Breaking News

စစ်ရေးအရှိန်မြင့်တက်လာတဲ့ အညာဒေသ၊ ပြည်သူ့စစ် တဖြစ်လဲ ပြည်သူ့လုံခြုံရေး နဲ့ အကြမ်းဖက်နှိမ်နှင်းရေး အဖွဲ့

မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၀ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၄


စစ်ရေးအရှိန်မြင့်တက်လာတဲ့ အညာဒေသ၊ ပြည်သူ့စစ် တဖြစ်လဲ ပြည်သူ့လုံခြုံရေး နဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့

လအတန်ကြာ ကြီးကြီးမားမား ထိုးစစ်၊ ကျေးရွာက လူနေအိမ်တွေ ရာချီ ထောင်ချီမီးတင်ရှို့တဲ့ ဖြစ်ရပ်တွေနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု သတင်းတွေ ထွက်ပေါ်လာတာ မကြားခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း အထက်ပိုင်းနဲ့ မန္တလေးတိုင်းက ဒေသအချို့တို့မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ တိုက်ခိုက်မှုတွေ ပေါ်ထွက်လာပြီးနောက် PDF တွေဘက်က စစ်ကောင်စီ အထိုင်စခန်းနဲ့ အချို့သော မြို့တွေကို သိမ်းယူဖို့ ကြိုးပမ်းလာတာတွေ တွေ့လာရပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ ထိစပ်ဆက်နေတဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းရဲ့ အချို့ဒေသတွေက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီ တပ်တွေကို ပြောက်ကျားစစ် အနေအထားနဲ့ တိုက်ခိုက်နိုင်စွမ်းရှိပြီး ယာဥ်တန်းတွေကို ကြားဖြတ် ပစ်ခတ်တာ၊ မိုင်းခွဲတိုက်ခိုက်တာ၊ မြို့တမြို့နဲ့ တမြို့အကြား၊ ရွာတရွာနဲ့ တရွာအကြား မြေပြင်ကနေ အနှောင့်အယှက်မရှိ လှုပ်ရှားကူးသန်းဖို့ မလွယ်ကူအောင် လုပ်ဆောင်နိုင်တာတွေ ရှိပေမယ့် တပ်ရင်းစခန်းတွေ၊ ဗျူဟာ စခန်းတွေကို သိမ်းယူနိုင်လောက်အောင် လက်နက်၊ ခဲယမ်းနဲ့ စစ်ဆင်ရေး အတွေ့အကြုံ လုံလုံလောက်လောက် မရှိကြသေးတဲ့ သဘောလည်း တွေ့ရပါတယ်။ 

အညာရဲ့ ပထဝီ မြေမျက်နှာပြင် အနေအထားအရလည်း မြို့တွေကို သိမ်းယူပြီး ပြန်လည် တိုက်ခိုက်သိမ်းယူ မနိုင်အောင် ထိန်းထားဖို့ အရပ်ရှစ်မျက်နှာ အကာအကွယ် စီမံရမယ့် အရေး၊ လက်နက်ခဲယမ်း လုံလုံလောက်လောက်ရ ဖို့ လိုအပ်ချက်၊ လေကြောင်းကာကွယ်ရေး စနစ်မရှိသေးတဲ့ အခြေအနေတွေက အညာမှာ မြို့သိမ်းတိုက်ပွဲတွေ သိပ်များများစားစား ပေါ်ထွက်လာခြင်း မရှိတဲ့ အဓိက အကြောင်းအချက်တွေ ဖြစ်နိုင်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမအကျော့ အစပိုင်းမှာတင် စစ်ကိုင်းတိုင်း အထက်ပိုင်းက ကောလင်းကို အမျိုးသားညီညွတ်ရေး လက်အောက်က PDF တပ်တွေက သိမ်းယူနိုင်ခ့ဲပေမယ့် ရက်သတ္တပတ် အနည်းငယ် အကြာမှာ စစ်ကောင်စီတပ်တွေက အရပ် ၈ မျက်နှာကနေ ပြန်လည်ထိုးစစ်ဆင်ပြီး လေကြောင်းကနေလည်း ကူညီတိုက်ခိုက် ပေးရာက စစ်ကောင်စီတပ်တွေ ကောလင်းမြို့ကို ပြန်လည် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်က NUG/PDF လက်နက်ကိုင် တပ်တွေအနေနဲ့ နောက်ထပ် စစ်ရေးအရ လူ၊ လက်နက်၊ အတွေ့အကြုံ စတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ပြီး အသာစီးရမယ့် အနေအထား မရောက်ခင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေကို တိုက်ခိုက်ခြင်း မပြုပဲ နေလာခဲ့ကြတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ 

အခုရက်ပိုင်းမှာတော့ ရွှေဘိုခရိုင်ထဲက တပ်ရင်းတွေ၊ NUG လက်အောက်က ပကဖ တပ်ဖွဲ့တွေ နဲ့ အခြားဒေသက တပ်ရင်းတွေပါ ပူးပေါင်းပါဝင်ပြီး ဒီပဲယင်းမြို့ကို သိမ်းယူဖို့ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ တခြားသော ပြည်နယ်တွေ၊ ဒေသတွေမှာ စစ်မျက်နှာဖွင့်ပြီး အပြင်းအထန် တိုက်ခိုက်နေရချိန်ကို အခွင့်အလမ်းကောင်း တခုအနေနဲ့ ရှုမြင်ပြီး တိုက်ခိုက်သိမ်းယူဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီပဲယင်းမြို့ကို သိမ်းယူနိုင်ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်ခြင်း မရှိတဲ့ အနေအထားနဲ့ လက်နက်ခဲယမ်း မလုံလောက်တဲ့ အခြေအနေက မြို့ကို ဆက်လက်ထိန်းချုပ်ထားဖို့ မဖြစ်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွာ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ရက်တွေမှာပဲ မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက နွားထိုးကြီးမြို့ကိုလည်း PDF လက်နက်ကိုင် တပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် နွားထိုးကြီးမြို့ကို သိမ်းယူနိုင်ခြင်း မရှိပဲ ပြန်လည် ဆုတ်ခွာပေးခဲ့ကြရတယ်လို့ သတင်းအချို့မှာ ဖေါ်ပြထားကြတာတွေ့ရပါတယ်။ 

မန္တလေး မြို့မြောက်ဘက် မန္တလေး မိုးကုတ်သွားလမ်း တလျှောက်က မြို့တွေမှာလည်း MDY-PDF က စစ်ကောင်စီ တပ်တွေကို တိုက်ခိုက်ခဲ့ပြီး တကောင်းမြို့ကို သိမ်းယူခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ မန္တလေး၊ မိုးကုတ်လမ်း၊ မန္တလေး-ပြင်ဦးလွင်-နောင်ချိုလမ်း တလျှောက်မှာ ဒေသကဖွဲ့စည်းထားတဲ့  PDF အဖွဲ့တွေ အနေနဲ့ TNLA လို တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် တို့ပူးပေါင်းပြီး တိုက်ခိုက်တာမျိုး၊ မိုးကုတ်-မန္တလေးလမ်း တလျှောက်မှာ စစ်ကောင်စီ တပ်စခန်း ငယ်တွေကို တိုက်ခိုက် သိမ်းယူတာတွေ ဇူလိုင်လ နဲ့ သြဂုတ်လထဲမှာ ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း ထဲက ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ အရာတော်၊ ချောင်းဦး၊ ဝက်လက်၊ ရွှေဘို နဲ့ မကွေးတိုင်းထဲက မြိုင်၊ ရေစကြို၊ ပခုက္ကူ၊ မြောင်တို့လို ဒေသတွေမှာ လက်နက်ကိုင် အဖွဲ့ငယ် အများအပြားရှိနေကြပြီး တခုထည်းသော စစ်ရေး အမိန့်၊ တခုထည်းသော တပ်ဖွဲ့စည်းပုံ မဟုတ်ခြင်းကလည်း နယ်မြေ၊ တပ်စခန်းနဲ့ မြို့သိမ်းယူဖို့ အခက်အခဲ အတားအဆီး တခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ လတ်တလော ဒီပဲယင်းလို မြို့အချို့ကို သိမ်းယူပြနိုင်တဲ့အချက်က စစ်ကောင်စီတပ်တွေကို စိတ်ဓါတ်ရေးအရ အောင်ပွဲရစေသလား၊ သို့မဟုတ် မြို့သိမ်းပြီး ထိန်းချုပ်ထားဖို့ အခက်အခဲကို လှစ်ဟပြလိုက်သလို ဖြစ်နေသလားဆိုတာတော့ တထစ်ချ ကောက်ချက်ချဖို့ ခက်ခဲနေဆဲ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်အကြောင်းအရာတခုကတော့ ခုရက်ပိုင်းအတွင်း ပျံ့နှံ့လာတဲ့ ထုတ်ပြန်ချက်စာတစောင်က ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှုနှိမ်နှင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ လို့ အမည်ပေးထားတဲ့ အဖွဲ့ ဖွဲ့စည်းကြောင်း စစ်ကောင်စီ ရဲ့ ထုတ်ပြန်စာဖြစ်ပါတယ်။ ပြည်သူ့စစ် ဆိုတာကို ပြည်သူ့စစ်ဆိုတဲ့ အမည် အစား ပြည်သူ့လုံခြုံရေး ဆိုတဲ့ အများပြည်သူကို စကားလုံးနဲ့ ဝါဒဖြန့်လှည့်စား ခေါ်ဆိုထားတာလို့ ယူဆရပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းခဲ့ပြီးနောက် ၆ လခန့်အကြာမှာ အဆိုပါ ဥပဒေအသက်သွင်းခြင်း အပြင် ရပ်ရွာတွေက လူထုကို စစ်သင်တန်းပေးပြီး ရပ်ရွာကို PDF တွေ တိုက်ခိုက်သိမ်းယူတဲ့အခြေအနေကနေ ကာကွယ်နိုင်အောင် ရည်ရွယ်ဖွဲ့စည်းတာမျိုး ဖြစ်လိမ့်မယ်လို့ မှန်းဆရပါတယ်။ 

စစ်ကောင်စီ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ စပြီးနောက်မှာ စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းခြင်းနဲ့ ပြည်သူ့စစ် ဖွဲ့စည်းခြင်းတွေကို ခပ်သွက်သွက်လုပ်ဆောင်လာပြီး အင်အားကြီးမားလာတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိုးစစ်ကို ခုခံကာကွယ်ဖို့ ကြိုးစားလာတာ ဖြစ်ပေမယ့် လူထုထောက်ခံမှု လက်လွှတ် ဆုံးရှုံးထားတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ အစီအစဥ်တွေက မျှော်လင့်သလို အလုပ်မဖြစ်နိုင်တော့တဲ့ အနေအထားတွေ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar