Breaking News

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ကြေညာချက်နဲ့ အနာဂတ်ပုံဖော်မယ့် နိုင်ငံ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၂ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၊ ၂၀၂၄


မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ကြေညာချက်နဲ့ အနာဂတ်ပုံဖော်မယ့် နိုင်ငံ 

လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်၊ တအာင်း နဲ့ ရက္ခိုင် အဖွဲ့အစည်းတွေပါဝင်တဲ့ ညီနောင် မဟာမိတ်အဖွဲ့ ၃ ဖွဲ့ က ၄င်းတို့ရဲ့ စစ်ဆင်ရေးရည်မှန်းချက် လက်ကျန်များနဲ့ အဖိနှိပ်ခံ ပြည်သူလူထု ရဲ့ နိုင်ငံရေး ရည်မှန်းချက်များ အကောင်အထည်ပေါ်လာစေရေး အတွက် တသွေးထည်း တသားထည်း ရှိနေကြောင်း ထုတ်ပြန်ချက်တစောင် သြဂုတ်လ ၁၂ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယ အကျော့ စတင်ပြီး တလကျော် အကြာမှာ မြို့တွေနဲ့ တိုင်းစစ်ဌာနချုပ်တွေ သိမ်းယူခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ အမျိုးသားညီညွတ်ရေး အစိုးရတို့က ချီးကျူးဂုဏ်ပြုတဲ့ သဝဏ်လွှာတွေ ပေးပို့ပြီးနောက်မှာ လက်နက်ကိုင် ၃ ဖွဲ့က အခုလို ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီထုတ်ပြန်ချက်မှာ ၄င်းတို့ရဲ့ “စစ်ဆင်ရေး ရည်မှန်းချက် လက်ကျန်များ” ဆိုတဲ့ စကားလုံးနဲ့ “အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော နိုင်ငံရေးရည်မှန်းချက်များ” ဆိုတဲ့ စကားလုံး ၂ လုံးက ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ နိုင်ငံရေး၊ စစ်ရေး သဘောထားနဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရတို့အကြားက ဆက်ဆံရေး၊ ရည်မှန်းချက်တွေအကြား ကွာဟမှုတွေ ရှိနေသလားဆိုတဲ့ မှန်းဆမှုတွေ ဖြစ်ပေါ်စေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဇွန်လနှောင်းပိုင်း ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ရဲ့ ရည်မှန်းချက် လက်ကျန် ဆိုတဲ့ အချက် က ဘာတွေ ဖြစ်မလဲ ဆိုတဲ့ မေးခွန်းလည်း ရှိနေပြီး မှန်းဆကြည့်ရင် အခုထက်ပိုကျယ်ပြန့်တဲ့ နယ်မြေသိမ်းယူနိုင်ဖို့ ရည်မှန်းချက် ဖြစ်နိုင်ပြီး ဒိထက်ပိုပြီး ဆိုရရင် ဗမာလူမျိုးတွေ အများစုနေထိုင်ကြတဲ့ တိုင်းတွေ ဖြစ်တဲ့ မန္တလေး၊ ပဲခူး၊ ရန်ကုန် နဲ့ စစ်ကိုင်း၊ မကွေးတို့ကို ပါတိုက်ခိုက်မလား၊ သို့မဟုတ် စစ်တပ်ရဲ့ ဌာနချုပ်၊ အုပ်ချုပ်ရေးရဲ့ ဗဟိုချက်ဖြစ်တဲ့ နေပြည်တော်လို နေရာတွေကို တိုက်ခိုက်သိမ်းယူဖို့ ရည်ရွယ်သလား ဆိုတဲ့အ ချက်တွေက ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်း မရှိတာကို တွေ့ရပါတယ်။

 ဒီနေရာမှာ အဖိနှိပ်ခံ မြန်မာပြည်သူလူထု တရပ်လုံး လိုလားသော နိုင်ငံရေး ရည်မှန်းချက်များ ဆိုတဲ့ ယေဘုယျ ဆန်ဆန် စကားလုံး သုံးနှုန်းထားပြီး စစ်ကောင်စီ ပြုတ်ကျရေး၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ယူရေးလား၊ နောက်တဆင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွက်ရေးလား ဆိုတာ တိတိပပ ပြောဖို့ ခက်ခဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

“ပြည်သူလူထု” “နိုင်ငံတော်” တို့လို စကားလုံးတွေက အဓိပ္ပာယ် လိုအပ်သလို ဖွင့်ဆိုနိုင်ကြတဲ့ သဘောမျိုးရှိတာကြောင့် အဖိနှိပ်ခံ ဆိုတဲ့ ဝိသေသနဲ့ ပြည်သူလူထု ကို နောက်တဆင့် ကွဲပြားစေပေမယ့်လို့ ဘယ်လို လိုလားချက်လဲ၊ ဒီမိုကရေစီ၊ စစ်တပ်ပြုတ်ကျရေး၊ ဖက်ဒရယ် စတဲ့ စကားရပ် တခုခုကို မပါရှိတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

နိုင်ငံအာဏာကို ဆယ်စုနှစ်များစွာ စစ်ခေါင်းဆောင် အဆက်ဆက် ပြောင်းလဲပြီး ဆုပ်ကိုင် အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ဟာ ၁၉၄၉-၁၉၅၂ ခုနှစ်နောက်ပိုင်း မကြုံဖူးတဲ့ နယ်မြေဆုံးရှုံးမှုတွေ နဲ့ ရင်ဆိုင်နေရချိန် စစ်တပ်အလွန်ကာလ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဘယ်လို စနစ်ထူထောင်ကြမလဲ၊ ဘယ်လို သဘောတူညီမှုတွေ ရှိထားသင့်သလဲ ဆိုတဲ့ မေးခွန်းက အခုကာလက စလို့ စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေ အကြား စဥ်းစားမိလာကြတဲ့ မေးခွန်းဖြစ်ပြီး အချို့ကတော့ စစ်အာဏာရှင်ခေတ် အလွန်မှာ အရင်ထက်ပိုကောင်းတဲ့ စနစ်၊ တရားမျှတမှုနဲ့ လွတ်လပ်မှုရှိတဲ့ စနစ်တခု ထူထောင်နိုင်ကြဖို့ အခုကတည်းက သဘောတူညီမှုတွေ လက်ဆုပ်လက်ကိုင် ရှိနေသင့်ပြီလို့ ယူဆမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ အနာဂတ် မှာ ပြည်ထောင်စု အနေနဲ့ ရည်မှန်းထားကြသလား၊ ဆန္ဒအလျောက်ပါဝင် နိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ သို့မဟုတ် လျော့လျဲတဲ့၊ တင်းကြပ်စွာ ချုပ်နှောင်မထားတဲ့ ပြည်ထောင်စုသို့မဟုတ် ကွန်ဖက်ဒရေးရှင်းလို အနေအထားလား စသဖြင့် ရည်မှန်းချက် ပန်းတိုင်တခုခု ကို ဆွေးနွေး သဘောတူညီမှု ရှိထားသင့်ပြီဆိုတဲ့ အမြင်သဘောထားတွေလည်း အခုကာလမှာ စတင်တွေ့မြင်လာနေရတာ ဖြစ်ပါတယ်။ 

အကောင်းမြင်လွန်းတဲ့ သဘောထားလို့ ဆိုကောင်းဆိုနိုင်မယ့် သဘောထားတရပ်က စစ်အာဏာရှင် ဖြုတ်ချရေးသာအဓိက အရေးကြီးဆုံးဖြစ်ပြီး ကျန်တဲ့ ပြဿနာအားလုံးက ဆွေးနွေး အဖြေရှာနိုင်တယ်ဆိုတဲ့ အယူအဆ သဘောထား ဖြစ်ပြီး နောက်သဘောထား အမြင်တခုကတော့ အခုကာလလိုမျိုး လမ်းဆုံလမ်းခွ ရောက်လုနီးအခြေအနေမှာ စစ်အာဏာရှင် ခေတ်အလွန်နဲ့ ပတ်သက်လို့ ခိုင်မာတဲ့ ပုံဖော်မှု၊ သဘောတူညီမှုတွေ ရှိထားသင့်ပြီဆိုတဲ့ သဘောထားတို့ပဲဖြစ်ပါတယ်။ အခုနေအချိန်ကာလမျိုးမှာ အနာဂတ် မျှော်မှန်းချက်နဲ့ ပတ်သက်လို့ ပုံသဏ္ဍာန်ရှင်းရှင်းလင်းလင်း ဖေါ်ဆောင်ထားသင့်ပြီး ဒီနောက်တဆင့် ရောက်ရှိသွားတဲ့အခါမှာ ပြန်လည်ပုံဖေါ်ဖို့ ညှိနှိုင်းဖို့ ခက်ခဲလိမ့်မယ် ဆိုတဲ့ အယူအဆလည်းဖြစ်ပါတယ်။ 

အခု ရှမ်းမြောက်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရေး အသာစီးရမှု၊ နယ်မြေတွေ သိမ်းယူနိုင်မှုနဲ့ ရှမ်းမြောက်ကနေ မန္တလေး တိုင်းစစ်ကိုင်းတိုင်းဘက် ဆက်နွယ်လာမယ့် အနေအထားတွေက အထက်က နိုင်ငံရေး ရည်မှန်းချက် ပုံဖေါ်မှုက မရှိမဖြစ် လိုအပ်တဲ့အနေအထားလို့ ယူဆသူ တဖြည်းဖြည်း များလာတဲ့ လက္ခဏာတွေလည်း တွေ့မြင်ရသလို၊ စစ်ရေး အမြင်က အားကောင်းသွားပြီး နိုင်ငံရေး အမြင်၊ နိုင်ငံရေး ဆွေးနွေးပြောဆိုမှုတွေမှာ စစ်ရေးကသာ အဆုံးအဖြတ်ဖြစ်လာမှာကို စိုးရိမ်လာကြတဲ့ သဘောလည်း ဖြစ်တာတွေ့ရပါတယ်။ 

စစ်နိုင်ရေးက အဓိကဆိုတဲ့ အချက်က မမှားသော်လည်း နိုင်ငံကို နိုင်ငံရေးအရ မတည်ဆောက်နိုင်ကြပဲ စစ်ရေးကအဓိကအနေနဲ့ တည်ဆောက်ကြဖို့ အားသာခဲ့ရင် မြန်မာနိုင်ငံရဲ့ အနာဂတ်က ဒီမိုကရေစီ နဲ့ လွတ်လပ်မျှတမှုတွေ ထိခိုက်နိုင်တဲ့ အလားအလာမျိုးလို့ ရှုမြင်မှုတွေလည်း ရှိနေကြတာဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar