Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၆ )

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း ( ၆ )

(မိုးမခ) ဩဂုတ် ၁၆ ၊ ၂၀၂၄

ချဲက တရားမဝင်တုံးလား မေးရတော့မယ်။

TNLA က မိုးကုတ်မှာ မူးယစ်ဆေးဝါး ရောင်း/ဝယ်သုံးစွဲသူ ၇၁ ဦး အပါအဝင် ပြစ်မှုကျူးလွန်သူ ၁၂၉ ဦးအား ဖမ်းဆီးအရေးယူခဲ့ ဆိုတဲ့ထဲမှာ တရားမဝင် ချဲရောင်းဝယ်သူ ဆိုတာ ပါလာတယ်။ ကိုယ်လဲ တအာင်းထီ ဖွင့်နေသလို နုဂျီလဲ ထီမျိုးစုံဖွင့်နေတာဘဲ။ ခုမှ ထဖွင့်တဲ့ ကိုယ့်ထီကျတရား ဝင်၊ ကိုယ် မမွေးခင်က ပေါ်တဲ့ လူများစု ထိုးနေတဲ့ ချဲထီကျ တရားမဝင်ဆိုတာကတော့ စစ်အုပ်စုနဲ့ အတူတူပါပဲ။ အဲဒီလူတွေကို ပြဿနာရှာတာထက် တရားဝင်အောင်လုပ် အခွန်ကောက်ပြီး တဖက်ကလဲ အလျော်အစားစနစ်တကျဖြစ်အောင် လုပ်ဆောင်ပေးတာ ပိုအဆင်ပြေပါမယ်။ မဟုတ်ရင် လိုင်းကြေးရဲကြေးကနေ အကျင့်ပျက် ခြစားအုပ်ချုပ်ရေးတွေ ဖြစ်ထွန်းလာစရာရှိပါတယ်။ 

အင်း ဘာဂလိုတိုတိုနဲ့ စစ်တောင် ရှမ်းမြောက်မှသည် ရှမ်းတောင်ဆီ ချီပြီ။ နောင်ချို တောင်ခမ်းရွာအမြောက်တပ်ရင်းကို TNLA ဆက်ပြီးထိုးစစ်ဆင်နေပြီ။ တောင်ခမ်းမှာ အမြောက်တပ် (၉၀၂)၊ နောင်လိတ်ရွာမှာ ခမရ (၃၀၂)၊ ရမခ (၃၂၅) နဲ့ လပခ လက်အောက်ခံ ခမရ(၃၀၆)တို့နဲ့ဆော်နေတာတဲ့။ အဲဒါတွေမရှိရင် ရှမ်းတောင်လမ်းပွင့်ပေါ့။ တောင်းခမ်းရွာက နောင်ချိုကနေ ရပ်စောက်သွားတဲ့လမ်းပိုင်းမှာရှိတယ်။ နောင်ချိုကနေ ထွက်ပြေးတဲ့ စစ်ခွေးတွေက အဲဒီမှာ။ ဒါ့ပြင် ရှမ်းတောင်က အင်အားဖြည့်တင်းထားတဲ့ဟာတွေရယ်၊ ရဟတ် ယာဉ်နဲ့ပို့ထားတဲ့ ကောင်တွေလဲ တောင်ခမ်းမှာ။ 

ရှမ်းအရှေ့မှာလဲ တိုက်ပွဲတွေကူးစက်လာနိုင်လို့ စစ်ကောင်စီအသိုင်းအဝန်းမှာ အသင့်အနေအထားရှိဖို့ သတိပေးချက်တွေ ထွက်ပေါ်နေသဗျ။ ရှမ်းတပြည်လုံး ဘယ်စစ်တိုင်း ဘယ်သူယူ ခွဲတမ်းတောင် ချပြီးကြပြီဆိုကဘဲ။ စစ်တိုင်း ဘုရားပွဲနော်။

ရှမ်းအရှေ့မှာ UWSA မြောက်ပိုင်းနဲ့ NDAAတို့ ရှိသလို UWSA တောင်ပိုင်းစစ်ဒေသလဲ ရှိနေပြီး RCSS ရဲ့ စခန်းကုန်းတွေလဲရှိနေတာလေ။

ရှမ်းအရှေ့မှာ စစ်ကောင်စီရဲ့ ကျိုင်းတုံအခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိသလို၊ မိုင်းဖြတ်အခြေစိုက် စကခ-၁၈ နဲ့ မိုင်းဆတ်အခြေစိုက် စကခ-၁၄ တို့ရှိကြကာ ဒေသစစ်ဗျူဟာတွေလဲရှိနေကြပါတယ်။

ကျိုင်းတုံ တသခ လက်အောက်မှာ တိုက်ခိုက်ရေးတပ်ရင်းနဲ့ လက်ရုံးတပ် ၂၃ တပ်၊ မိုင်းဖြတ် စကခ-၁၈ မှာ တပ် ၈ တပ်၊ မိုင်းဆတ်မှာ စကခ-၁၄ နဲ့ တပ် ၁၁ တပ်၊ မိုင်းတုံမှာ စစ်ဗျူဟာနဲ့ ၇ တပ်၊ တာချီလိတ်မှာ  စစ်ဗျူဟာနဲ့ တပ်ရင်း-၃ ရင်း၊ ကျိုင်းတုံနားက မိုင်းနူန်မှာ အမြောက် မစခ ဌာနချုုပ်နဲ့ အမြောက် ၃ တပ်၊ မိုင်းယန်း ၂ ရင်း၊ မိုင်းခတ် ၃ ရင်း၊ မိုင်းပြင်း ၄ ရင်း၊ ကုန်းဆာ ၂ ရင်း၊ မန်လီမှာ ခလရ-၂၄၄၊ မိုင်းယောင်းနဲ့အနီးမှာမှာ ၅ ရင်း၊ လွိုင်မွေ ၂ ရင်း၊ မိုင်းဖြတ် နဲ့ မိုင်းယောင်းလမ်းမှာ ခလရ-၂၂၁ ၁ ရင်း၊ မိုင်းတွမ််း ၂ ရင်း၊ မိုင်းယောင်း ၄ ရင်း၊ နားကောင်းမူ ခလရ-၆၅ နဲ့စုစုပေါင်း တိုက်ခိုက်ရေးနဲ့ လက်ရုံးတပ် ၈၄ တပ်ရှိသတဲ့။

“တပ်တွေပဲရှိတာ အခု တပ်တွေမှာ သပိတ်သွပ်လာတာတွေ များသလို ကိုယ့်တပ်မှာမဟုတ်ဘဲ အခြားနေရာ စစ်ထွက်နေရတော့ အင်အားမရှိပါဘူး၊ တချို့ဆို အိုနာ ကျိုးကန်း ဆေးအဆင့်တွေနဲ့ မိသားစုတွေပဲကျန်တယ်၊ အဓိကကျန်တာက စကခ-၁၈ ပဲ၊ ခုထိ ဘယ်တိုက်ပွဲမှ ပါတာမတွေ့ရသေးဘူး”လို့ စစ်ရေးလေ့လာနေသူ ၁ ဦးက မဲခေါင်ကို ပြောသတဲ့။ ကိုင်း ဘယ်လောက်လှနေလဲ။ အရင်ဝင်တဲ့သူ အရင်ရ၊ နောက်ကျရင် အပေါက်ဝကနေ ဂျောက်ကျနိုင်ကိန်းဘဲ။

မန်းတောင်လက်ယာနဲ့ မန်းမြောက်လက်ဝဲ ဆွဲသလို အလှမ်းမဝေးပေါင် မန္တလေးတောင်နားတဝိုက်ကလဲ တပွဲပြီး တပွဲပါဘဲဗျ။

မန္တလေးမြို့နဲ့ မတ္တရာမြို့ကြား၊ မန္တလေး - မတ္တရာ ကားလမ်းပေါ်က ကျောက်တံတားရွာမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်ခဲ့။ ကျောက်တံတားကျေးရွာဟာ မန္တလေးနဲ့ မတ္တရာမြို့ကြားက စစ်အုပ်စုရဲ့ အရေးပါတဲ့ အထိုင်စခန်းတစ်ခု ဖြစ်ပြီး အဲဒီစခန်းကျရင်တော့ စစ်သားစုဆောင်းရေးတပ်သာ ကျန်ပြီး မန္တလေးမြို့အဝင် ရွှေကျင်တိုးဂိတ်အထိ တော်လှန်ရေးတပ်တွေ ရောက်လာနိုင်တာမို့ စစ်အုပ်စုက ကျောက်တံတားစခန်း မကျဖို့ အသည်းအသန် ခုခံနေသတဲ့။ လက်ရှိမှာ စစ်အုပ်စုက ကျောက်တံတား၊ ကြာနီကန်၊ ဒဟတ်တော ကွန်ပျူတာတက္ကသိုလ် အပါ အဝင် မန္တလေးနဲ့ မတ္တရာကြားက ကျေးရွာတွေမှာ စစ်အုပ်စုနဲ့ ပျူအင်အား ထောင်ချီပို့ကာ ခံစစ်ပြင်ထားတယ်လို့ ဒေသခံတွေက ပြောတယ်။ 

အကျင့်ပျက် ခြစားနေတဲ့စစ်တပ်က စစ်မတိုက်တော့ဘူး၊ စစ်မတိုက်တတ်တော့ဘူး၊ စစ်တိုက်ချင်စိတ်မရှိတော့ဘူး၊ နိုင်ကိုနိုင်မှာ၊ ဗျူဟာပဲ လိုတယ်လို့ ဒေါ်မီမီဝင်းဘတ် ခဏခဏ ပြောနေတာ အောက်က သတင်းကလေးနဲ့ဆို ကွက်စတိ။

ဂန့်ဂေါမြို့အမြောက်တပ် အတွင်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်း ဖြည့်တင်းရန် ရောက်ရှိလာသည့် ရဟတ်ယာဉ်ဖြင့် ဂန့်ဂေါမြို့ လုံခြုံရေးတာဝန်ခံဗိုလ်ကြီး မျိုးဝင်းသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ဗိုလ်ကြီးမျိုးဝင်းသူ၏ ဇနီးကလည်း ၎င်း၏ ခင်ပွန်းဖြစ်သူကို အိမ်ထောင်ရေး၊ လူမှုရေးဖောက်ပြန်မှုဖြင့် တရားစွဲဆိုထားကြောင်း၊ ဇနီး၏ ဖခင်မှာ စစ်တပ်အရာရှိကြီး တစ်ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူ ဗိုလ်ကြီးမျိုးဝင်းသူသည် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း PDF များထံ ကျည်ဆန်များ ရောင်းစားသည်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း သိရှိရသည်။ 

ဖမ်းဆီးခံရသူ ဗိုလ်ကြီးမျိုးဝင်းသူသည် ဂန့်ဂေါခရိုင်ရုံးမှ ဒုရဲအုပ် ရဲမေတစ်ဦးနှင့် အိမ်ထောင်ရေးဖောက်ပြန်ကာ ဂန့်ဂေါမြို့ပေါ်တွင် ပေါင်းသင်းနေထိုင်ကြောင်း သိရှိရသည်။ 

ဗိုလ်ကြီး မျိုးဝင်းသူသည် ၂၀၂၁ ခုနှစ်တွင် ဂန့်ဂေါမြို့နယ် ကျောမြို့အခြေစိုက် ကပစ ၂၃မှ ဂန့်ဂေါမြို့ လုံခြုံရေးတာဝန်ဖြင့် ရောက်ရှိလာသူဖြစ်ကြောင်း၊ ၎င်းတာဝန်ယူထားစဉ်ကာလအတွင်း ဂန့်ဂေါမြို့ပေါ်ရှိ ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်နှင့် ပူးပေါင်းကာ မြို့ပေါ်ရှိပြည်သူများအား မတရားဖမ်းဆီးငွေညှစ်ခြင်း၊ KTV၊ ပြည့်တန်ဆာခန်း၊ ၂ လုံး၊ ၃ လုံး၊ လောင်းကစား၊ ဖဲဝိုင်း၊ ကြက် ဝိုင်း၊ မူးယစ်ဆေးဝါးစသည့် ရောင်းဝယ် ဖောက်ကားခြင်းအပါအဝင် စစ်တပ်ပိုင် ကျည်ဆန်များကိုလည်း PDF တပ်ဖွဲ့များထံ ရောင်းချပေးမှုရှိခဲ့ကြောင်း သိရသည်။ 

ဒါ စစ်တပ် စစ်ရှုံးနေတဲ့ အကြောင်းရင်းဘဲ။ စတန်းဒတ်အာမီကနေ ဒရမ်းခပ်အာမီ ဖြစ်နေတာ ကြာပေါ့။ ကာချုပ်ကနေ တပ်သားထိ လာဘ်စား မရပ်မနား။ တမတ်သားဆိုပြီး လွှတ်တော်ထဲ မဆီ မဆိုင်သွား၊ နွားနဲ့ စန္ဒရား။ 

နောက်တကောင်ကြည့်၊ စစ်တိုင်းမှူးတောင် ခွေးပြေး ဝက်ပြေး ပြေးနေရတဲ့ ကာလမှာ မအလနဖူးသိုက်တူးမပျက်။

တာချီလိတ် မြို့အစွန် စပါးစိုက်ပျိုးတဲ့ လယ်မြေတွေကို တရားမဝင် မြေဖို့လုပ်ငန်း လုပ်ကိုင်နေပြီး တာချီလိတ် အခြေချ စစ်ဗျူဟာက G2 ကိုယ်တိုင် ကြီးကြပ်ပြီး လာဘ်ငွေ သန်းနဲ့ချီယူပြီး လုပ်ကိုင်နေ။ G2 ဗိုလ်မှူး သွန်းသူရထွန်းဟာ မြေသယ်ကား လုပ်ကိုင်သူတွေနဲ့ပူးပေါင်းပြီး တရားမဝင် မြို့ကွက်သစ်ဖေါ်ချင်တဲ့ မြေပိုင်ရှင်တွေဆီက ဘတ်ငွေသန်းနဲ့ ချီယူပြီး လုပ်ကိုင်နေတာပါ။ တရားမဝင် မြေဖို့တဲ့ လုပ်ငန်းကို ခိုင်စိုးဦး ဆိုသူဟာ  စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဌာနဆိုင်ရာအဆင့် ဆင့်နဲ့ စစ်ဗျူဟာကို လဘ်ငွေသန်းနဲ့ချီပေးပြီး လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

“ဧက ၂၀ ကို ထိုင်းဘတ် ၆ သန်းနဲ့ မြေပိုင်ရှင်နားက ယူပြီး ဖို့နေတာ မြေကိုတော့ တောင်ကိုဖဲ့ပြီးသယ်တာ ညဘက်ဆို ကားတွေအများကြီးပဲ ဗျူဟာ G 2 ကိုယ်တိုင် ကားတွေကို စောင့်ပေးတယ်လို့ ကြားတယ်။ မြေကားတွေနဲ့ ဖို့တဲ့ လုပ်ငန်းရှင်က “ခိုင်စိုးဦး” ပါ သူတယောက်တည်းလုပ်တာ” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ လယ်မြေတွေအပေါ် တရားမဝင် ကွက်သစ်ဖေါ်လုပ်တဲ့ လုပ်ငန်းကို စစ်ဗျူဟာက လုပ်ကိုင်နေတာဖြစ်ပြီး မြေဖို့ပြီး ၄၀ x ၆၀ အကွက်တစ်ကွက်ကို ထိုင်းဘတ် ၅ သိန်းကနေ လမ်းနေရာကျရင် ထိုင်းဘတ် ၁၀ သိန်းအထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ 

မအလက ဒီခွေးသူတောင်းစားတွေ မွေးပြီး တိုင်းပြည် အုပ်ချုပ်ချင်တာတဲ့လေ။ 

နေညိုပြီဆို ရွှေဘိုကလဲ ခွေးမီးဖုတ် ချက်လက်ကုန်။ 

ရွှေဘိုမြို့ကနေ အင်အား ၃၀ ခန့်နဲ့ အောင်ချမ်းသာကျေးရွာဘက်သို့စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်တွေကို နံနက် ၂ နာရီခန့်အချိန် သရက်ခြံထဲအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၁၅မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့။ နံနက် ၉ နာရီခွဲမှာ အောင်ချမ်းသာရွာနားက ဆန်စက်ဟောင်းမှာ နေရာယူတုန်း ၄၅ မိနစ်ခန့်တိုက်ပွဲ တစ်ကြိမ်၊ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်မှာ ၁ နာရီခန့်ကြာ တစ်ကြိမ်နဲ့ ညနေ ၆ နာရီခန့်မှာ ၁ နာရီခန့်ကြာ တိုက်ပွဲတစ်ကြိမ် စုစု ပေါင်း ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး အထိ နာကာ မြို့ထဲ ပြန်ဆုတ်ပြေးသွား။

“ထိတွေ့တိုက်ပွဲက ၄ ကြိမ်ဖြစ်တာ၊ မနက် ၂ နာရီခွဲ၊ မနက် ၉ နာရီခွဲ၊ ညနေ ၄ နာရီ၊ ညနေ ၆ နာရီ စုစုပေါင်း ၄ ကြိမ်၊ စစ်ကြောင်းက တစ်ကြောင်းထဲပဲ အင်အားက ၃၀ ကျော်တယ်၊ လက်နက်တွေ‌ တော့မရခဲ့ဘူး။ အလောင်းက ၃ လောင်းရရမှာ၊ တစ်လောင်းက အရာရှိလား မသိဘူး။ အလက်တွေ မပါတဲ့၂ ယောက်ကနေ ဇွတ်လာဆွဲပြီးယူလို့ ၂ လောင်းပဲ ရခဲ့တာ။ ကျန်တဲ့ ၄ လောင်းကို ရွှေဘိုမုခ်ပေါက်မှာ မီးသင်္ဂြိုလ်သွားတယ်။ အခုအင်အား ၃၀ ကျော်ထဲမှာ အခုမှ သင်တန်းဆင်းလာတဲ့သူတွေ ရောပါတယ်။ သင်တန်းဆင်းလာပြီးတော့ သင်တန်းမှာ မှတ်ထားတဲ့ မှတ်စုစာအုပ်တွေရော ရထား တယ်” တဲ့။ ဒဏ်ရာရ စစ်သား ၉ ဦးကို ရွှေဘိုမြို့နယ်ဆေးရုံတင်ထားသတဲ့။ 

မအလတို့အုပ်စုကတော့ စစ်ရာဇဝတ်သားပီးပီ ဈေးတွေထဲကို လက်နက်ကြီးထု ဗုံးကြဲ ဒါပဲ လုပ်တတ်တာ။

မုံရွာမြို့၊ မြို့ရဲ့တောင်ဘက်၊ ထနောင်းတောတောင်ရွာ စျေးထဲကို ဒီမနက်ပိုင်း စစ်အုပ်စုက လက် နက်ကြီးနဲ့ ထုလို့ စျေးသည်စျေးဝယ် ပြည်သူ (၁၀) ဦးကျော် သေဆုံးကာ (၁၀) ဦးကျော် ဒဏ်ရာရတယ်။ မုံရွာ-မန္တလေး လမ်းပေါ်က မအူရွာထိပ်မှာ ဂိတ်ဖွင့်ပြီး ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတဲ့ စစ်အုပ်စုက မြို့ရဲ့ တောင်ဘက်ခြမ်းက ကျေးရွာတွေဘက် လက် နက်ကြီးနဲ့ ပစ်ခတ်နေတာ။

မအူဂိတ်က စစ်အုပ်စုဟာ ခိုးရာပါပစ္စည်းတွေ၊ လက်နက်ပြမိုက်ကြေးခွဲလို့ ရတဲ့ ငွေနဲ့ မူးရူးသောက် စားကာ မုံရွာမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်း ကျေးရွာတွေက ပြည်သူတွေကို ပစ်မှတ်ထားပြီး နေ့စဉ်နီးပါး ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတာတဲ့။

မုံရွာ - မန္တလေး လမ်းပေါ်က၊ မုံရွာမြို့ အဝင်အထွက် စစ်အုပ်စုရဲ့ ငွေညှစ်ဂိတ်တွေဖြစ်တဲ့ မအူဂိတ်နဲ့ မြေနဲဂိတ် တွေကနေ ပြည်သူကို ပစ်မှတ်ထားပြီး ကျေးရွာတွေဘက် လက်နက်ကြီးနဲ့ ထုသတ်လို့ ပြီးခဲ့တဲ့ ၂၀၂၂နဲ့ ၂၀၂၃ အတွင်း ဒေသခံပြည်သူ (၃၀)ကျော် သေဆုံးကာ ဒဏ်ရာရသူ (၈၀)ကျော် ရှိတယ်။ လက်နက်ကြီးရန် ကြောက်လို့ ပြည်သူတွေ ထွက်ပြေးချိန် စစ်အုပ်စုနဲ့ပျူတွေက အဲ့ဒီ ရွာတွေကို စီးနင်းဝင်မွှေ ဖောက်ထွင်း ခိုးယူတာ။ စစ်တပ်ဆိုတာ သူခိုးဓမြအဖွဲ့ထက်မပိုတော့သမို့ ဒီတိုင်းပြည်အတွက် မလိုအပ်တော့လို့ ရှင်းထုတ်နေကြတာလေ။ 

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာမှာလဲ ရဲကင်းစခန်းက စစ်ခွေးတွေက ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ်သိန်း ၅၀၀ နဲ့ ဆိုင်ကယ်ကို လုယူသွားတယ်။

"ဆိုင်ကယ် ၂ ဦး စီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ခိုင်းတာ ဆိုယ်ကယ်ဘောက်ဖွင့်ခိုင်းလို့ ဖွင့်ပေးလိုက်တာနဲ့ ငွေတွေလည်းမြင်ရော သေနတ်နဲ့ပါထောက်ပြီး ပစ္စည်းတွေထားခဲ့ မင်းတို့ ပြေးကြတော့ဆိုပြီးပြေးခိုင်းတာ ထွက်ပြေးသွားတဲ့ ပြည်သူ ၂ ဦးကတော့ လွတ်မြောက်လာတယ်"

AA က ကျိန္တလီကို အချိန်မီလေးဆွဲထားပြီး မောင်တော နခခ (၅) ကို အလံဖြူထောင်ပြီး လက်နက်ချခိုင်းထားတယ်။

မောင်တောက နယ်ခြားစောင့် ၆၀၀ ကျော်ဟာ ဘုတ်အစီး ၂၀ ကျော်နဲ့ ပင်လယ်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြတယ်။ 

မူဆယ်က ပြည်သူ့စစ်တွေကိုလဲ စစ်ကောင်စီနဲ့ မ‌ပူးပေါင်းဖို့နဲ့ လက်နက်ချ အလင်းဝင်ဖို့ ညီနောင်မဟာမိတ်က စာပို့ သတိပေးထားတယ်တဲ့။ ချင်းကလဲ သိမ်းပြီးရင်းသိမ်းနော်။ အရှေ့အနောက် တောင် မြောက် အဆိုးများက နေရာတိုင်း ဝိုင်းနေလို့ တိုင်းမှူးတွေကို အာဏာကုန်ပေးတော့မလိုလို။ ပေးလိုက်လို့ကတော့ COC ပျက်ပြီး အနားရှိတဲ့ ERO နဲ့ ချိတ်ဆက်ပေါင်းကူး အကြောင်း ထူးလိုက်ရုံ ရှိတော့တာလေ။ 

စကားမစပ် ဝမ်ယိ လာတာ မအလ လိုက်မယ်ဆို တခါတည်း ခေါ်သွားမလို့နော်။ 

ဒီနေ့ ရှယ်အစားအစာ တရုတ််ကြီးရဲ့ ငရုတ်သီး။ 

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သတင်းပလင်း

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar