Breaking News

မျိုးသန့်ထွန်း (စစ်ကိုင်း) - ဦးနုရဲ့ ပြည်ထောင်စုလမ်းသွယ် ဆောင်းပါးထဲက လူထုဦးလှ

မျိုးသန့်ထွန်း (စစ်ကိုင်း) - ဦးနုရဲ့ ပြည်ထောင်စုလမ်းသွယ် ဆောင်းပါးထဲက လူထုဦးလှ

(မိုးမခ) ဩဂုတ် ၁၁ ၊ ၂၀၂၄

"ပြည်ထောင်စုလမ်းသွယ်" ဆိုတာ ဝန်ကြီးချုပ်(ဟောင်း)ဦးနုရဲ့ အိမ်ရှေ့က လမ်းသွယ်အမည် ဖြစ်ပါတယ်။ အမှတ်(၄၂)၊ ပြည်ထောင်စုလမ်းသွယ်၊ ဆရာစံလမ်း (ဂွတ္တလစ်လမ်း)၊ ရန်ကုန် ဆိုတာ ဦးနုအိမ်လိပ်စာ ဖြစ်ပါတယ်။ အရင်က "ဦးနုပြတိုက်" ရှိခဲ့ဖူးပါတယ်။ ဦးနုမိသားစုက ဝန်ကြီးချုပ်ဦးနု ခေါင်းချသွားတဲ့‌နေအိမ်‌လေးကို ပြတိုက်လုပ်ပေးထားတာပါ။ ထိုပြည်‌ထောင်စုလမ်းသွယ်ကို ဝန် ကြီးချုပ်(ဟောင်း) ဦးနု ကိုယ်တိုင် ပေးခဲ့တဲ့လမ်းလို့ သိရပါတယ်။

ပြည်ထောင်စုလမ်းသွယ် ဆိုတာနဲ့ ပြည်ထောင်စုကြီးကို ကိုယ်စားပြုတဲ့လမ်းတလမ်းလို့ သတ်မှတ် လို့ ရပါတယ်။  ဦးနုက ပြည်‌ထောင်စု စကားရပ်ကို အတော်‌လေး‌လေးနက်နက် သဘောထားပုံရပါတယ်။ 

ဦးနု ဆိုလိုချင်တဲ့ ပြည်ထောင်စုက "ဖက်ဒရယ် ပြည်ထောင်စု"ကို ရည်ညွှန်းလား မပြောတတ်ပါ။ ဦးနုရဲ့ "တာတေစနေသား" စာအုပ် နောက်ဆုံးအပိုင်းမှာ " ဖက်ဒရယ်ပြည်ထောင်စုမူဆိုတာ ကြောက်စရာကောင်းတဲ့မူ မဟုတ်ပါဘူး" လို့ ရေးသွားပါတယ်။ ပြည်ထောင်စုအကြောင်း အကျယ်သိချင်ရင် ဦးနုရဲ့  "ပြည်တော်သာ၊ ပြည်ထောင်စုပန်းတိုင်" (၂၀၁၃၊ စိတ်ကူး) ဆိုတဲ့ စာအုပ်ကို ဖတ်ကြဖို့ အဆိုပြုပါတယ်။

ဦးနု ရေးတဲ့ " ပြည်ထောင်စုလမ်းသွယ်က ဆောင်းပါး"ကို "မောင်နု" ကလောင်အမည်နဲ့‌ ရေးပါတယ်။

လူထုဦးလှကိုအကြောင်းပြုရေးတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ထိုဆောင်းပါးကို လူထုဦးလှကွယ် လွန်ခြင်းအမှတ်တရ "နှစ် ၉၀ ပြည့် လူထုဦးလှ( ကြီးပွားရေး၊ ဇွန် ၂၀၀၀ ပြည့်နှစ်) ထုတ်စာအုပ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

ထိုစာအုပ်မှာ လူထုဦးလှကိုလေးစားချစ်ခင်ကြတဲ့ စာပေပညာရှင်များဖြစ်ကြတဲ့ မောင်ထင်၊ မောင်နု၊ ပါရဂူ၊ တိုက်စိုး၊ ခင်ဆွေဦး၊ ခင်နှင်းယု၊ ဒေါက်တာသန်းထွန်း၊‌ ဒေါ်ကြန်၊ နတ်နွယ်၊ ကြည်အောင်၊ မောင်သာနိုး၊ မောင်စွမ်းရည် စတဲ့ စတဲ့ စာရေးဆရာကြီးများစုစု‌ပေါင်း ဆရာ ၅၅ ဦးတို့က စေတနာအပြည့်နဲ့ ဝမ်းသာအားရ ရေးပေးခဲ့ကြတာ‌ တွေ့ရပါတယ်။ ကြုံတုန်းပြောရရင် "နှစ် ၉၀ ပြည့် လူထုဦးလှ" စာအုပ်အထဲက လူထုဦးလှကို အများဆုံး ဆောင်းပါးသုံးပုဒ်နဲ့ ရေးသားဂုဏ်ပြုပေးခဲ့သူက ကျွန်တော်တို့ရဲ့‌ လေးစားချစ်ခင်ရတဲ့ ကဗျာဆရာမောင်စွမ်းရည်ပဲ ဖြစ်ပါတယ်။ ဆရာမောင်စွမ်းရည်ဟာ လူထုဦးလှနှင့် ဒေါ်အမာတို့ကိုနဲ့ လက်ရင်းသားတပည့်အဖြစ် အတူနေကြ‌တော့ ပို၍ သံ ယောဇဉ်ရှိပုံရပါတယ်။

ဦးနု၏ "ပြည်ထောင်စု လမ်းသွယ်ကဆောင်းပါး"ကို လူထုဦးလှ ကွယ်လွန်ပြီး (၃) နှစ်လောက်က ရေးခဲ့တဲ့ဆောင်းပါး ဖြစ်ပါတယ်။ ဦးနု ဆောင်းပါးသက်တမ်းက အခုဆိုရင် ၆၁ နှစ်နဲ့ လူထုဦးလှအမှတ်ရစာအုပ်သက်တမ်းက ၂၄ နှစ်ရှိပါပြီ။

လူထုဦးလှဟာ ၁၉၈၂ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒီနှစ် ဩဂုတ်လ ၇ ရက်နေ့ဆိုရင် ဦးလှကွယ်လွန်တာ ၄၂ နှစ်ရှိခဲ့ပါပြီ။ ယခုနှစ်မွေးနေ့ ဇန်နဝါရီလ ၁၉ ရက်ဆို ဦးလှအသက် ၁၁၄ နှစ်ပြည့်ပါပြီ။ လူထုဒေါ်အမာကတော့ ၂၀၀၈ ဧပြီ ၇ ရက် ကွယ်လွန်ခဲ့တော့ ဒီနှစ်ဧပြီ ၇ ရက်ရောက်ရင် ၁၆ နှစ်ရှိပါပြီ။ ဒေါ်အမာက ဒီနှစ်မွေးနေ့ နိုဝင်ဘာ ၂၉ ဆိုရင် အသက် ၁၀၉ နှစ် ရှိပါတယ်။ ဦးနုကတော့ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ၊ ၁၄ ရက်နေ့ မှာ ကွယ်လွန်ခဲ့တာပါ။ ဒီနှစ် ဖေဖေဖော်ဝါရီ ၁၄ ရက်နေ့ဆိုရင် ဦးနုလည်း ကွယ်လွန်တာ ၂၉ နှစ် ပြည့်ပါတယ်။ ယနေ့အထိ ရှိမယ်ဆိုရင် ဖေဖော်ဝါရီလ ၁၄ ဆိုရင် အသက်အားဖြင့် ၁၁၇ နှစ်ရှိပါပြီ။ အခုဆိုရင် ထိုပုဂ္ဂိုလ်ကြီး ၃ ဦးဟာလူ့လောကကြီးထဲမှာ သင်္ခါရတရားသဘောအရ မရှိကြတော့ပါဘူး။ အသက်အားဖြင့် ဦးနုက ဦလှ ထက် ၃ နှစ် ကြီးပါတယ်။ 

ဒါကြောင့် ဦးလှ က ဦးနုကို "ကိုကြီးနု" လို့ သူ့အစ်ကိုကြီးတစ်ယောက်လို့ ခေါ်လေ့ရှိပါတယ်။ ဦးနုကလည်း သူ့ညီအရင်းလိုပဲ "ကိုလှ" လို့ ခေါ်‌ပါတယ်။  မဟာဆွေကတော့ "ညီလှ" လို့ ချစ်စနိုးခေါ်ပါတယ်။

ဦးနုနဲ့ ဦးလှ ဟာ ပြည်ထောင်စုထဲက လူသားတွေ မဟုတ်ပါလား၊ ဒါပေမဲ့ သာမန် လူပုဂ္ဂိုလ်တွေတော့မဟုတ်ကြပါဘူး။ ကျွန်တော်တို့ ချစ်ခင်လေစားကြည်ညိုတဲ့ ပုဂ္ဂိုလ်‌တွေထဲက ထိပ်ဆုံးပုဂ္ဂိုလ်နှစ်ဦး ဖြစ်‌နေပါတယ်။ ဦးနုက နာမည်နဲ့လိုက်အောင် နုပါတယ်။ ဦးနုဟာ "ဦးနှောက်ထက် နှလုံးသားကြီးသူ" လို့ နာမည်ကြီးပါတယ်။ ဦးလှက နာမည်နဲ့လိုက်အောင် စိတ်‌ဓာတ်‌ရော လူရော လှပါတယ်။ စိတ်ဓာတ်ကလည်း သိမ်‌မွေ့လှပါတယ်။ သူတို့နှစ်ဦးဟာ ကိုယ်‌ခန္ဓာအချိုးအစားကလည်း နုပျိုပြီး ပြေပြစ်ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ သူတို့မျက်နှာတွေက လူတကာက မြင်တဲ့အခါ ချစ်ခင်‌လေးစားစရာကောင်းတဲ့ ရုပ်အဆင်းအင်္ဂါရှိသူတွေ ဖြစ်ကြပါတယ်။ လူရိုသေ ရှင်ရိုသေရှိတဲ့ ရုပ်မျိုးပါ။

သူတို့နှစ်ဦးဟာ  တစ်ဦးက ပြဇာတ်ဆရာ၊ စာရေးဆရာ၊ နိုင်ငံ‌ရေးသမား၊ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုအဖြစ် လူပြည်ကိုရောက်လာခဲ့ပါတယ်။ နောက်တစ်ဦးက သတင်းစာဆရာ၊ ပုံပြင်‌ရေးဆရာ၊စာရေး ဆရာ၊ ကြီးပွားရေးစာအုပ်တိုက်၊ လူထုစာအုပ်တိုက်ပိုင်ရှင် လူထုဦးလှဆိုပြီး ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။ သူတို့နှစ်ဦးက စာပေဝါသနာထုံပါတဲ့ ပါရမီရှင်‌တွေ ဖြစ်ကြပါတယ်။အနုပညာရှင် စာပေပညာရှင်တွေလို့ ပြောလို့ရပါတယ်။ တကယ့်ညီအစ်ကိုအရင်းတွေလို ချစ်ကြခင်ကြသူတွေပါ။ လူထုဦးလှရဲ့ တိုင်းရင်းသားပုံပြင်စာအုပ်တွေဟာ ပြည်ထောင်စုကြီးအတွင်းထဲက တိုင်းရင်း သားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာသို့ သိအောင် ဖော်ထုတ်တဲ့ နေရာမှာစံထားခဲ့တဲ့ စာပေတွေ ဖြစ်ပါတယ်။

တစ်နေ့မှာ  ဦးလှက ဦးနုကို အိမ်အထိ လာခေါ်ပါတယ်။ လာ‌ခေါ်တဲ့အ‌ကြောင်းက ဒေါ်အမာရဲ့ကိုယ်တစ်ပိုင်းပုံတူ ရုပ်တုကို ဦးနုကို ပြဖို့၊ ကြည့်ဖို့ ဖြစ်ပါတယ်။ ဒေါ်အမာရဲ့ ပုံတူရုပ်တုကို ပန်းပု ဆရာကြီးဦးဟန်တင်က ထုပေးပါတယ်။ ထိုအချိန်က ဦးနုက အစည်းအဝေးတစ်ခုကြောင့် ဒေါ်အမာ ရုပ်တုကို သွားမကြည့်လိုက်ရပါဘူး။ ဒါပေမဲ့ ကိုလှနဲ့ စကားပြောဖြစ်ကြပါတယ်။ ဦးနုက ဒေါ်အမာကို နှမတစ်ယောက်လို ချစ်ပါတယ်။ ဒေါ်အမာကလည်း ဦးနုကို အစ်ကိုကြီးတစ်ယောက်လို လေးစားကြည်ညိုပါတယ်။ ဦးနုက ပြောတယ် "ကိုလှရေ တူတယ်ဆိုတာ အမာနဲ့တကယ်တူသလား၊ ကျွန်တော် မကြာခဏပြောနေတဲ့ သတ္တိဟာ သူ့ပုံတူ မျက်နှာမှာ အထင်းသားပေါ်မနေရင်ဘယ်သူပဲထုထု ကျွန်တော်က ပုံတူလို့ အသိအမှတ် မပြုဘူး"လို့ ဦးနုက ဆိုပါတယ်။ ဦးလှကလည်း "ကိုကြီးနု အဲဒီသတ္တိဟာ အထင်းသား ပေါ်နေတယ်။ အဲဒါ ပြချင်လို့ ကိုကြီးနုကို ကျွန်တော် လာခေါ်တာ" လို့ပြောပါတယ်။ နောက်မကြာခင် ဦးနုလည်း မန္တလေးကို ရောက်တဲ့အခါ ဒေါ်အမာရဲ့ ပုံတူရုပ်ထုကို သွားကြည့်ပါတယ်။ ထိုအခါ ဦးနု က သူ ပြောတဲ့ သတ္တိဟာ အထင်းသားပေါ်နေတာကို တွေ့ရလို့ အလွန်ဝမ်းသာကြောင်း ပြောပါတယ်။ ဒါဟာ ဦးနုကလည်း ဒေါ်အမာအပေါ် ချစ်ခင်လေးစား စိတ် ဘယ်လောက်ရှိတယ်ဆိုတာ အထင်းသားပြနေပါတယ်။

ဦးလှ နဲ့‌ ဒေါ်အမာ အစ ဘယ်လိုတွေ့ကြသလဲ ‌ဆိုတာ ဦးနု က ဒီလို ရေးပါတယ်။ ဒီ‌နေရာမှာ ကိုကြီးနု ခေါ်တဲ့ အတိုင်း ကိုလှ၊ မအမာ လို့ရေးပါမယ်။ရေးခွင့်ပြုပါ။

၁၉၃၆ ခုနှစ်မှာ တက္ကသိုလ်သမဂ္ဂအသင်းက‌ ခေါင်းဆောင်တဲ့ တက္ကသိုလ်သပိတ် ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီသပိတ်ထဲမှာ တစ်နေ့သောအခါ ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဖြစ်လာမယ့် ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းသူခေါင်းဆောင်တွေလည်း ပေါ်လာခဲ့ပါတယ်။ ကျောင်းသူ ခေါင်းဆောင်တွေထဲမှာ မအမာလည်း ပါခဲ့ပါတယ်။ ထိုသပိတ်‌မှောက်ပွဲဟာညချမ်းအချိန်ရောက်ရင် ကျောင်းသူ ကျောင်းသား ခေါင်းဆောင်တွေက ရွှေတိဂုံစေတီရဲ့ ရင်ပြင်ပေါ်က ရာဟုထောင့်မှာ တရားဟောကြပါတယ်။ 

အဲဒီထဲက ကျောင်းသူ မအမာ(ဒေါ်အမာ)ဟာ နိုင်ငံရေးတရားဟောကောင်းတယ်လို့ ကျော်ကြားပါတယ်။ တက္ကသိုလ်ကျာင်းသူ မအမာဟာ သတ္တိလည်းရှိတယ်။ ပရိသတ်ကို စကားပြောရာမှာ သူပြောချင်တဲ့ စကားတွေကို တခုပြီးတခု အစီအစဉ်တကျနဲ့ ပြောတတ် ဆိုတတ်ပါတယ်။ အဲဒီတရားပွဲ‌တွေမှာ မအမာ ကို အတော်လူကြိုက်များပါတယ်တဲ့။  ကိုလှဟာ ထိုတရားပွဲကို ညစဉ်ညတိုင်း  ‌ရောက်လာပါတယ်တဲ့။ အစပထမနေ့မှာ ကိုလှက မအမာ စကားပြောကောင်းတယ်လောက်သာပြောပါတယ်။ နောက်နေ့ တစ်ပွဲ နှစ်ပွဲလည်းပြီးတော့ မအမာရဲ့ နေပုံထိုင်ပုံ ဣန္ဒြေရှိတယ်လို့ ကိုလှမှတ်ချက်ပေးပါတယ်တဲ့။ နောက်ထပ် သုံးပွဲမြောက် နားထောင်လည်းပြီးရော မြားနတ်မောင်ဟာ ဘယ်လိုများ အလစ်မှာ မြားနဲ့ ဝင်ပစ်သွားတယ် မပြောတတ်ဘူးတဲ့။‌ မအမာကို လက်ထပ်မယ်လို့ ကိုလှ ဆုံးဖြတ်ချက်ချပြီး မအမာ(ဒေါ်အမာ)ရဲ့ မိဘတွေဆီကို နားဖောက်ပါ‌တော့တယ်။ ကိုလှက ရန်ကုန်က မအမာက မန္တလေးက။ တကယ်ဆို လက်ထပ်ပြီး သျှောင်နောက်ဆံထုံးပါ မူအရ မအမာဟာ ကိုလှနဲ့အတူ ရန်ကုန်မှာ နေရပါမယ်။ အခုတော့ ဒီမူအတိုင်း မဟုတ်ဘဲ ဆံထုံးနောက် သျှောင်ပါဆိုတဲ့ မူအရ ကိုလှဟာ မအမာနဲ့ အတူနေရအောင် မန္တလေးကို ပြောင်းသွားပါတယ်တဲ့။ ကိုကြီးနု(ဦးနု)တို့ဘက်က ကြည့်တော့ ရန်ကုန်က လူတော်လူကောင်းတစ်ယောက် ဆုံးရှုံးသွားပေမယ့် မန္တလေးက လူတော်လူကောင်း အမြတ်ရလိုက်တယ်လို့  မန္တလေးသူ မန္တလေးသား၊ ရန်ကုန်သူ ရန်ကုန်သား မိတ်ဆွေများက ဝမ်းမြောက်ဝမ်းသာ ခံစားရပါတယ်။

တစ်ဖက်ကလည်းကြည့်ရင် ဒေါ်အမာရဲ့ တက္ကသိုလ်ကျောင်းသူဘဝ၊ ၁၉၃၆ သပိတ်ကျောင်းသူဘဝ၊ အင်းလျားဆောင်သူဘဝ နိုင်ငံရေးလှုပ်ရှားမှုဘဝတွေနဲ့ ဦးနုကလည်း နိုင်ငံရေးသမားများလေးစားတဲ့ ကိုကြီးနု ဘဝ ဖြစ်ခဲ့ပါတယ်။ 

ထိုအချိန်က ကိုကြီးနုက မအမာရဲ့ သတ္တိကို ၁၉၃၆ ခုနှစ်က ကျောင်းသားသပိတ်မှာ အထင်အရှားတွေ့ခဲ့ရပါတယ်။ ဒေါ်အမာဟာ တက္ကသိုလ်ကျောင်းသူ၊ အင်းလျားအ‌ဆောင်သူဘဝ၊ သပိတ် မှောက်ကျောင်းသူဘဝကပင် သူ မှန်တယ်ထင်ရင် ဘယ်လောက်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်လျှော့မပေးဘူး၊ သတ္တိရှိရှိ ပြောချလိုက်တာကို ဦးနုက‌ ချီးမွမ်းပါတယ်။ ဦးလှဟာ ၁၉၃၄ လောက်က ကြီးပွား ရေးမဂ္ဂဇင်းတိုက်ကို စတင်ထူထောင်ပါတယ်။ ထိုအချိန်ကတည်းက မအမာဟာ "ခင်လဝင်း" ကလောင်အမည်နဲ့ ဘာသာပြန်စာများကို ကြီးပွားရေး မှာ ရေးနေပါတယ်။

ကိုလှဟာ တက္ကသိုလ်မ‌ရောက်ခဲ့ဖူးပေမဲ့ သိပ္ပံမောင်ဝ ခေါ်  ဦးစိန်တင်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် တို့ စတဲ့ ခေတ်စမ်းစာပေ ဆရာတွေနဲ့ ရင်းအနှီးကျွမ်းဝင် ရှိခဲ့ပါတယ်။ ဦးလှရဲ့ ကြီးပွား‌ရေးမဂ္ဂဇင်းမှာ ထိုခတ်က ခေတ်စမ်းစာ‌ရေးဆရာများက သမိုင်းဝင်စာပေတွေကို ပါဝင်ရေးသားကြပါတယ်။

အစက ဗမာပြည်ရဲ့ ကျောင်းသားနိုင်ငံရေးမှာ ဦးလှမပါဝင်ခဲ့ပေမဲ့ နောက်အပိုင်း ဗမာ့လွတ်လပ်ရေးအတွက် မန်း-ဖဆပလအဖွဲ့ချုပ်က‌နေ ဦးဆောင်ခဲ့ လုပ်ကိုင်ပေးခဲ့တာတွေဟာ ဗမာ့နိုင်ငံရေးသမိုင်းမှာ ချန်ထားလို့မရတဲ့ အထောက်အထားတွေ ရှိပါတယ်။ 

ရန်ကုန်မှာ ကိုလှ ဟာ လူငယ်ကြီးပွားရေးမဂ္ဂဇင်းတိုက်ကို ၁၉၃၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ထို့ကြောင့် ဦးလှ ကို လူအများက "ကြီးပွားရေးဦးလှ "လို့ သိကြပါတယ်။ သခင်ကိုယ်‌တော်မှိုင်း (မစ္စတာမောင်မှိုင်းနဲ့ရေး) သိပ္ပံ‌မောင်ဝ၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ပီမိုးနင်း၊ မဟာဆွေ၊ ဦးသိန်း၊ ဦးထွန်းတင် (ဘီအေ-ဘီအယ်)၊ ဦးတင့်ဆွေ(ဘီ‌အေ-ဘီအယ်)၊ ခင်လဝင်း(နောင် လူထုဦးလှ ဇနီး လူထုဒေါ်အမာ) စတဲ့ စာပေပညာရှင် ဖြစ်လာမယ့်သူများက ဦးလှထုတ်‌ဝေတဲ့ ကြီးပွားရေးမဂ္ဂဇင်းအထဲမှာ ကလောင်အမည်အမျိုးမျိုးနဲ့ လစဥ်မှန်မှန် ရေးသားသူ‌တွေ ဖြစ်ကြပါတယ်။ ထိုခေတ်က လူငယ်ကြီးပွားရေးမဂ္ဂဇင်းရဲ့ ဦးစီး ပဲ့ကိုင်ရှင် ဦးလှရဲ့ ပရဟိတစိတ်ဓာတ်ကို လူငယ်တွေက စိတ်ဝင်စားလို့ ကျော်ကြားလာခဲ့ပါတယ်။ ကျောင်းသား နိုင်ငံရေးသမားတွေ ဖြစ်တဲ့ကိုကြီးနု၊ ကိုအောင်ဆန်း၊ ကိုသန်းထွန်း၊ ကိုသိန်းဖေ(မြင့်) တို့ စတဲ့သူတွေနဲ့ အကြောင်းအသိပေါင်းသင်းကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။

နောက်ပိုင်းမှာ လူထုဦးလှ (၁၉၁၀-၁၉၈၂) နဲ့ ဒေါ်အမာ (၁၉၁၅ - ၂၀၀၈) တို့ဟာ လူထုသတင်းစာ ဆရာ၊ လူထုစာရေးဆရာ၊ ကြီးပွားရေးစာအုပ်တိုက်၊ လူထုစာအုပ်တိုက် ပဲ့ကိုင်ပိုင်ရှင်တွေ ဖြစ်လာခဲ့ပါတယ်။

ကိုကြီးနုဟာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ဖြစ်လာခဲ့ပါတယ်။ ဝန်ကြီးချုပ် မဖြစ်ခင်က ဦးနုဟာလက် ဝဲနိုင်ငံရေးသမား၊ ၁၉၃၆ ဒုတိယကျောင်းသားသပိတ် ခေါင်းဆောင်၊ ပြဇာတ်ရေးဆရာ၊စာရေး ဆရာ၊ ကျောင်းဆရာ (ပညာဝန်ဦးဖိုးကျားရဲ့ စေခိုင်းချက်အရ ဆရာလုပ်)၊ စာရေးဆရာ၊ နဂါးနီစာအုပ်အသင်း ထူထောင်သူ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းသူ အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သူ ဖြစ်ပါတယ်။ ဦးနုရဲ့ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းအရာမှာ ကိုအောင်ဆန်း (နောင် ဗိုလ်ချုပ်အောင်ဆန်း)၊ ကိုသန်းထွန်း(နောင် သခင်သန်းထွန်း)၊ ကိုစိုး(သခင်စိုး)၊ ကိုသိန်းဖေ(သခင်သိန်းဖေ(မြင့်)၊ ကိုကျော်ငြိမ်း (ဒုဝန်ကြီးဦးကျော်ငြိမ်း)၊ ကိုဗဆွေ (ကျားကြီးဗဆွေ၊ ဝန်ကြီးချုပ် ဦးဘဆွေ) စတဲ့ ထင်ရှားကျာ်ကြားတဲ့ နိုင်ငံရေးသမားတွေနဲ့ အတူ လက်တွဲကာ ညီညီညွတ်ညွတ်ဆောင်ရွက်ခဲ့ပါတယ်။

ဦးနုရဲ့ "ပြည်ထောင်စုလမ်းသွယ်က" ဆောင်းပါးမှာ လူကောင်းတယောက်ဖြစ်တဲ့ ဦးလှကို ၁၉၅၃ က ပြည်ထဲရေးဝန်ကြီး ဗိုလ်ခင်မောင်လေးက ထောင်ချဖူးခဲ့တဲ့အဖြစ်အပျက် ရှိခဲ့ပါတယ်။ ထိုအချိန်က ဝန်ကြီးချုပ်က ဦးနုကိုး။ ဦးနုက သူ့ကိုယ်သူ (၂) တရားခံလို့ ရေးပါတယ်။ ထိုအချိန်ကသတင်းတစ်ပုဒ်နဲ့ ဦးလှကို ပုဒ်မ-၅ နဲ့ ဖမ်းဆီးအရေးယူတာကို ဦးနုက ဟန့်မတားလိုက်နိုင်ခြင်းအတွက် နောင်တရကာ ဘဝသံသရာမှာ ထိုအမှား ထိုအပြစ်ကို  ပြန်လည်ခွင့်လွှတ်ဖို့ တောင်းပန်တဲ့အကြောင်း ဦးနုက ရေးတာဖြစ်ပါတယ်။ ဦးနုဟာ Devoted Buddhist တစ်ဦး ဖြစ်ပါတယ်။ တကယ်တော့ ဦးနုဟာ ဘုရားဆုပန်တဲ့သူ ဖြစ်‌နေပါတယ်။ ဦးနုဟာ ဦးလှကို ထောင်ချခဲ့တဲ့အပြစ်အတွက် တောင်းပန်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

ထိုအချိန်က "ကိုလှဟာ လူကောင်းတစ်ယောက် ဒီလိုမလုပ်ကြပါနဲ့ကွာ" လို့ ဦးနုက တားနိုင်ပါတယ်။ သို့သော် ဦးနုက ဦးလှကို ဖမ်းတာကို တုံဏှိ‌ဘောလုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ဦးလှကို တောင်းပန်ဖြစ်ပါတယ်။ နေရာက မန္တလေးဘူတာကြီးမှာ ဖြစ်ပါတယ်။ ဦးနု က မန္တလေးကနေ ရန်ကုန်ပြန်တဲ့အခါ သူ့ကို ဧည့်သည်အချို့က လိုက်ပို့ပါတယ်။ ထိုအထဲမှာ လူထုဦးလှ လည်း ပါပါတယ်။ ဦးနုက လူထုဦးလှကို မြင်ပါတယ်။ ဦးလှ ဆီကို ခပ်သုတ်သုတ်သွားပြီး လူတွေကြားထဲက တောင်းပန်ပါတယ်တဲ့။ ဦးနုက ဦးလှကို တောင်းပန်တဲ့အခါ ဦးလှ က အံ့အားသင့်နေပါတယ်။ ဦးလှ ပြန်ပြောတာက "ကျွန်တော် သင်ပုန်းချေပါပြီး ကိုကြီးနု၊ ဒါတွေကို မပြောနေပါနဲ့၊ ကိုကြီးနု၊ ကျွန်တော် ခွင့်လွှတ်ပါတယ်။ ကျွန်တော် သည်းခံပါတယ်။ မပြောပါနဲ့ ကိုကြီးနု"လို့ ဆိုပါတယ်။ ဦးနု ဘေးနားမှာ လူတစ်ယောက်က "ကိုကြီးနု မီးရထားထွက်တော့မယ်၊ မီးရထားပေါ်မြန်မြန်တက်ပါ" လို့ သတိပေးရာ "ထွက်ထွက်ကွာ!" လို့ ဦးနုက ဒေါနဲ့ ပြောပါသတဲ့။ နောက်တော့ ဦးနုက ကိုလှကို လက်ဆွဲနှုတ်ဆက်ပြီး လက်ပြကာ မီးရထားပေါ် ပြေးတက်သွားခဲ့ပါတယ်။ ထိုမြင်ကွင်းဟာ ဘယ်လောက် ကျက်သရေရှိတဲ့ မြင်ကွင်းလည်း ဆိုတာ စာဖတ်သူများ ခန့်မှန်းလို့ ရလောက်ပါပြီ ထင်ပါတယ်။ 

တစ်ခါက ဝန်ကြီးချုပ်ဦးနု ဘဝနဲ့ ကျောင်းသားအချို့တွေက ဆဲဆိုဖူးသတဲ့။ ထိုအကြောင်းကို သူ့အတွင်းဝန် လုပ်ဖူးတဲ့ ဦးအုန်း က ပြောပြဖူးပါတယ်။ ဝန်ကြီးချုပ်ဦးနု ဘာပြန်ပြောသလဲ ဆိုတော့ "ကျောင်းသားက ဆဲလည်း ငါ ခံပါမယ်၊ သူတို့တွေ အရေးမယူနဲ့၊ ငါလည်း တစ်ချိန်က ဆဲခဲ့ဖူးတာပဲ"လို့ ပြန်ပြောခဲ့ပါတယ်တဲ့။ ကဲ အဲဒါတာကြည့်ပါတော့!

ဪ ....ခေါင်းဆောင်ကောင်းတို့မည်သည် မိမိလုပ်ခဲ့ပြုခဲ့တဲ့အမှားကို ဝန်ချတောင်းပန်ရန် ဝန်မလေးပါလား။ ဘဝသံသရာအတွက်ပြုလုပ်ခဲ့တဲ့ကံကြောင့် ဒီသံသရာမရှည်အောင် ဦးနုကအား ထုတ်နေပါလား ဆိုတာသိရတဲ့အတွက် အခုအခါ  သံသရာမကြောက်တဲ့သူတွေက သူတော် ကောင်းတွေကို ထောင်ချတန်းချ နေကြပါလား အများကြီး တွေ့နေမြင်နေရပါတယ်။ ဦးနု နဲ့ ဦးလှ တို့ရဲ့ ဒီအဖြစ်အပျက်ကို သင်ခန်းစာယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဦးနု နဲ့ ဦးလှ တို့နှစ်ဦး တွေ့တဲ့အခါ ဘာတွေ ပြောကြ၊ ဆွေးနွေးကြလဲလို့ ဦးနုသမီးကြီးဒေါ်စန်းစန်းနု ကို မေးကြည့်တဲ့အခါ  သာကြောင်းနာကြောင်းနဲ့ဘုရားကြောင်းတရားကြောင်းတွေ များပါတယ်လို့ ပြောပါတယ်။ ဦးလေးလှနဲ့ ဒေါ်‌ဒေါ်အမာတို့ ရန်ကုန်အလည်လာကြရင်း မန္တလေး‌ဒေသထွက် ထိုး မုန့်၊မန်း ကရေကယား၊ ပဲအမျိုးမျိုးစုံ၊ လက်ဖက်ထုပ်တွေကအစ အမျိုးအစုံ ပဲ ခြင်းကြီး ခြင်းငယ်တွေ နဲ့ဦးနု အိမ်ကိုယူလာကြကြောင်း ဦးနု သမီးကြီးအန်တီစန်းက ပြောဖူးပါတယ်။ ဦးလေးလှတို့ ဒေါ်ဒေါ်အမာတို့က ဖေဖေကို သိပ်ချစ်ကြတာလို့လည်းပြောပါတယ်။ ဖေဖေ(ဦးနု) အတွက်ဆို လူထုတိုက်ထုတ်စာအုပ်တွေကိုလည်း လက်ဆောင်ပေးခဲ့ဖူးကြောင်းပြောပါတယ်။ ဦးနု မန္တလေး ရောက်ရင်း ဦးလှက ကိုကြီးနုကို ကျန်းမာရေးဂရုစိုက်ဖို့ အတန်တန် မှာပါတယ်။ မန်းတလေးက အစားစားတွေမတည့်တာမစားဖို့  အေးတဲ့ရာသီဥတုမှာ အနွေးထည်ထူထူဝတ်ဖို့ ဆွေအမျိုးအရင်းချာလို့ စကားဆိုပါတယ်။ ဦးလှက ကိုကြီးနု မန္တလေးရောက်လို့ သူလုပ်နိုင်တာ လုပ်ပေးဖို့ သူ့ကို ခိုင်းဖို့ ပြောဆိုပါတယ်လို့ မောင်နု ဆောင်းပါးမှာ ဖတ်ရပါတယ်။

အချို့ လက်ဝဲသမား‌တွေက ၁၉၆၂ ခုနှစ်မှာ  ဦးနေဝင်း‌ ခေါင်း‌ဆောင်တဲ့ စစ်တပ်က အာဏာသိမ်းတာကို လက်ခုပ်တီးပြီး ထောက်ခံခဲ့ကြသူတွေ ရှိပါတယ်။ ထိုအထဲမှာ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ မပါဝင်ခဲ့ပါဘူး။ တချို့ လက်ဝဲနိုင်ငံရေးဆရာကြီး တချို့ကျတော့လည်း ဘယ်တုန်းကမှ သမိုင်းမပြောင်ခဲ့တဲ့ ဦးနေဝင်း (ဗိုလ်ချုပ်ကြီး)ကို တကယ့်မျိုးချစ်ကြီး၊ တိုင်းပြည်ကယ်တင်ရှင်ကြီးနှယ် ရိုသေမြတ်နိုး ဦးသုံးကြိမ်ချကြတာ တွေ့ရပါတယ်။ အချို့နိုင်ငံရေးခေါင်းဆောင်ကြီးတွေကဆိုရင် ခွေးကတတ်မှာ အိပ်ရ အိပ်ရ ကျွန်ခံပါရစေလို့ ကြွေးကြော်ခဲ့ပါတယ်။ စာရေးဆရာကြီးတစ်ဦးဆိုရင် ဥက္ကဋ္ဌကြီးက အယ်ဒီတာချုပ် နေရာပေးပြီး သူ မကျေနပ်တဲ့အခါ ထိုနေရာက ကန်ချလိုက်တာ မီရာရထားနဲ့ အမြန်ပြေးရတာ မဟုတ်ပါလား။ ဟိုရောက်တော့ ကြိုမယ့်သူမရှိ မျက်နှာငယ်နဲ့ ပြန်ခဲ့ရရှာတယ်တဲ့။ ဒီအချိန်မှာ လူထုဒေါ်အမာ ပြောတာလေးကို သွားသတိရမိတယ်။ "အာဏာရှင်"တို့မည်သည် ထွက်ရင် အရှင်အထွက်မထွက် ‌အသေထွက် တဲ့!"

ဝန်ကြီးချုပ်ဦးနု၊ လူထုဦးလှနဲ့‌ ဒေါ်အမာတို့ဟာ ဒီဘဝ ဒီခန္ဓာ ကင်းပျောက်ချုပ်ငြိမ်းပြီး ဘဝအသစ် ပြန်မဖြစ်ကြဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြု ရောက်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

မျိုးသန့်ထွန်း(စစ်ကိုင်း)

၂၈-၇-၂၀၂၄။

စာကိုး။

(၁) "နှစ် ၉၀ ပြည့် လူထုဦးလှ"၊ မောင်နုနှင့် အခြား--၊ ကြီးပွားရေးစာအုပ်တိုက် ၊၂၀၀၀၊ ၃၈၄-စာ။

(၂) တာတေစနေသား၊ ဦးနု၊ ဒုကြိမ်၊ ငါတို့စာပေ၊ ၂၀၁၃။ ၅၆၄-စာ။

(၃) မောင်သာနိုးရဲ့ နိုင်ငံရေးအမြင်၊ မောင်သာနိုး၊ နှစ်ကာလများစာပေ၊၂၀၁၈၊ ၃၃၂-စာ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar