လေခဏီ - ဖဒိုများနှင့် ကျားဖြန့်ပြဿနာ
လေခဏီ - ဖဒိုများနှင့် ကျားဖြန့်ပြဿနာ
(မိုးမခ) ဩဂုတ် ၂၂ ၊ ၂၀၂၄
"တော်လှန်ရေး အမြန်ဆုံး အောင်မြင်ရန်အတွက် ပြည်သူလူထု၏ ထောက်ခံမှု၊ နိုင်ငံတကာ၏ ထောက်ခံမှုနှင့် စစ်ကောင်စီတွင်း ပြိုပျက်မှုသည် အဓိကအချက်များဖြစ်" လို့ တော်လှန်ရေးအင်အားစုများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန်တို့ တွေ့ဆုံဆွေးနွေးပွဲမှာ KNU ပြောရေးဆိုင်ခွင့်ရှိသူ ဖဒိုစောတာနီးက ပြောခဲ့သည်တဲ့။
ဖဒို ပြောတဲ့အထဲမှာ ပထမအရေးအကြီးဆုံးက ပြည်သူလူထု၏ ထောက်ခံမှု။ အဲဒီပြည်သူထောက်ခံမှု ရဖို့ဆိုရင် ပြည်သူ့အခွင့်အလမ်းတွေကိုလည်း မပိတ်ပင်ဖို့ လိုမည်။ ယခုအခါတွင် ပြည်သူလူထုအတွက်ရော စစ်ရေးအသာစီးရမှုအတွက်ပါ အရေးအကြီးဆုံးကိစ္စတွေထဲမှ တခုမှာ အင်တာနက်ရရှိရေး ဖြစ်သည်။ ဖုန်းလိုင်းပင် အဖြတ်ခံထားရသည့် အခြေအနေမှာ စတားလင့်သည် အဖိနှိပ်ခံလူထု၏အလင်းရောင် ဖြစ်သည်။ စတားလင့်သည် သတင်းနှင့်ဆက်သွယ်ရေး၊ အခြားအခွင့်အလမ်းများ အားလုံး အချိန်နှင့်တပြေးညီ ပေးစွမ်းနိုင်သော နတ်လက်နက် ဖြစ်သည်။ ယင်းကယ်တင်ရှင် စတားလင့်ရှိလျှင် သတင်းစီးဆင်းမှုအပြင် စားဝတ်နေရေး၊ ထောက်ပို့ကူညီရေး၊ ကလေးတွေ လူငယ်တွေအတွက် အဆင့်မီနိုင်ငံတကာပညာရေးထိပါ လက်လှမ်းမီတော့မည်။
ဤမျှ တော်လှန်ရေးအတွက်ရော လူထု ကြံ့ကြံ့ခိုင်နှိုင်စွမ်းအထိပါ အရေးပါလွန်းသည့် စတားလင့်သည် မူရင်းဖန်တီးရှင်က ဖုန်းဆိုင်မှာ ဖုန်းရောင်းသလို ဝန်ဆောင်ပေးထားလင့်သော်ငြား ပေးကားပေး၏မရ ဖြစ်နေသည်မှာ မြန်မာပြည်။
အကြောင်းမှာ စတားလင့်သည် လူသားထုအပေါ် အဆိုးဆုံးပြစ်မှု ဖြစ်လာသည့် အွန်လိုင်းလိမ်လည်မှုကျားဖြန့်၏ အဓိကအသုံးပြုပစ္စည်း ဖြစ်လာပြီး ကျားဖြန့်လုပ်ငန်းသည် ကရင်ပြည်နယ်တွင် အားကောင်းမောင်းသန် ဖြစ်ထွန်းနေ၍ တရုတ်နှင့် ပူးပေါင်းတိုက်ဖျက်နေသော ထိုင်းနိုင်ငံမှစတားလင့်ကို တရားမဝင်ပစ္စည်းနီးနီး သဘောထားကာ ဖမ်းဆီးအရေးယူလာခြင်းကြောင့် ဖြစ်သည်။
ယခုအချိန်တွင် ဤပြဿနာသည် KNU မှာ တာဝန်လုံးလုံးရှိနေသည်။ ယခုတွေ့ဆုံမှုသည်ပင် အွန်လိုင်းမှ လုပ်ရသည်မို့ အွန်လိုင်းအရေးပါမှုကို စာဖွဲ့စရာ အကြောင်းပင်မရှိချေ။ တော်လှန်ရေးရန်ပုံငွေရရှိမှုသည်လည်း အွန်လိုင်းမှပင်။ အုပ်ချုပ်စီမံမှုလည်း အွန်လိုင်းအားပြုရသည်သာ။ လျင်မြန်မှု၊ ထိရောက်မှု၊ ကျယ်ပြန့်မှု၊ လွှမ်းခြုံနိုင်မှု၊ ဖြန့်ဝေနိုင်မှု၊ စီးဆင်းနိုင်မှု စသဖြင့် အားသာချက်အရာရာ အွန်လိုင်းသာ။ အဲသလို အစွမ်းထက်လွန်းလို့သာ စစ်ကောင်စီက ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခြင်း ဖြစ်သည်။ ရှေးယခင် တော်လှန်ပုန်ကန်မှုများ ရှုံးနိမ့်ခဲ့ရခြင်းသည်လည်း ဆက်သွယ်ရေး အားနည်းချက်ကြောင့်ပင် ဖြစ်သည်။ စစ်ကောင်စီအတွက် တခုတည်းသောအားသာချက်မှာ ဆက်သွယ်ရေးစက်များ သူ့လက်ထဲတွင်ရှိနေခြင်း ဖြစ်သည်။
အမေရိကန်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးအပေါ် သက်ရောက်မှုကြီးမားစွာ ရှိနိုင်ပါသလားဟု မေးမြန်းရာ ပဒိုစောတောနီးက တော်လှန်ရေးတစ်ခု အမြန်ဆုံးနှင့် အောင်မြင်စွာ အောင်ပွဲခံနိုင်ရန် အဓိကကျသည့် အကြောင်းအရာများစွာ ရှိသော်လည်း အခရာကျသည့် အပိုင်းမှာ နိုင်ငံတကာ၏ ထောက်ပံ့မှု၊ ပြည်သူလူထု ထောက်ခံမှုနှင့် စစ်အာဏာရှင်များအတွင်းပြိုကျနေမှု စသည့် အချက် သုံးချက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားသည်။
သူ ပြောသည့် သုံးချက် ပိုမိုအားကောင်းဖို့ အင်တာနက်နှင့် အားဖြည့်ရမည်ဆိုသည်ကိုလည်း ထူးပြောစရာမလိုပေ။
"အထူးသဖြင့် အမေရိကန်နိုင်ငံ၏ ထောက်ခံမှုသည် ပြီးခဲ့သည့် သုံးနှစ်ကျော်အတွင်း များစွာ ကြီးကြီးမားမား မတွေ့ရဟု ရိုးရှင်းစွာ ပြောရမည်" လို့ ပြောထားချက်ကို "ငါတို့ယူအက်စ်က စတားလင့် ထောက်ပံ့ထားတာထက် ကြီးတဲ့အထောက်အပံ့ရှိသေးလား" လို့ အငှားပင် ဖြေကြည့်လိုက်မိသည်။
"ကျနော်တို့ဘက်ကတော့ ဒီထက်ပိုပြီး ဘက်ပေါင်းစုံက နိုင်ငံတကာ ထောက်ခံမှုရအောင် ကျနော်တို့ လုပ်ရမယ့်တာဝန်တွေ ရှိတယ်လေ။ အဓိကကျတာကတော့ ကျနော်တို့ ပြည်သူလူထုပဲ" လို့ဆိုတဲ့ စကားအတွက်ကလဲ နိုင်ငံတကာနဲ့တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်နိုင်တဲ့ အင်တာနက်ဆက်သွယ်ရေးကပဲ ပဓာနလို့ ဆိုရမှာပင်။
"ပြည်သူလူထုများအနေဖြင့် ပြင်ပ၏ ထောက်ခံမှု ကူညီမှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြည်သူများအနေဖြင့် လုပ်ရမည့်အလုပ်ကို လုပ်ဆောင်လျက်ရှိရာ နိုင်ငံရေး၊ စစ်ရေးဟန်ချက်ညီမှု ရှိနေတယ်" ဆိုတဲ့ ပြောဆိုချက်ကတော့ ပြည်သူလူထုလဲ ပြင်ပအကူအညီလိုတယ်ဆိုတာကို ဥပေက္ခာပြုလိုက်သလို ဖြစ်နေသည်။
"လက်ရှိ အမေရိကန်၏ မူဝါဒ၊ ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ဖွဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစီအမံ၊ ဒေသန္တရအုပ်ချုပ်ရေးမြှင့်တင်ရေးနှင့် အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း KNU က ထုတ်ပြန်သည်" တဲ့။
အဲဒီစာထဲကပါသည့်အတိုင်း မူဝါဒ၊ ဒီမိုကရေစီ လိုလားသည့် တော်လှန်ရေးအင်အားစုများအကြား မဟာမိတ်ဖွဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစီအမံ၊ ဒေသန္တရအုပ်ချုပ်ရေး မြှင့်တင်ရေးနှင့် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲအတွက် ပြင်ဆင်ရေး ဆိုတာကတော့ နိုင်ငံတကာ၊ NUGနဲ့ ERO တွေကြားတင်မဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တိုင်းနဲ့ ပြည်သူတယောက်ချင်းကြားမှာပါလိုအပ်တယ်ဆိုတာရယ်၊ အဲဒီအတွက် ကြားခံပစ္စည်းက အင်တာနက်ဆက်သွယ်ရေးပဲ ဆိုတာရယ်ကို ထပ်ဆင့်လက်ခံပေးဖို့လိုပါမည်။
"ထို့ပြင် စစ်အစိုးရအပေါ် ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် အရေးကြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်းကိုလည်း အလေးပေးဖော်ပြခဲ့သည်" လို့ ဖော်ပြထားပါတယ်။ ဒါကလဲ အင်တာနက်အထူးကိစ္စရပ်ပဲ ဖြစ်ပါတယ်။
အဲဒီတော့ KNU အနေနှင့် သူတို့ ရည်ရွယ်သမျှ ပေါက်မြောက်ဖို့ဆိုရင် KNU နယ်မြေအတွင်းက ကျားဖြန့်လုပ်ငန်းကို တိုက်ဖျက်ရမယ်ဆိုတာလဲ ထူးပြောစရာလိုမယ် မထင်ပါဘူး။ ကိုယ့်နယ်ထဲမှာ နိုင်ငံတကာက သားကောင်များ လှောင်ပိတ်ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအကူအညီကို မျှော်လင့်နေတာဟာလဲ မရိုးမရည် တမျိုးတမည် သရိုးသရည် ဖြစ်စရာဖြစ်ကြောင်းပါခင်ဗျား။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar