Breaking News

လေခဏီ - ကျားဖြန့် နဲ့ တော်လှန်ရေး ဘယ်ဒင်းရွေးမလဲ

လေခဏီ - ကျားဖြန့် နဲ့ တော်လှန်ရေး ဘယ်ဒင်းရွေးမလဲ

(မိုးမခ) ဩဂုတ် ၁၃ ၊ ၂၀၂၄


ကျားဖြန့်အတွက် အင်တာနက် အရေးကြီးလွန်းသလို တော်လှန်ရေးအတွက်လည်း အင်တာနက်အရေးကြီးလွန်းလှသည်။

အင်တာနက် မရှိရင် သတင်းစီးဆင်းမှု နောက်ကျပြီး တိုက်ခိုက်ဖို့ရော စစ်စရိတ်ရဖို့ရော တိမ်းရှောင်ဖို့ရော အလှူရရှိဖို့ရော ခက်လှသည်။ ပူးပေါင်းဆောင်ရွက်ဖို့ဆိုလျှင် ပို၍ဝေးတော့သည်။ စစ်ရေးမှာ သတင်းအသာစီးရမှုက အခရာ မဟုတ်ပါလား။ 

နောက်တခုက အုပ်ချုပ်စီမံမှု။ စစ်တပ် အုပ်ချုပ်ရေး လစ်ဟာသွားသော နေရာများအတွက် အုပ်ချုပ်ရေး အစားထိုးရာတွင် အင်တာနက်သည် မရှိမဖြစ်။ အုပ်ချုပ်သူရော အုပ်ချုပ်ခံရောအတွက် အရေးကြီးလှသည်။ စီမံခန့်ခွဲဖို့ သင်တန်းများရယူဖို့လည်း တပြိုင်နက် လုပ်ကြရသည်။ ပညာရေးလည်း ထိုနည်းတူပင်။ အင်တာနက် ရှိလျှင် နိုင်ငံတကာမှ ရှိရှိသမျှ အရင်းအမြစ်များ ရယူနိုင်သည်။ ခဲခဲကပ်ကပ် ကျပ်ကျပ်တည်းတည်း အစုလိုက်အပြုံလိုက် အန္တရာယ်လက်ကမ်းပြီး သင်ယူနေစရာလည်း မလိုတော့။ ငွေရေးကြေးရေး လည်ပတ်ဖို့ အခက်အခဲ စက်သုံးဆီ ရှားပါးပြီး သွားလာလုပ်ကိုင်ရေး အခက်အခဲ အချိန်လု ချိတ်ဆက်လုပ်ကိုင်ရသည့် အခက်အခဲအားလုံးကို အင်တာနက်က ကျော်ဖြတ်ပစ်နိုင်သည်။ 

ထို့ကြောင့် စစ်ကောင်စီက အင်တာနက် ဆက်သွယ်မှုကို နည်းပေါင်းစုံ ထိန်းချုပ် ကျုံ့ပစ်ဖို့လုပ်ဆောင်ခဲ့ လုပ်ဆောင်ဆဲ ဖြစ်သည်။

တကယ်တော့ အင်တာနက် အရေးကြီးမှု သတင်းဦးမှုကို စာဖွဲ့နေရန် အကြောင်းမရှိပေ။ အင်တာနက် ရှိနေခြင်းကြောင့် စစ်ကောင်စီ အလဲလဲအကွဲကွဲ ဖရိုဖရဲ ဖြစ်နေခြင်း ဖြစ်သည်။ သူတို့အားအကိုးဆုံး ဆိုက်ဝါးစစ် ခွက်ခွက်လန် ရှုံးနေခြင်းမှာလဲ အင်တာနက်ကြောင့်ပင်။ စစ်လှုပ် စစ်ရွေ့မှန်သမျှ စစီစဉ်ကတည်းက သိနေရသည်မှာလည်း အင်တာနက်စနက်။ 

ညီနောင်သုံးဖော် စစ်စတင် ကြေညာတော့ ကျားဖြန့်တိုက်ဖျက်ရေးနှင့် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးကို တွဲလျက်ထုတ်ပြန်ခဲ့သည်။ အဲသည်တုန်းက ဘာကြောင့်များ ဒီကျားဖြန့်ကို တော်လှန်ရေးနဲ့ တန်းတူထားရပါလိမ့်လို့ စဉ်းစားကြည့်ခဲ့သည်။ နားမလည်ခဲ့။ နောက်တော့ တဖြည်းဖြည်း သိလာရသည်။ ကျားဖြန့်က တော်လှန်ရေးရဲ့အဟုန်ကို ထိန်းချုပ်ထားမှန်းပါ ခုတော့ သိလာရပြီ။ ကျားဖြန့်သည် တော်လှန်ရေးကိုပါ သံခြေချင်းခတ်ထားနိုင်မှန်း ကောင်းကောင်းသိနေရပြီ။ နွေဦးတော်လှန်ရေးတစုံလုံး၏ အနှေး အမြန်တင်မက အဆုံးအဖြတ်နှင့်ပါ ဆက်နွယ်နေမှန်းကောင်းကောင်းသိရသည်။ ကျားဖြန့်သည် စစ်ကောင်စီအတွက် အလွန်တရာအားကောင်းလှသော ဒေါက်တိုင်ကြီး ဖြစ်လေသည်တကား။ 

ခု ထိုင်းမှတဆင့် စတားလင့်အင်တာနက်စက်ရဖို့ အလွန့်အလွန်ကို ခက်သည့်အခြေအနေ ဆိုက်လာသည်။ ကျားဖြန့်လုပ်ငန်း၏ အဓိကပစ္စည်းမှာ အင်တာနက်ဖြစ်သည့်အလျောက် ထိုင်းနယ်စပ်တွင် စတားလင့်အင်တာနက်စက်သည် အလွန်ရွံစရာကောင်းလှစွာ တရားမဝင်ပစ္စည်း ဖြစ်လာသည်။ တော်လှန်ရေးလုပ်ငန်းတစုံလုံးအတွက် အနှောင့်အယှက်ဖြစ်ရုံသာမက လူထုအခွင့်အလမ်းတခုလုံးအတွက်လည်း ဆုံးရှုံးနစ်နာလှသည်။ 

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူမှန်သမျှ အားလုံး၏ရန်သူ ဖြစ်သည်မှာ ထူးပြောစရာ မလိုတော့ချေ။ ကျားဖြန့်ကို ဥပေက္ခာပြုထားသူများသည် တော်လှန်ရေး၏ သစ္စာဖောက်များဖြစ်ပြီး အကာအကွယ်ပေးထားသူများကတော့ ချေမှုန်းရမည့် ရန်သူများပင်။ 

ကျားဖြန့်နဲ့တော်လှန်ရေး ဘယ်ဒင်းရွေးမလဲဟူ၍သာ။ 




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar