့်နဲ့သတ်တာ။ ထွက်ပြေးတဲ့ ပြည်သူ အကုန်သတ်၊ လှည့်ပြေးတဲ့ နယ်ခြားစောင့်တပ်သား တချို့တောင် ကိုယ်တိုင် ပစ်သတ်တာတဲ့။ ဒီခွေး အပြေးမခံနဲ့။ သူ့လက်ချက်တွေချည်း။ 

ပုသိမ် နတခ လက်အောက်က ခလရ ၃၈ တပ်ရင်း ရခိုင်စစ်မျက်နှာကနေ နောက်တန်းပြန်ဝင်လာတော့ စစ်ဥထမ်း အပတ်စဉ် ၁ က တပ်သားသစ်တွေ သေခဲ့သတဲ့။

စစ်ဥထမ်း ဥပဒေစုတ်နဲ့ စစ်ထဲ ဇွတ်အတင်း မယားဒယား လူကို သားကောင်လို ဖမ်းထည့်ခံရတာဟာ ကိုယ် မကျူးလွန်တဲ့ ပြစ်မှုအတွက် သေဒဏ်ကျခံရတာပါဘဲ။ ကျူးလွန်သူက မအလ၊ သေရတာက ကိုယ်။ မတုံ့ပြန် ငုံ့ခံလို့ကတော့ သေတာမှတပါး အခြားမရှိနိုင်။ 

စကစဗဟိုဘဏ်ဥက္ကဋ္ဌကြီး မသန်းသန်းဆွေ ကျပ်မပြည့်ဘူးဆိုတာ မြန်မာ့အလင်း ကြေးမုံတို့ကနေ တရားဝင်ထုတ်ပြန်။

ဖတ်ကြည့်လိုက်။

အမေရိကန် ၁ ဒေါ်လာလျှင် ငွေကျပ် ၆၀၀၀ ကျော် ဖြစ်လာမှု  Khit Thit Media အပါအဝင် လူမှုကွန်ရက်စာမျက် ၁၀ ခုကြောင့်ဟုဆိုကာ စစ်ကောင်စီဗဟိုဘဏ်က အရေးယူမည်ဟုဆို။ 

မအလ သားဖနှစ်ယောက်က ငတ်ချက်တော့ လက်ကုန်။ စစ်တိုင်း ကျနေပါတယ်ဆို ပခုက္ကူလေဆိပ် ပြန်ရှိုင်းဖို့ သူ့သားကို တင်ဒါချပေး ဇွတ်လုပ်ခိုင်းနေလို့ ဒရုန်းနဲ့ ဆုံးမပေးရသတဲ့။ 

မအလရဲ့ သားအငှားတွေကလည်း ဖအေက တလောကမှ တရုတ်နှစ်သစ်ကူးကို ရုံးပိတ်ရက်‌လုပ်မယ် ကြော်ညာထားတာကို မျက်နှာပြောင်တိုက်ပြီး တချိန်လုံး ဥထားတဲ့ တရုတ်လူမျိုး     ဆန့်ကျင်ရေးအထုတ်လေး ဖုန်ခါထွက်လာကြတယ်။

တဖက်ကလည်း ညီနောင်တွေ ပီဒက်တွေစစ်နိုင်နေတာဟာ တရုတ် ကူလို့ပါ၊ သူတို့ အဇမ်းတတ်လို့မဟုတ်၊ ငါတို့က စတန်းဒတ်ပါပေါ့လေ။ 

ဘဘစိန်က တရုတ်တွေကို မုန်းဝန်းမြန်မာ လုပ်ပေးထားတာတွေ သန်းရွှေက ခြေဥမှာ ကိုးကန့်နယ် ဝနယ် ရေးပေးထားတာကိုမှ မထောက်  ကိုးကန့်တပ် ဝတပ်ဟာ တရုတ်နဲ့ ဖွဲ့ထားတယ်၊ ဒါဟာ တရုတ်ရဲ့ ကျူးကျော်စစ်လို့ ယောင်ကန်းကန်းထအော်၊ တရုတ်လူမျိုးကို ဆော်ရမယ်လို့ သွေးရူးသွေးတန်းပြော။ ပြည်မတရုတ်တွေရဲ့ အသက်နဲ့ အိုးအိမ်တွေကိုပါ တိုက်ခိုက်ဖို့ လှုံ့ဆော်လာတဲ့အထိ။ ဒါက တချိန်လုံး ဥထားတဲ့ နေဝင်း ရိုက်ခဲ့တဲ့ ဖဲထုပ်လေး။

မန္တလေးက ဓာတ်တိုင်ကပ် လှုံ့ဆော်စာမှာ မဟာမိတ် ၃ ဖွဲ့ကြောင့် အိမ်တလုံး ပျက်ရင် တရုတ်အိမ် တအိမ်ကို မီးရှို့မယ်၊ မန္တလေးသား တဦး သေရင် တရုတ် တဦးကို သတ်မယ်ဆိုပြီး မန်းလေးဇိုးလူငယ်အဖွဲ့ ဆိုပြီး ပေါက်ရဲ့ ပသစအုပ်စုက ရေးထားတာ။

တရုတ် ဆန့်ကျင်ရေး လုပ်မယ်ဆိုလဲ ဒါလေးတော့ ဖတ်။ 


မူဆယ်ရှိ တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်နှင့် စကစဝန်ထမ်းအကြီးပိုင်းများ တရုတ်ဘက်ခြမ်း အိမ်ငှားနေပြီး ရုံးတက် 

ဩဂုတ်လ ၁၀ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ထံ လက်လွှတ်လိုက်ရပြီးနောက် ရမခသို့ သွားခွင့်မရလိုက်သည့် မူဆယ်မြို့ရှိ ရမခတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် အပါအဝင် စစ်ကောင်စီဝန်ထမ်းအကြီးပိုင်း အရာရှိများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ရွှေလီ နှင့် ကျယ်ဂေါင်မြို့များတွင် အိမ်ငှားနေကာ နေ့ချင်းပြန် ရုံးတက်ရုံးဆင်း လုပ်ဆောင်နေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။ 

“ရမခ တိုင်းမှူး ဘာညာတောင်မှ မူဆယ်မှာ မရှိဘူး။ သူ ရွှေလီမှာ နေတာများတယ်။ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးတို့ဆို မိသားစုလိုက်၊ ပြီးတော့ အဓိကက အကြီးပိုင်းတွေပေါ့၊ လဝကတို့က ကျယ်ဂေါင်မှာပဲ နေတာ။ အခန်းငှားနေကြတာ။ ဝင်လိုက် ထွက်လိုက်ပေါ့။ မနက်ဆို ထွက်လာတယ်။ ညဆို အထဲ(တရုတ်နိုင်ငံထဲ) ပြန်ဝင်ကြတယ်။ သူ(တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်) ကတော့ ဝင်လိုက်ထွက်လိုက် အတည်မဖြစ်ဘူး။ 


မင်းတို့အဘတွေ စိတ်အေးလက်အေးခိုလှုံလို့ရတာဆိုလို့ တရုတ်တနိုင်ငံပဲ ရှိတာနော်၊ သိဖို့။ 

ဒီနေ့ အရသာအရှိဆုံး အစားအစာ ဝီဝီကိတ်။ 


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar