Breaking News

ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆုံးပြီလား၊ နေပြည်တော်မှာ အာဏာသိမ်းမှု ဖြစ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၃ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၄၊ ၂၀၂၄

ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆုံးပြီလား၊ နေပြည်တော်မှာ အာဏာသိမ်းမှု ဖြစ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ ယုံကြည်မှုကျဆင်းတာ၊ စီးပွားရေး စီမံခန့်ခွဲမှု လွဲမှားတာ၊ စစ်ပွဲတွေကိုတိုက်ခိုက်နေကြရတဲ့ စစ်စရိတ်ထောင်းတာ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက အထက်က နိုင်ငံရေး စီးပွားရေးနဲ့ စစ်မက်ဖြစ်ပွားမှုအပေါ် မူတည်ပြီး တစတစ ထွက်ခွာကြကုန်တဲ့အဖြစ်က မြန်မာကျပ်ငွေတန်ဖိုးကျဆင်းဖို့ အကြောင်းခံဖြစ်တာ အငြင်းပွားစရာမရှိတဲ့ အကြောင်း ရင်းခံတွေဖြစ်ပြီး နှစ်အလိုက်၊ တခါတရံ လအလိုက် နှိုင်းယှဥ်ကြည့်ရင် ရာခိုင်နှုန်း ဆယ်ဂဏန်းကနေ တခါတရံ ရာဂဏန်းထိရောက်အောင် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းခါစက ကန်ဒေါ်လာ နဲ့ မြန်မာကျပ်ငွေ လဲနှုန်းက ၁၅၀၀ ကျပ် ဝန်းကျင်မှာရှိခဲ့ ပေမယ့် မကြာခင် ၁၉၀၀၊ ၂၀၀၀ ကျော်ကို ရောက်ရှိခဲ့ပြီး နောက်နှစ်တွေမှာ တနှစ် တကြိမ် သို့မဟုတ် ၂ ကြိမ် သိသိသာသာ လဲလှယ်နှုန်း ကိန်းဂဏန်းတွေ ရာနဲ့ချီမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဥ်တွေက လအတန်ကြာ၊ သို့မဟုတ် တနှစ်ဝန်းကျင်အကြာမှာဖြစ်နိုင်ခြေလို့ မှန်းဆနိုင်ပေမယ့် အခုသီတင်းပတ်၊ ရက်ပိုင်းတွေမှာ ဖြစ်နေတဲ့ ကျပ်ငွေ တန်ဖိုးကျဆင်းမှုက ဈေးကွက်ပျက်လောက်တဲ့အထိ ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အရောင်းအဝယ် လုပ်ဖို့ မရဲတော့လောက်တဲ့အထိ နာရီပိုင်းအလိုက် ကျဆင်းနေတာ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ရက်တွေကတည်းက ကျပ်ငွေတန်ဖိုးကျဆင်းမှု တကျော့ပြန်စလာပြန်ရာမှာ ဒီဂယက်တွေမဖြစ်ပွားခင် တဒေါ်လာကို ကျပ် ၄၀၀၀ လျော့လျော့ နဲ့ ကျပ် ၄၀၀၀ လောက်မှာရှိရာက ၅၀၀၀ ကျော်ကို ရက်အနည်းငယ်အတွင်းရောက်ရှိခဲ့ပြီး နောက်ရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာခဲ့ရာမှာ ကျပ် ၆၀၀၀ ကျော်ရောက်လာခဲ့ပြီး သြဂုတ်လ ၁၃ ရက်နေ့မှာတော့ တကြိမ်တခါမျှ မဖြစ်ဖူးသေးတဲ့ လဲနှုန်းဖြစ်တဲ့ တဒေါ်လာ ကျပ် ၇၀၀၀ ကျော်ကိုရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ ၁၃ ရက်နေ့မှာ မြန်မာကျပ်ငွေဟာ နာရီပိုင်းအလိုက် တန်ဖိုးထိုးကျနေရာမှာ ငွေလဲလုပ်ငန်းလုပ်သူတွေရပ်တန့်လိုက်ရတဲ့အထိ မြန်မာကျပ်ငွေ လျင်လျင်မြန်မြန် တန်ဖိုးကျဆင်းခဲ့တာဖြစ်ပြီး ကုန် ပစ္စည်း အရောင်းအဝယ်တွေ ရပ်တန့်ထားရလောက်အောင် ငွေတန်ဖိုးကျဆင်းမှုက မြန်ဆန်လွန်းတာတွေ့ကြရပါတယ်။ 

မြန်မာကျပ်ငွေကတန်ဖိုးမရှိတော့ဘူးလို့ထင်မြင်လာရလောက်တဲ့အထိ ငွေတန်ဖိုးထိုးကျနေပေမယ့် မြန်မာနိုင်ငံက လက်လုပ်လက်စား၊ နေ့စားအလုပ်သမား၊ စက်ရုံအလုပ်သမား စတဲ့ အောက် ခြေလူတန်းစားအလွှာအဖို့ ရရှိတဲ့လုပ်အားခတွေက အပြောင်းအလဲ သိပ်မရှိပဲ မနေ့တနေ့ကအထိ အလုပ်ချိန် တနေ့ ၈နာရီအတွက် နေ့စားလုပ်အားခ ၅၈၀၀ ကျပ်နဲ့ အပိုဆောင်းကြေး ၂၀၀၀ ကျပ်သာရရှိနေသေးတာ တွေ့ရမှာဖြစ်ပါတယ်။ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ ယှဥ်ထိုးကြည့်ရင် အထည်ချုပ်၊ ဖိနပ်ချုပ် စက်ရုံလုပ်သားတွေ အနေနဲ့ တနေ့ ရရှိတဲ့ လုပ်အားခက ကန်တဒေါ်လာတောင် မပြည့်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

အခုလို ကျပ်ငွေတန်ဖိုးထိုးကျတာကြောင့် စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါး၊ စားသောကုန်တွေထုတ်ဖို့ ကုန်ကြမ်း ပစ္စည်းအချို့ ကို နိုင်ငံခြားငွေနဲ့ မှာယူတင်သွင်းရတာကြောင့် ကျပ်ငွေ တန်ဖိုးကျတာနဲ့ နေ့မကူးပဲ အဆိုပါ ကုန်ပစ္စည်းတွေလည်း ဈေးမြင့်တက်ကုန်ပြန်ပါတယ်။ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ အခြားမြို့ကြီးတွေမှာ မော်တော်ယာဥ်တွေ ဓါတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ယူရရှိဖို့ ကားတွေ ဆိုင်ကယ်တွေ တန်းအရှည်ကြီး စီနေကြရသလို၊ ညအိပ်တန်းစီသူတွေလည်း ရှိနေကြတာဖြစ်ပါတယ်။ 

အခုတကြိမ် ငွေတန်ဖိုးကျတဲ့အဖြစ်အပျက်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ငွေကြေးစနစ်ကြီး ပြို လဲတော့မလား၊ နိုင်ငံရေး၊ စစ်ရေးအာဏာ မချုပ်ငြိမ်းခင် ငွေကြေးစနစ်က ပြိုလဲသွားမလား ဆိုတဲ့အထိ တွေးဆစရာတွေ ရှိလာနေတာ ဖြစ်ပါတယ်။ 

အိမ်နီးချင်း နိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တိုင်းရင်းသား ဒေသမြို့အချို့ နဲ့ နယ်မြေအချို့မှာသာ အိမ်နီးချင်းနိုင်ငံက ငွေကြေးကိုမွေးစားသည့်သဖွယ်အသုံးပြုနေကြတာရှိပေမယ့် ကျန်ဒေသတွေ၊ မြို့တွေအတော်များများကို စစ်ကောင်စီတပ်စွဲထားတာ၊ ထိန်းချုပ်ထားတာတွေရှိနေပြီး မြို့ပေါင်း ၇၀ ကျော် ၈၀ နီးပါးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေဆဲ ဖြစ်ပါတယ်။ အဆိုပါ ဒေသတွေမှာ မြန်မာကျပ်ငွေကိုသာ အသုံးပြုနေကြဆဲ ဖြစ်တာကြောင့် ကျပ်ငွေတန်ဖိုး ကသောင်းကနင်း ဖြစ်လောက်အောင် ကျဆင်းတာဟာ ဒီနယ်မြေ ဒီဒေသတွေမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးအရ လွတ်မြောက်သည့်တိုင် ငွေကြေးအရ မလွတ်မြောက်ဘဲ ကျပ်ငွေ တန်ဖိုး ဆိုးရွားစွာကျဆင်းတဲ့ဒဏ်ကို ခံစားကြရတာ ဖြစ်ပါတယ်။ 

ပြည်တွင်းမှာ နေထိုင်သူ လူဦးရေရဲ့  အနည်းဆုံး ၈၀ ရာနှုန်းကျော်က ကျပ်ငွေ တန်ဖိုးကျတာရဲ့ အကျိုးဆက်ကို ရှောင်လွှဲခွင့်၊ လွတ်မြောက်ခွင့်မရှိဘဲ ခံစားနေကြရတာ ဖြစ်ပါတယ်။ လက်ထဲမှာ ပိုင်ဆိုင်တဲ့ငွေများများစားစားမရှိသည့်တိုင် မိမိတို့ဝယ်ယူစားသုံးရမယ့် ကုန်ပစ္စည်း၊ စားသောက် ကုန်တွေ ဈေး မတန်တဆ မြင့်တက်တဲ့ဒဏ်ကို ခံစားနေကြရတာ ဖြစ်ပါတယ်။ 

အခုအနေအထားက ဒုတိယကမ္ဘာစစ်ကာလအုပ်ချုပ်တဲ့ အစိုးရ တခုနဲ့တခု အပြောင်းအလဲဖြစ်ချိန် သုံးစွဲနေတဲ့ ငွေကြေးတွေတန်ဖိုးမရှိတော့တဲ့အဖြစ်မျိုးကို သတိရ၊ နှိုင်းယှဥ်ကြည့်စရာ ဖြစ်လာပါတယ်။ အခုအခြေအနေဟာ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ဆုတ်ခွာချိန်၊ တဖန် ဖက်ဆစ်ဂျပန် တပ်တွေ ဆုတ်ခွာချိန် ရုပ်သေးအစိုးရပျက်ပြယ်ချိန်တို့နဲ့ နှိုင်းယှဥ်ဖို့မသင့်သော်လည်း အလားတူ ခံစားမှု အရိပ်လက္ခဏာတွေမြင်တွေ့နေကြရတဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

နိုင်ငံရေး၊ စစ်ရေးထိန်းချုပ်မှုကနေလွတ်မြောက်ဖို့လိုသလို ငွေကြေးအရ၊ ဘဏ္ဍာရေးအရလည်း လွတ်မြောက်မှုရပြီး မိမိတို့လူထုအကြား အသိအမှတ်ပြုတဲ့ငွေကြေးတခုစနစ်တခု ဖန်တီးဖို့ လို အပ်လာတဲ့အနေအထားလည်း ဖြစ်နေ၊ ရောက်နေတာ ဖြစ်ပါတော့တယ်။ 

သြဂုတ်လ ၁၃ ရက်နေ့ ညမှာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လာတဲ့ နောက်သတင်းတပုဒ်ကတော့ နေပြည် တော်မှာ စစ်ခေါင်းဆောင်ကို စစ်ဗိုလ်ချုပ်တချို့က အာဏာသိမ်းတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ CDM ဗိုလ်ကြီးတဦးက သူ့ရဲ့ ဆိုရှယ်မီဒီယာ ပေ့ချ်မှာရေးသားခဲ့ရာက စပြီး သတင်းဌာနတွေက အတည်ပြုဖို့ ဆက်သွယ်စုံစမ်းခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ သတင်းကအတည်မပြုနိုင်ပဲ အာ ဏာသိမ်းဖို့ အကြံအစည်တခု အဆင့် သို့မဟုတ် လုပ်ကြံသတင်းဖြန့်ချိပြီး  Psychological-warfare (စိတ်ဓာတ်စစ်ဆင်ရေး)တခုဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ကောက်ချက်ချကြတဲ့အဆင့် ဖြစ်ပါတယ်။ 

စစ်ကောင်စီ ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ စစ်ရေး၊ နိုင်ငံရေး စွမ်းဆောင်ရည်အပေါ် ၄င်းကို ထောက်ခံသူတွေထဲမှာပင်လျင် အားမရဖြစ်လာကြတဲ့အနေအထားကနေ အခုလို အကြံအစည် သို့မဟုတ် လုပ်ကြံသတင်း ထွက်ပေါ်လာတယ်လို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar