ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၅ )
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၅ )
(မိုးမခ) ဩဂုတ် ၁၄ ၊ ၂၀၂၄
စကားမစပ် ပြူးလွင်က အိမ်တော်ကြီး အိမ်တော်လေးတွေ ပေါက်ဈေးက ဘီလောက်လဲ။ ခု တထောင်တိုးပေးလိုက်တဲ့ တရက်လုပ်ခ မြန်မာအခေါ် ၆၈၀၀၊ နိုင်ငံတကာအခေါ် တဒေါ်လာနဲ့ ဝယ်လို့ ရပလား၊ ပြည်သူ့ဘဏ္ဍာနဲ့သာ ဆောက်ထားတာမို့ သမဝါယမစနစ်အရ ဖရီးများ ဝင်နေလို့ရပလား။
ရှမ်းမြောက်ကို မအလကသာ အိပ်ချင်မူးတူးနဲ့ ပြန်သိမ်းမယ် ပြောနေသာ ကွတ်ခိုင်၊ နန့်ဖက်ကာမြို့မှာ KIA ကဖြင့် စာသင်ကျောင်း၊ ပြည်သူ့ဆေးရုံ၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၊ ဒေသကာကွယ်ရေးတပ်၊ ရဲစခန်း၊ စည်ပင်သာယာရေးရုံးတွေဖွင့်ပြီး မြို့ပြစီမံကိန်း ပုံဖော်နေပြီ။
အဲလိုပဲ TNLA က သူ့ထိန်းချုပ်မြို့နယ် ၁၂ ခုမှာ တရားစီရင်ရေးဆောင်ရွက်ဖို့ ဆိုပြီး ဗဟို၊ ခရိုင်၊ မြို့နယ်တရားသူကြီးများ အပါအဝင် ဥပဒေရှေ့နေများကို တာဝန်နဲ့ ရာထူး အပ်နှင်းလိုက်ကြောင်းထုတ်ပြန်ထားတယ်။
ကိုးကန့်အုပ်ချုပ်ရေးကတော့ ဖဝါးချတာ အသားတောင်ကျနေပြီလေ။ ခု ရမခက ထိုင်အုပ်ချုပ် ပြစ်မှုပြစ်ဒဏ်တောင် ထုတ်ပြီးပြီပ။
သူများတွေ အုပ်ချုပ်နေတာ ကြည့်ပြီး မအလကလဲ အားကျပုံရပါတယ်။ သူ့ခမျာလဲ အာဏာသာ စစ်တိုင်း ပြုတ်ခံသိမ်းရတာ အုပ်ချုပ်၍မရစေရနဲ့ တွေ့တော့ တရက်မှ အုပ်ချုပ်ရတယ်လို့ကလဲ မရှိ။ အဲဒီတော့ အာသာမပြေ မာမာဝေ ဖြစ်ပြီး မရှိတော့တဲ့ စစ်တိုင်းမှာ တိုင်းမှူးအသစ် ထပ်ခန့်သတဲ့။ ကမ္ဘာ့ပထမဦးဆုံး လေဥတိုင်းမှူးလို့ ဂင်းနစ်စာရင်း ဝင်သွားသူကတော့ ဗိုလ်ချုပ်မြင့်ကျော်ထွန်း။ အချင်းချင်းကြား တပတ်စဉ်တဲ့ကြား ဟားရမှာတောင် သနားတယ် ဖြစ်ရှာတာပ။ သူ့ရှေ့ပြုံးမိရင်တောင် အားနာရမှာလေ။ အရင် လောက်ကိုင်ဒကစမှူး ခန့်သလိုမျိုး။ မြေပုံဖြန့်ဒုတ်ထောက်၊ ဒါ ငါ့နှယ်ဆိုပြီး တော်ရာက ပျော်ရှာ အဝေးကငေးရုံ၊ ခုများ အဲရာထူးနဲ့ ရှိနေရှာသေးလား မသိ။ သူချည်းသာလော ဆိုတော့ စစ်ဦးစီးတက္ကသိုလ်က ဗိုလ်မှူးကြီး ဟိန်းထက်နောင် ဆိုတဲ့ငနဲကိုပါ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ကျောက်မဲ) ရဲ့ စကခမှူး ဆိုပြီး အဖော်လေး ထည့်ပေးလိုက်ရဲ့။
ဗိုလ်ချုပ်မှူးကြီး ရာထူးရှိနေစေရေးအတွက် စစ်တိုင်းတွေ ပြုတ်သွားလို့ မရဘူးလေ။ စစ်တိုင်းတွေလျော့သွားရင် အဲဒီရာထူးက ယူလို့မရဘူး မဟုတ်လား။ အဲဒီရာထူးယူဖို့ကို စစ်တိုင်းတွေ တိုးချဲ့ခဲ့သကိုး။ ၈၈ အာဏာသိမ်းတော့ ဘယ်နိုင်ငံကမှ စောက်ဖက်မလုပ်တော့ တကမ္ဘာလုံးက စစ်ဗိုလ်ချုပ်ကြီးတွေထက်ကြီးအောင် ပေါတောတောယူခဲ့တဲ့ ရာထူး ဆိုတော့ ရူးနေတာပေါ့။ ပထမဗိုလ်ချုပ်မှူးကြီးစောမောင်ကို ရူးလို့ ဖြုတ်လိုက်ရတယ် ပြောတာဘဲလေ။ တမှူးပြီး တမှူး တရူးပြီးတရူးလာတော့တာပ။ သူ့ထက်သူ ရူးနိုင်ကြသူတွေ။
မြင့်ကျော်ထွန်းက တိုင်းမှူးအသစ်ထက် အသစ်ပေါ့။ မနေ့တနေ့က ခန့်လိုက်တဲ့ စစ်တိုင်းထိုင်ခုံတောင် မထိုင်ဘူးရှာတဲ့ ထီးတော်မိုးစိုးလှိုင် ဆိုတဲ့ တိုင်းမှူး ပထမအသစ်ကလေးကကော တရုတ်ဘက် ပြေးပလား၊ သူ့အရင် တပ်မ ၉၉ ကို ထိန်းချုပ်ပြီး မအလကို ခံချတော့မလား။ သူ ဘယ်မလဲ။ ဘာလုပ်နေလား။
အရပ်ထဲမလဲ မင်းတို့ ငါတို့တွေ လေထဲ တိုက်အိမ်ဆောက်တာ ဘာဟုတ်သေးလဲ၊ ယာယီခဏ သမ္မတ မအလကျ လေထဲ စစ်တိုင်းတောင် ဆောက်တာကွတဲ့။
အမယ် မအလတင် လေဥဥနေတာ မဟုတ်ဘူး။ သူ့သားမြေး ပျူခွေးလေးတွေကလဲ ရွှေဥဥဖို့ ကြံနေကြပြီ။ မန္တလေးမြို့ပေါ် ရပ်ကွက်တချို့မှာ ကိုးကန့်နဲ့ တရုတ် မုန်းတီးရေး လှုံ့ဆော်တဲ့ စာရွက်တွေ လိုက်လံ ဖြန့်ဝေနေကြပြီး ပေါက်ကြီးရဲ့ ပျူခွေးတွေ မန္တလေးက တရုတ်ရွှေဆိုင်တွေကို မျက်စပစ်နေကြတယ်။ တောခွေးအူချိန်ကိုး။
ဟိုတုန်းက သတင်းစာတို့ တီဗီတို့ကနေလွှင့်တဲ့ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတာ တကယ်မှန်သဗျ။
MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ရမခကို သိမ်းတော့ တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင် ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး အပါ စစ်ကောင်စီအရာရှိတွေနဲ့ စစ်သားမိသားစုဝင် လေးထောင်ကျော် ဖမ်းမိထားတယ်။ အဲထဲကတချို့ဟာ ဘူးသီးတောင်နဲ့ မောင်တောမြို့မှာ ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းရေးဆိုပြီး ရိုဟင်ဂျာတွေကို လူသတ်၊ မုဒိမ်းကျင့်၊ လုယက်အကြမ်းဖက်၊ ကျေးရွာမီးရှို့မှူတွေ ကျူးလွန်ခဲ့တဲ့ကောင်တွေ ပါတယ်တဲ့။
"ကိုးကန့် ဖမ်းထားတဲ့ စစ်သားတွေထဲမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု တရားခံတွေ ပါတယ်။ ၂၀၁၇ တုန်းက ဘူးသီးတောင်၊ မောင်တောမှာ တာဝန်ကျပြီး အခု လားရှိုးကို ရောက်နေသူတွေ အများကြီးပဲ" လို့ အငြိမ်းစားဗိုလ်မှူးတစ်ဦးက ဖောက်သည်ချတယ်။ ဒီကာလထဲ ကျူးလွန်ထားတဲ့ကောင်တွေလဲ တနည်းနည်းနဲ့ပေါ်လာမှာ။ အဲဒီကောင်တွေကတော့ နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း ကျူးလွန်ထားသူတွေ ဖြစ်မယ်။
အင်း ပူတင်နဲ့ ပုတက်တို့ သားအဖကတော့ တလေသံတည်းပဲနော်။ ပူတင်က ယူကရိန်းကိုကျူးကျော်စစ်တိုက်တယ်။ အဲဒါ ခု ယူကရိန်းက ခုခံတာထက်ကျော်ပြီး ရှရှားနယ်စပ်ထဲ ဝင်တီးတော့ ပူတင်က အကြမ်းဖက်မှုတိုက်ဖျက်ရေး စမယ်ဆိုကဘဲ။ ပုတက်ကလဲ သူကဘဲ ခေါင်းပစ်လို့ ဒီဘက်က ပြန်ဆော်တော့ အကြမ်းဖက်သမားတွေတဲ့။ တပ်ကပဲ တိုင်းရင်းသားဒေသတွေကျူးကျော်သိမ်းပိုက်ထားတာကို ပြန်သိမ်းတော့ အကြမ်းဖက် လက်နက်ကိုင်တွေတဲ့။ အာ့ကြောင့် ပုတက်က ပုတင်ကို ပေပေကြီးကို ချစ်တယ်ချည်းလုပ်နေသာကိုး။
ပုတက်က ပအိုဝ်းနဲ့ ကရင်နီ၊ ရခိုင်နဲ့ ရို၊ ကိုးကန့်နဲ့ဝ၊ တရုတ်နဲ့ဗမာ အဲသလိုလှည့်ရန်တိုက်ပေးနေတာအားမရလို့ ကမ်းရိုးတိုင်းစစ်ဌာနချုပ်တိုင်းမှူးကို မဖြုတ်ဘဲ သူ့လူယုံ ဗိုလ်မှူးချုပ်သက်ထွန်းဦးလက်ထဲ တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ အရေးပေါ် စစ်ဆင်ရေးဆိုင်ရာ စီမံချက်တွေကို ဝကွက်အပ်လိုက်တော့ လက်ရှိ တိုင်းမှူးပြည့်စုံလင်းက စစ်မတိုက်တတ်တဲ့ အီးပေါလော ဖြစ်သွားတာပေါ့။
ရမခတုန်းကလဲ တိုင်းမှူးနဲ့ သူ့အထက်က နိုင်နိုင်ဦးတို့ ထိုးလား ကြိတ်လား ဖြစ်တော့မလို့။ ဟိုကောင် နိုင်နိုင်ဦးလဲ တိုင်းမှူးက ငါကိုင်တုတ်တာတော့ ခံလိုက်ရသေးတယ်။ တကယ် စစ်တိုင်းကို အမိန့်ပေးလို့ရတာက တိုင်းမှူးပဲ မဟုတ်လား။ မအလ ထင်ရာလုပ်တိုင်း ဖြစ်၊ မဖြစ် ကြည့်ကြသေးတာပေါ့။
တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ အရေးပေါ် စစ်ဆင်ရေးဆိုင်ရာ စီမံချက်တွေကို ဒီ ဗိုလ်မှူးချုပ်သက်ထွန်းဦးကို လုံးဝ ဝကွက်အပ်လိုက်တာက အထက်တင်စရာမလိုဆိုတဲ့ သဘောမို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းအထိကို ဇစ်ဖြုတ်ပြတာလေ။ ကဲ ကဲ ကိုးကွင်း မင်းဘဝမှာ မိန်းမယူတာရော စစ်ရာထူးယူတာရော ဒုတိယချည်း အဖြစ်ခံနေတော့မလား။ မင်းမှာ သားအစစ် မရှိသလို တပည့်အစစ်လဲ မရှိတော့ဘူးလား။
ဒီနေ့ ရှယ်အစားအစာ တိုင်းမှုးလေဥသုတ်နဲ့ ကိုးကွင်းတီး။
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar