Breaking News

သီအိုဇော် - အာဏာရှင်အစစ်နှင့် အာဏာရှင်အတု

သီအိုဇော် - အာဏာရှင်အစစ်နှင့် အာဏာရှင်အတု

(မိုးမခ) ဩဂုတ် ၁၆ ၊ ၂၀၂၄


ဇာတ်သိမ်းမကောင်းတဲ့ အာဏာရှင်တွေ အများအပြားရှိပါတယ်။ ဒီနာမည်ဆိုးနဲ့ အာဏာရှင်တွေက မကောင်းတဲ့ဘက်မှာလို့ပဲပြောပြော ပင်ကိုအရည်အချင်း၊ လုပ်ရည်ကိုင်ရည်တွေ အနည်းနဲ့အများ ရှိကြပြီး သူတို့နိုင်ငံနဲ့ ပြည် သူအကျိုးအတွက် အတိုင်းအတာတခုအထိ ဆောင်ရွက်ပေးခဲ့တာမျိုးတွေလည်း တွေ့ရပါတယ်။

အာဏာရှင်တွေကို မရမက သရုပ်ပြ အမွှမ်းတာတော့ မဟုတ်ရပါဘူး။ ဒါပေမဲ့ အာဏာရှင် နာမည်ဆိုး ရခဲ့သူတွေမှာတောင် သူတို့ပြည်သူတွေ အတိုင်းအတာတခုအထိ လက်ခံပေးနိုင်ကြတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သေးတယ်ဆိုတာကို ဆွဲထုတ်ပြချင်တဲ့အတွက်ပါ။ ဘာအစွမ်းအစမှလည်း ပြသစရာ မရှိအောင် ညံ့ဖျင်းသူ၊ ပြည်သူတွေအနေနဲ့လည်း အစကတည်းက အရိုးထဲအထိ နာကြည်းမုန်းတီးကြသူ စစ်အာဏာရှင် တယောက်နဲ့ နှိုင်းယှဉ် ပြချင်လို့သာ ဖြစ်ပါတယ်။

တောင်ကိုရီးယားက သမ္မတပတ်ချုံဟီးကို အာဏာရှင်တဦး အဖြစ် သတ်မှတ်ကြပါတယ်။ သူကလည်း ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးအဖြစ်နဲ့ ၁၉၆၁ ခုနှစ် မေလက အာဏာသိမ်းခဲ့သူပါ။ အဲဒီကာလတုန်းက တောင်ကိုရီးယားဟာ အခုလို စက်မှုဖွံ့ဖြိုးထွန်းကားတဲ့ နိုင်ငံမဟုတ်သေးဘဲ ဆင်းရဲတဲ့ တိုင်းပြည်အဆင့်ပဲ ရှိပါသေးတယ်။ လက်ရှိကမ္ဘာ့ ဆဋ္ဌမမြောက် စတီးထုတ်လုပ်တဲ့ တောင်ကိုရီးယားနိုင်ငံက ၁၉၅၉ ခုနှစ် ပထမ ၆ လအတွက် တန် ၂၀ သာ ထုတ်လုပ်ခဲ့နိုင်ပြီး မြောက်ကိုရီးယားကတောင် ၂၂၃ တန် ထုတ်လုပ်ခဲ့တယ် ဆိုရင် ပိုမြင်သာပါလိမ့်မယ်။

အဲဒီကာလအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာလည်း တောင်ကိုရီးယားနိုင်ငံက ၀.၈ (billion kWh) သာ ရှိခဲ့ပြီး မြောက်ကိုရီးယားက လေးဆခွဲ ပိုထုတ်လုပ် အသုံးပြုခဲ့ပါတယ်။ Yushin ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အာဏာ ဆက်တည်မြဲအောင် လုပ်ခဲ့သူ အာဏာရှင် ပတ်ချုံဟီးရဲ့ စီမံကြံဆမှုတွေက ဆင်းရဲတဲ့တိုင်းပြည် ဘဝက ဒီကနေ့ လို ချမ်းသာကြွယ်ဝတဲ့ တောင်ကိုရီးယား ဖြစ်လာစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တာကိုတော့ လက်ခံထားကြရပါတယ်။

ဆဒမ်ဟူစိန် ဆိုရင်လည်း သူ့ရဲ့ စာမတတ်သူ ပပျောက်ရေး ကြိုးပမ်းမှုအတွက် ယူနက်စ်ကိုအဖွဲ့ကြီးက ဆုချီးမြှင့်ခံခဲ့ရသူတယောက် ဖြစ်ခဲ့ဖူးပါတယ်။ ပင်လယ်ကွေ့စစ်ပွဲကြောင့် ပိတ်ဆို့အရေးယူမှုတွေ မခံရခင်က အီရတ်နိုင်ငံရဲ့ ကျန်းမာရေးဘတ်ဂျက်ဟာ တနှစ်ကို ဒေါ်လာ ၄၅၀ သန်း ဝန်းကျင် သုံးနိုင်ခဲ့တဲ့ အခြေအနေ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ နှစ်အချိန်တဝိုက်လောက်က သုံးစွဲမှုဖြစ်ပြီး လူဦးရေကလည်း ၁၈ သန်း အောက်ပဲ ရှိသေးတာပါ။ အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှာ ထိရောက်ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့တဲ့ တိုင်းပြည်တခုလို့ သတ်မှတ်ခံရတဲ့နေ့ရက်များ ဆဒမ်ဟူစိန် လက်ထက်မှာ ရှိခဲ့ဖူးပါတယ်။

ပညာရေးအတွက်လည်း ဂျီဒီပီရဲ့ ၆ ရာခိုင်နှုန်း သုံးစွဲခဲ့တဲ့ ဘတ်ဂျက်နှစ်လည်း ရှိခဲ့ပါတယ်။ အိုပက် (OPEC) အဖွဲ့ ကို ဘဂ္ဂဒက်မြို့မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး မူလတည်ထောင်သူ ၅ နိုင်ငံထဲက တနိုင်ငံဖြစ်တယ် ဆိုတာနဲ့တင် စစ်မဖြစ်တဲ့ ကာလတွေက နိုင်ငံရဲ့ ဝင်ငွေကို မှန်းဆကြည့်နိုင်ပါတယ်။

၂၀၁၁ ခုနှစ် ကဒါဖီ ဖယ်ရှားမခံရမီက လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း (HDI)-၂၀၁၀ ပြည့်နှစ်အရ ဆိုရင် အာဖရိကတိုက်မှာ အမြင့်ဆုံး ဖြစ်ခဲ့သလို၊ တကမ္ဘာလုံးအနေနဲ့လည်း အဆင့် (၅၃) ဖြစ်ခဲ့တာပါ။

တရုတ်၊ အိန္ဒိယ၊ ဘရာဇီးလ်၊ ဆော်ဒီ အာရေးဗီးယားတို့ရဲ့ အထက်မှာ ရှိခဲ့ပါတယ်။ အာဆီယံထဲကဆိုရင် စင်ကာပူနိုင်ငံတခုတည်းသာ လစ်ဗျားထက် မြင့်တာပါ။ ရေနံနဲ့ ဝင်ငွေကောင်းတဲ့ နိုင်ငံဟာ အခမဲ့ကျန်းမာရေး၊ပညာရေးစနစ်တို့ကို ကျင့်သုံးနိုင်ခဲ့ပါတယ်။

ကဒါဖီဟာ The Green Book လို့ အမည်ရတဲ့ နိုင်ငံရေး ဖီလော်ဆော်ဖီ၊ နိုင်ငံရေးသီအိုရီ စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပြီး၊ ဘိုလီးဗီးယားသမ္မတ အီဗိုမိုရားလက်စ်ကိုယ်တိုင် သူ့ရဲ့ နိုင်ငံရေးအယူအဆနဲ့ ပေါ်လစီတွေအပေါ်မှာ ဒီစာအုပ်က လွှမ်းမိုးမှု ရှိခဲ့ဖူးတယ်လို့တောင် ကဒါဖီလက်ထက် လစ်ဗျားခရီးစဉ်အတွင်း ပြောကြားခဲ့ဖူးပါတယ်။

ထပ်ဖြည့်ပြောရရင် ဇနီးမောင်နှံ နှစ်ဦးလုံးရဲ့ ခန္ဓာကိုယ်မှာ စုစုပေါင်းကျည်ဆန် ၁၂၀ ဖောက်ထွင်းပြီး သေဒဏ်စီရင်ခံခဲ့ရတဲ့ အာဏာရှင် ချောင်ဆက်စကူး ဆိုရင်လည်း အာဏာရယူပြီး အစောပိုင်းကာလတွေမှာ သူတို့နိုင်ငံတွေက ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု ရရှိခဲ့ကြသူ၊ ပြည်သူနဲ့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် တစုံတရာ စွမ်းဆောင်ပေးနိုင်ခဲ့သူလို့ မြင်ခဲ့ကြရသူပါ။

ဘယ်လို မှတ်တိုင်တွေ စိုက်နိုင်ခဲ့ပါစေ၊ အာဏာရှင်တို့ရဲ့ ဇာတ်သိမ်းကတော့ ဘယ်လိုမှ မလှပခဲ့ကြပါဘူး။

ချောင်ဆက်စကူး၊ ဆဒမ်ဟူစိန်၊ ကဒါဖီ တို့ရဲ့ နိဂုံးလောက် လူသိမများခဲ့တဲ့ ပတ်ချုံဟီးကတော့ သူ့အတွင်းစည်းထဲက လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတာပါ။ ပတ်ချုံဟီးရဲ့ လူယုံတဦးဖြစ်တဲ့ Korea Central Intelligence Agency- KCIA ကိုရီးယား ဗဟိုထောက်လှမ်းရေးအဖွဲ့ ရဲ့ ညွှန်ကြားရေးမှူးက ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုကမ္ဘာသိ ဒိတ်ဒိတ်ကြဲ အာဏာရှင်ကြီးတွေတောင် ပြည်သူကို ဆန့်ကျင်တဲ့အခါ၊ ပြည်သူရဲ့ ရွံရှာမုန်းတီးမှုကို ခံကြရတဲ့အခါ၊ အာဏာကို အလွန်အမင်း ယစ်မူး အလွဲသုံးစားပြုကြတဲ့အခါ ဇာတ်သိမ်းမကောင်းခဲ့ကြပါဘူး။ 

မြန်မာနိုင်ငံက လက်ရှိ စစ်အာဏာရှင်လို အစကတည်းက ပြည်သူများရဲ့ နာကြည်းမုန်းတီး ရွံရှာမှုကို ရင်ဆိုင်ရသူ အတွက်တော့ လက်ကျန်နေ့ရက်တွေ သိပ်မများနိုင်တာ အသေအချာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ‘သူလည်း သိသလောက် တတ်သလောက်နဲ့တော့ လုပ်သွားရှာတာပဲ၊ ဒါပေမဲ့ တိုင်းပြည်က မတိုးတက်လာခဲ့ဘူး’လို့ အရှက်ကင်းမဲ့စွာ ပြောခဲ့ဖူးသူရဲ့ လက်ထက်မှာ တနေ့ပြီးတနေ့ နိုင်ငံနဲ့ ပြည်သူ ဘယ်လောက် နစ်နာနေရတယ်ဆိုတာ ထပ်ပြောဖို့ မလိုတော့ပါဘူး။

တနိုင်ငံလုံးမှာ ကာကွယ်ရေး စစ်လက်နက်ပစ္စည်းထုတ်တဲ့ ကပစ စက်ရုံပေါင်းက ၂၅ ရုံလောက် ရှိတယ်။

ဒါပေမဲ့ နယ်စပ်မှာရှိတဲ့ လက်နက်စက်ရုံလေးတွေလောက် အဖြစ်မရှိဘူးလို့လည်း မှတ်ကြရမယ့် မိန့်ခွန်း။ တစီးကို ဒေါ်လာ သန်း ၃၀ ကျော် အောက်ထစ်တန်တဲ့ SU-30 တိုက်လေယာဉ်တွေတောင် ရှိပေမယ့် ဟိုကဒီက မနည်းရှာဖွေထားရတဲ့ ပစ္စည်းတွေနဲ့ တီထွင်ကြံဆထားရတဲ့ ဒရုန်းတွေ ဒရော့ဗုံးတွေလောက် ဝေဟင်ကို မစိုးမိုးနိုင်တော့ဘူးလို့လည်း ဝန်ခံရာရောက်တဲ့မိန့်ခွန်း။ တိုင်းပြည်ဘတ်ဂျက် ဒေါ်လာဘီလီယံပေါင်းများစွာ ဖြုန်းတီးသုံးစွဲထားတဲ့ အကြမ်း ဖက်စစ်တပ်ဟာ နိုင်ငံနဲ့အဝှမ်းမှာ အနိုင်ကျင့်ခံနေရတယ်လို့ ငိုချင်းချထားတဲ့ မိန့်ခွန်းကို သွေးရူးသွေးတမ်း ပြောတာ ကြားရပြီးတဲ့နောက်၊ သူ့ကို ဟုတ်နိုးနိုးနဲ့ ဝန်းရံခဲ့ကြသူတွေတောင် စိတ်ပျက်အားလျော့လာရပါပြီ။

ကောလာဟလလို့ပဲဆိုဆို၊ ရည်ရွယ်ချက်ရှိရှိဆိုက်ဝါးပဲဖြစ်ဖြစ် ဒီရက်ပိုင်း ကြားခဲ့ကြရတဲ့သတင်းက၊ အတွင်းမငြိမ်မသက်မှုကိုလည်း တစိတ်တပိုင်း ပြသခဲ့ပါတယ်။ အာဏာရှင်အစစ်တွေက တော့ အတိုင်းအတာတခုအထိ နိုင်ငံတကာထောက်ခံမှုကိုရယူနိုင်ကြပြီး ဆယ်စုနှစ်များစွာအထိတန်ခိုးထွားကြပါတယ်။ အာဏာရှင်အတုကတော့ နိုင်ငံတကာ စာမျက်နှာမှာ တရားဝင်ထောက်ခံသူမရှိ အထီးကျန်ပြီး၊ နိုင်ငံရပ်ခြားခရီးသွားဖို့ ကြုံလာရင်တောင် တန်ပြန်အာဏာသိမ်းမှုများဖြစ်လာလေမလားဆိုပြီး တွေးပူရလောက်အောင် အာဏာအခြေ မခိုင်မြဲကြပါဘူး။

ဒါ့အပြင် ပြည်သူတရပ်လုံးကိုလည်း ရန်သူအဖြစ် သတ်မှတ်ထားရပြီး၊ နိုင်ငံ‌ရေး၊ စစ်ရေး၊စီးပွား ရေး၊ သံတမန်ရေး နယ်ပယ်အားလုံးမှာ အရေးနိမ့်နေရင်တော့ ဒီလိုအညံ့စား စစ်အာဏာရှင်အတုရဲ့ နောက်ဆုံးနေ့ရက်တွေက တစထက်တစ နီးလာပြီလို့သာ ပြောရပါလိမ့်မယ်။

အတွေးအခေါ် တော်လှန်ရေးကိုပါယှဉ်တွဲဖော်ဆောင်နေကြတဲ့ ကာလမှာ ကံကို ပုံချတဲ့အကျင့်၊ ကံကိုပဲ ယိုးစွပ်တတ်တဲ့ ဝသီတွေကိုလည်း ပြောင်းလဲကြဖို့ လိုအပ်တယ်လို့ လက်ခံထားပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးနိဂုံး အတွက်တော့ ကံ ဆိုတဲ့ စကားလုံးကို ပြက်လုံးထုတ်ကြတဲ့အခါ သုံးတတ်ကြသလိုမျိုးထည့်သုံးချင်ပါသေးတယ်။ ကံဆိုးချင်တော့ ဘယ်လိုဖြစ်ခဲ့ရပြီး ကံကောင်းချင်တော့ဘယ်လိုကြုံရပြန်ရောဆိုတဲ့ အများသိ ဟာသကွက်ပါ။

ဒီလို ပေါ့ပေါ့ပါးပါး အဆုံးသတ်လိုက်ရပေမယ့် တလက်စတည်း အလေးအနက်ပြောလိုတာက၊ အသက်၊ ဘဝ၊ အနာဂတ်ကို စွန့်လွှတ်ဖို့ ဝန်မလေးကြတဲ့ တော်လှန်ပြည်သူများကြောင့်သာ နွေဦးတော်လှန်ရေး အောင်မြင်နေရတယ် ဆိုတာကိုပါ။ 

နွေဦးတော်လှန်ရေး အောင်မြင်မှုကို ကံအဆိုးအကောင်းနဲ့ တွဲဖက်မှတ်ချက် ပြုခြင်းလို့ မမြင်ကြစေလိုပါဘူး။

‘ကံဆိုးချင်တော့ အာဏာတာသိမ်းခံရပြီး၊ ကံကောင်းချင်တော့ ဘာအရည်အချင်း ဘာလုပ် ရည်ကိုင်ရည်မှ မရှိ၊ အလွန်တရာမှ ညံ့ဖျင်း၊ ဆင်ခြင်တုံတရားလည်း ကင်းမဲ့တဲ့ အာဏာရှင်အတုက အာဏာသိမ်းလိုက်တာမို့ တော်ပါသေးရဲ့’ ဆိုပြီး ဆောင်းပါးကို အဆုံးသတ်လိုတဲ့အတွက် ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar