Breaking News

တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဥ်နဲ့မတူတဲ့ ရှုထောင့်နဲ့ အမြင်တွေ

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၄ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၁၅၊ ၂၀၂၄

တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဥ်နဲ့မတူတဲ့ ရှုထောင့်နဲ့ အမြင်တွေ

မဲခေါင်-လန်ချန်းအစည်းအဝေးကိုလာရောက်ရင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည် တော်ကိုဝင်ရောက်ပြီး စစ်ကောင်စီ ခေါင်းဆောင်နဲ့ ယခင်စစ်အစိုးရ ခေါင်းဆောင် ဦးသန်းရွှေတို့ကို တွေ့ဆုံခဲ့တဲ့သတင်းက လတ်တလော နိုင်ငံရေး စစ်ရေးဖြစ်ရပ်တွေနောက်ခံနဲ့ ဆက်စပ်ပြီး အရေးပါတဲ့လာရောက်မှုလို့ ဆိုနိုင်ပါတယ်။ စစ်ကောင်စီခေါင်းဆောင်အဖို့လည်း လက်ရှိစစ်ရေး အကြပ်အတည်းထဲကျရောက်နေတဲ့အချိန်မှာ တရုတ်နိုင်ငံရဲ့ အကူအညီ၊ ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် သဘောထားနဲ့ အကူအညီပေးနေတယ်လို့ယူဆချက် စတဲ့ အချက်တွေကိုအခြေခံပြီး သံတမန်ရေးစကားလုံးတွေနဲ့ ပြောဆိုလိမ့်မယ်လို့မှန်းဆနေကြတာဖြစ်ပါတယ်။ 

ဆွေးနွေးပွဲရဲ့ တစိတ်တပိုင်းကိုတော့ ယေဘုယျဆန်ဆန် သတင်းထုတ်ပြန်ကြသော်လည်း အဆိုပါ ယေဘုယျထုတ်ပြန်ချက်၊ သံတမန် စကားလုံး ထုတ်ပြန်ချက်တွေရဲ့ ထုတ်ပြန်ချက်ကို ကျော်လွန်ပြီး ခန့်မှန်းပြောဆိုကြတဲ့ အာဘော်အမြင်၊ ဝေဖန်ချက်တွေလည်း သတင်းမီဒီယာတွေမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။ 

အခုလပိုင်းတွေမှာ ရှမ်းမြောက်က စစ်တိုင်းဌာနချုပ် ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေ သိမ်းယူခဲ့တာ၊ ထောင်နဲ့ ချီတဲ့စစ်ကောင်စီတပ်တွေ၊ တိုက်ပွဲမှာ သေဆုံး၊ လက်နက်ချတာ၊ တပ်နဲ့ အဆက်အသွယ်ပြတ်သွားတာတွေ တခုပြီးတခုဖြစ်ပွားလာနေပြီး လက်နက်၊ ခဲယမ်း၊ တပ်စခန်း၊ ဗိုလ်မှူးချုပ်၊ ဗိုလ် ချုပ်အဆင့်တွေအထိ တိုက်ပွဲမှာသေဆုံးတာ၊ ရန်သူလက်ထဲ ကျရောက်တာတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအဖို့ ဒီစစ်ဆင်ရေးတွေမှာ အသုံးပြုတဲ့လက်နက်၊ ခေတ်မှီစစ်ရေးနည်းပညာတွေ ငွေ ကြေးတွေက ဘယ်ကနေရရှိသလဲ၊ သံသယအနေနဲ့ တရုတ်နိုင်ငံရဲ့ လက်ရာမကင်းဘူးလို့ ယူဆ ချက်တွေကို သွယ်ဝိုက်ဖေါ်ပြပြောဆိုနေကြချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်ဖြစ်ပေါ်လာတာပါ။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးမှာနှစ်များစွာ တာဝန်ယူခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံခြားရေးဝန်ကြီးရာထူးကို တခြားတယောက်ကို တာဝန်ပေးပြီး လအနည်းငယ်အကြာမှာ ၄င်းကိုပြန်လည် တာဝန်ပေးအပ်ခြင်းခံရသူလည်း ဖြစ်ပါတယ်။ သံတမန်ရေးတွေ့အကြုံရှိသူ၊ အာဏာသိမ်း စစ်ကောင်စီမတိုင်ခင် ရွေးကောက်ပွဲလုပ်ပြီးအာဏာရလာတဲ့ မြန်မာအစိုးရ၊ စစ်အစိုးရတွေနဲ့လည်း ဆက်ဆံဖူးခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ကောင်းစွာနားလည်သူလို့ယူဆရင် မမှားပါဘူး။ 

စစ်ကောင်စီအနေနဲ့တော့ မကြာခင်သီတင်းပတ်က လောလောလတ်လတ် လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ မြို့တွေ၊ တပ်စခန်း၊ တိုင်းစစ်ဌာနချုပ်အထိ စစ်ရေးအရအထိနာဆုံးရှုံးမှုမှာ နောက်ကွယ်က တရုတ်နိုင်ငံက နည်းပညာသော်လည်းကောင်း၊ လက်နက်ခဲယမ်းသော်လည်းကောင်း အကူအညီပေးခဲ့သလားဆိုတဲ့ သံသယ ရှိခဲ့ပုံရပြီး လားရှိုးမြို့ လက်လွှတ်လိုက်ပြီးနောက် နိုင်ငံကို ပြောဆိုတဲ့ မိန့်ခွန်းမှာ စောင်းပါးရိပ်ခြေပြောဆိုခဲ့တာပါ။  မြန်မာနိုင်ငံရဲ့ လတ်တလောရှမ်းမြောက်ဒေသရဲ့ လက်နက် ကိုင်ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နိုင်ခြေရှိတဲ့နိုင်ငံဆိုလို့ တရုတ်နိုင်ငံတနိုင်ငံထည်းရှိတာကြောင့် စစ်ကောင်စီခေါင်းဆောင်ရဲ့ မိန့်ခွန်းက တရုတ်နိုင်ငံကိုရည်ညွှန်းတယ်ဆိုတာ တရုတ်နိုင်ငံဘက်ကလည်းရိပ်မိပြီးသားဖြစ်မှာ သံသယဖြစ်စရာမလိုပါဘူး။ 

တရုတ်နိုင်ငံအနေနဲ့ ယမန်နှစ်ကုန်ပိုင်းက စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့မှာ တိုင်းရင်း သားလက်နက်ကိုင်တွေရဲ့တိုက်ခိုက်မှုကို တိုက်ရိုက်အားပေးကူညီခြင်း မပြုခဲ့ရင်တောင် လက်တွေ့ အကျိုးရလဒ်အရ လိုလားခဲ့ပုံရတာ အများသိသလို စစ်ကောင်စီကလည်း သိပြီးဖြစ်ပါလိမ့်မယ်။ 

ဒီအနေအထားတွေက စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ်မပေါင်းလိုဘဲ တိုက်ရိုက် အကျိုးစီးပွားနည်းပါးတဲ့ရုရှားကို စစ်လက်နက်ပစ္စည်း၊ စစ်ရေးကျွမ်းကျင်မှုတွေအတွက် အားကိုးခဲ့တာ ဖြစ်ပါတယ်။ 

သို့ပေမယ့် မြန်မာနိုင်ငံအနေနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ပထဝီနိုင်ငံရေးအရအရေးပါတဲ့ တရုတ်နိုင်ငံကို လျစ်လျူရှုလို့မရတဲ့အနေအထားဆိုတာကို ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ စစ်ခေါင်း ဆောင်မင်းအောင်လှိုင် ကောင်းစွာသဘောပေါက်လာရတဲ့အနေအထားဖြစ်ပါတယ်။ တရုတ်နိုင်ငံကိုလျစ်လျူရှုဖို့ ခပ်ဝေးဝေးကနေဆက်ဆံရင် ပေါ်ထွက်လာမယ့်အကျိုးဆက်တွေက အခုလို စစ်ရေး နိုင်ငံရေးအကြပ်အတည်းဆိုက်နေတဲ့အနေအထားမှာ ခံနိုင်စွမ်း ဖြတ်ကျော်နိုင်စွမ်းမရှိဘူးဆိုတာ သေချာပါတယ်။ 

ဒီအခြေအနေ နောက်ခံတွေက အခုခရီးစဥ်မှာ စစ်ကောင်စီခေါင်းဆောင်အနေနဲ့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးကို ဘယ်လိုသဘောထားသလဲဆိုတာ ခန့်မှန်းနိုင်တာလည်း ဖြစ်ပါတယ်။ 

သြဂုတ်လ ၁၄ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှုအပြီး  စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေကိုအကဲခတ်ကြည့်တဲ့အခါ အခုခရီးစဥ်ကို အရေးကြီးတဲ့ခရီးစဥ်အဖြစ် သတင်းထုတ်ပြန်တာကို သတိထားမိပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ စစ်ကောင်စီ ခေါင်းဆောင် ပဏာမ နှုတ်ဆက်စကားပြောဆိုတဲ့ သတင်းဗီဒီယိုကို အသံနဲ့တကွ စစ်တပ်ပိုင် မြဝတီ ရုပ်သံက ထုတ်လွှင့်တာလည်း လုပ်ခဲ့တာကို ကြည့်ရင် သိသာထင်ရှားတဲ့အချက်လို့ ဆိုနိုင်ပါတယ်။ 

တွေ့ဆုံမှုအပြီး သတင်းထုတ်ပြန်ချက်တွေထဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရှမ်းမြောက်ဒေသက စစ်ပွဲတွေကိုဆန့်ကျင်တယ်လို့ပြောဆိုခဲ့ကြောင်း စစ်ကောင်စီကထုတ်ပြန်ပေမယ့် တရုတ်နိုင်ငံဘက်ကထုတ်ပြန်ချက်တွေမှာတော့ အဲဒီအချက်တွေကို မတွေ့ရပါဘူး။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ နိုင်ငံမှာ စစ်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကိုမလိုလားကြောင်း ယေဘုယျသဘောပြောဆိုတာသာရှိပြီး ရှမ်းမြောက်ကစစ်ပွဲရယ်လို့ တိတိပပပြောဆိုတာမတွေ့ရပါဘူး။ 

စစ်ကောင်စီဘက်က ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်တဲ့အကြောင်းတွေကို ဆွေးနွေးပြီး တရုတ်နိုင်ငံ ခြားရေးဝန်ကြီးကတော့ အားလုံးပါဝင်ယှဥ်ပြိုင်နိုင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ အကြံပြုပြောဆိုတယ်လို့ ထုတ်ပြန်ချက်တွေမှာ ပါရှိတာတွေ့ရပါတယ်။ 

တရုတ်ဝန်ကြီးရဲ့ ခရီးစဥ်အတွင်း ၂၀၁၀ ခုနှစ်မှာ အနားယူခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေကို သွားရောက်တွေ့ဆုံခဲ့ခြင်းကလည်း တရုတ်နိုင်ငံအနေနဲ့ အရင် စစ်အစိုးရဟောင်း ဦးဆောင်သူကို အသိအမှတ်ပြု၊ နေရာပေးတဲ့သဘော ၄င်း ဆိုက်ရောက်နေတဲ့ အနေအထားမှာ ဦးသန်းရွှေကို သွားရောက်တွေ့ဆုံခြင်းက သံတမန်ရေးအရ တွေ့ဆုံခြင်း၊ မိတ်ဆွေဟောင်းအနေနဲ့ တွေ့ဆုံခြင်းထက်ပိုလွန်နေတယ်လို့ မြန်မာ့နိုင်ငံရေးအကဲခတ်သူတွေက မြင်ကြမှာ မလွဲပါဘူး။ 

တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု၊ ယူနန်ကနေ မြန်မာနိုင်ငံကို စလွယ်သိုင်းဖြတ်သန်းပြီး ဘင်္ဂလားပင် လယ်အော်ကိုထွက်တဲ့ ရေနံနဲ့ စွမ်းအင်ပိုက်လိုင်း၊ တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ ရေနက်ဆိပ် ကမ်း စတာတွေက တရုတ်အနေနဲ့ မြန်မာ့အရေးကို ဘယ်လောက်ထိထဲထဲဝင်ဝင် ပါဝင်ပတ်သက်နိုင်သလဲဆိုတာ ခန့်မှန်းကြည့်ရုံနဲ့ သိနိုင်တာလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar