မောင်သော်တာ- ကိုယ်တွေ ဖြစ်ခဲ့ကြတယ်
Art by Aung Htet
ကိုယ်တွေ ဖြစ်ခဲ့ကြတယ်
မောင်သော်တာ
(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၄
မိုးလင်းဆိုင်လေးတွေဟာ အဝေးပြေးလမ်းမကြီးတွေရဲ့ရင်ဘတ်ပေါ်မှာ
ရန်ကုန်မှာသာတဲ့လ ကို ကိုယ်တွေ ထိုင်ဆွေးကြတယ် ဖီးလ်ပဲ
မြတ်စိန္တေ ခြေတော်ရင်းမှာ လေညင်းလေးတွေ ဝေ့လို့သီလို့
လမ်းဘေးအုတ်ခုံလေးတွေရှိရင် ပြည်မှာဆောင်း ရှိတယ် မေမြို့မိုးရှိတယ် မောင့်လပြည့်ဝန်းရှိတယ်
တချို့တွေနေနိုင်လွန်းတယ်ကို ငါတို့ဆိုရတဲ့နေ့တွေ မမျှော်လင့်ဘဲ ရောက်လာတယ်
အမေ ကျနော်တို့မှာ ညီအစ်ကိုများစွာရှိတယ်
မုန်တိုင်းစင်ရော်လည်းရှိတယ်
ယောနသန်စင်ရော်ကို ကဗျာပြန်ရေးခဲ့ကြတယ်
အမြင့်ဆုံးမှာ ပျံသန်းခြင်းအတတ်ပညာအတွက် တောင်ပံတွေလည်း စုတ်ပြတ်နာကျင်ခဲ့ရပြီး
တချို့လည်း အသက်ပေးကြရတယ်အမေ
အမေ့အိမ်အကြောင်း ပြန်သတိရမိတဲ့အခါတိုင်း အဝေးကရထားခုတ်မောင်းသံကို ရင်ဘတ်ကြီးထဲ ကောက်ထည့်လို့
ဗင်ဂိုးရဲ့အပြာရောင်ညရေးချက်တွေကို မျက်လုံးအိမ်ထဲ ချိတ်လို့
ကိုယ်တွေ ဒူးမထောက်ပေးသ၍ ဒီ game ဟာ မပြီးဆုံးသေးဘူးမဟုတ်လား
ရက်စက်ကြမ်းတမ်းတဲ့ ထောင်ချောက်တွေ
တောချောက်သံတွေ အကျယ်လောင်ဆုံး ကြားလာရရင် ရောင်နီမြင်ရခါနီးပြီမဟုတ်လား
ပိတ်ဆို့ထားတဲ့ တံခါးချပ်တွေကို ရင်ဘတ်ဖွင့်ပြီးပြေးတိုက်ရတဲ့ပိုးကောင်လေးတွေမဟုတ်လား
တောရှင်းရတယ် လမ်းထွင်ရတယ် ဆိုတဲ့ နယ်မြေသစ်ဟာ ကိုယ်တွေရဲ့ခြေအောက်ကို ဆူးတွေချပြီးကျွေးမှာမဟုတ်လား
တစ်ခုခုဆို ခေတ်နဲ့ကိုင်ပေါက်ရပြီဆိုရင်
ကိုယ်တွေရဲ့ဦးခေါင်းတွေဟာ ခေါင်းကြောမာရမယ်မဟုတ်လား
ဒီညတွေထဲ
ကိုယ်တွေရဲ့ရင်ခေါင်းထဲက ဘယ်လိုသီချင်းကို ထိုးကလော်မှာလဲသူငယ်ချင်း
ဆေးလိပ်မီးလေး ရဲခနဲမြင်ရတဲ့ တောတွင်းတစ်နေရာမှာ ဘယ်လိုကြယ်တွေ လူဝင်စားအဖြစ်နဲ့ လင်းနေမလဲ
ကောင်းကင်သစ်ကို ဆွဲဖွင့်နေတဲ့အသက်ရှူသံတွေ ကြားရမယ်
သူတို့အိပ်မက်တွေထံမှာ အိမ်လွမ်းနာလေးတွေနဲ့
အမေအိုလွမ်းတေးကို တိုးတိုးဖွဖွ ဆိုညည်းလို့
ရန်သူရဲ့ခြေသံတွေကိုလည်း နားစွင့်လို့
7th aug 2024
-
Join Us @ MoeMaKa Telegramt.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar